Denko ဆီဆိုင်ကိုဓါးပြတိုက်ခဲ့တဲ့ အမျိုးသားနှစ်ယောက်ကို PDFတပ်ဖွဲ့ဝင်တွေလို့စစ်ကောင်စီစွပ်စွဲ
ဇူလိုင်လ၊ ၃၀ရက်။
(FactCheck) DNA-The Red Flag
မန္တလေးတိုင်း၊ ညောင်ဦးမြို့ပေါ်က DENKO စက်သုံးဆီဆိုင်ကို ပြီးခဲ့တဲ့ ဇူလိုင်လ၊ ၂၈ရက်က ဓါးပြတိုက်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေတပ်က ရဲဘော်နှစ်ဦးကို အသေဖမ်းမိခဲ့တယ်ဆိုတဲ့ သတင်းတခုလူမှုကွန်ရက်စာမျက်နှာတွေမှာပျံ့နှံ့နေပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး စစ်ကောင်စီလက်အောက်မှာလည်ပတ်နေတဲ့သတင်းဌာနတွေနဲ့ စစ်ကောင်စီလော်ဘီချန်နယ်တွေမှာ “ညောင်ဦးမြို့နယ်၌ DENKO စက်သုံးဆီဆိုင်မှ ဆီဖိုးငွေများ၊ ဆိုင်ကယ်နှစ်စီး၊ ဆီလာဖြည့်သည့် မော်တော်ယာဉ်တစ်စီးကို PDF အဖွဲ့က ယူဆောင်ပြီးဆိုင်ဝန်ထမ်းနှစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွား”ဆိုပြီးရေးသားဖော်ပြနေပြီး ပျံ့နှံ့မှုလည်းများပြားနေတာပါ။
သတင်းမှားလင့် – https://archive.ph/jyEZs
ဒီအကြောင်းရာနဲ့ပတ်သက်ပြီး MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့ကနေစစ်ဆေးကြည့်တဲ့အခါမှာ သေဆုံးခဲ့တဲ့ ရဲဘော်နှစ်ဦးက Denkoဆီဆိုင် ဓါးပြတိုက်တဲ့အမှုနဲ့သက်ဆိုင်တာမျိုးမရှိတာကိုတွေ့ရပြီး သတင်းမှားဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။
သတင်းစိစစ်ချက်
ညောင်ဦးမြို့မှာရှိတဲ့ Denkoစက်သုံးဆီဆိုင်ကို ပြီးခဲ့တဲ့ ဇူလိုင်လ၊ ၂၈ရက် ညနေ၅နာရီမှာ အမျိုးသား၆ဦးက သေနတ်တွေကိုင်ဆောင်ကာ ဆိုင်ကယ်နှစ်ဆီးနဲ့အတူ ဝင်ရောက်ဓါးပြတိုက်ခဲ့တာဖြစ်ပြီး စက်သုံးဆီရောင်းရငွေ ငါးသိန်းကျော် ၊ ဆီလာဖြည့်တဲ့ ဆိုင်ကယ် နှစ်စီး နဲ့ အိမ်စီးကား တစီး ၊ ဆိုင်ဝန်ထမ်းတွေရဲ့ ဖုန်းတွေကိုလည်း ယူဆောင်သွားတယ်လို့ People’s Spring သတင်းဌာနကရေးသားဖော်ပြထားပါတယ်။
သတင်းလင့် – https://www.facebook.com/share/p/1Y6qAujZV2/?mibextid=wwXIfr
အဲ့ဒီ Denkoဆက်သုံးဆီဆိုင်နဲ့ ၈မိုင်အကွာ ညောင်ဦး – ကျောက်ပန်းတောင်းလမ်းပိုင်း တောင်းဇင်းရွာအနီးမှာ စစ်ကောင်စီတပ်စွဲထားတာရှိသလို ညောင်ဦးမြို့မှာလည်း စစ်ကောင်စီဘက်က လက်နက်တပ်ဆင်ပေးထားတဲ့ ဓါးပြတိုက်လုယက်တဲ့ပျူအဖွဲ့လည်းရှိနေတယ်ဆိုတဲ့အကြောင်းကိုလည်း DVB TV News သတင်းဌာနက သတင်းရေးသားထားပါတယ်။
သတင်းလင့် – https://burmese.dvb.no/post/717045
ဒါ့အပြင် ကျဆုံးသွားတဲ့ရဲဘော်နှစ်ဦးကလည်း ဂန့်ဂေါဘက်ကလာတဲ့ အင်အား(၂၀၀)ခန့်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကင်းထောက်ဖို့သွားတဲ့အချိန်မှာ ထိတွေ့မှုဖြစ်ပွားပြီး ကျဆုံးခဲ့တာဖြစ်တယ်လို့ မြေလတ်အသံသတင်းဌာနက သတင်းဖော်ပြထားပါတယ်။
သုံးသပ်ချက်
ညောင်ဦးမြို့နယ်မှာ စစ်ကောင်စီဘက်က လက်နက်တပ်ဆင်ပေးထားတဲ့ ပျူစောထီးအဖွဲ့တွေရှိသလို အဲ့ဒီအဖွဲ့တွေက စစ်ကောင်စီရဲ့ စသုံးလုံးအဖွဲ့တွေနှင့်ပူးပေါင်းပြီး ဓားပြတိုက်၊ လုယက်မှုတွေ ကျူးလွန်လေ့ရှိပါတယ်။
ဒီလိုဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး DVB သတင်းဌာနက “၂၀၂၄ နိုင်ဝင်ဘာ ၂၉ ရက်မှာ စစ်ကောင်စီ စသုံးလုံးနဲ့ ပေါင်းပြီး ဓားမြမှုတွေမှာပါဝင်နေတဲ့ ပျူစောထီးတဦးကိုလည်း ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးရမီခဲ့ကြောင်း ပြောဆိုမှုကို” သတင်းဖော်ပြထားပါတယ်။
သတင်းလင့် – https://burmese.dvb.no/post/680152
ဒါ့ကြောင့် ပြည်သူ့ဒီမိုကရက်တစ်တပ်တော်(PDA) ရဲဘော်နှစ်ဦးက ဓါးပြတိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီကလိုက်လံရှင်းလင်းလိုက်တယ်ဆိုတဲ့ သတင်းအကြောင်းအရာမှာ မှားယွင်းနေ ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။
ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck @gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
#DNA #DNAFactCheck #FactCheck #PDO/PDF #pdf #military #ပျူစောထီး #ညောင်ဦး