ဟင်္သာတမြို့နယ်မှာသမချေးငွေ ကြွေးကျန်တွေပြန်ဆပ်ဖို့ကျန်ရှိတာထက်တိုးတောင်းနေ

“ အခုဖြစ်နေတာကလေ ကိုရီးယားကားတွေထဲက ငွေးတိုးချေးစားတဲ့ လူမိုက်ဂိုဏ်းတွေပုံစံလိုမျိုးပဲ ။ဆပ်ရမယ့် ငွေတွေက ဘာကြောင့်မှန်းမသိများလာ။ ကျွန်မတို့က စစ်မှုထမ်းထောက်ပံ့ကြေးပေးရတာနဲ့ ကုန်ဈေးနှုန်းတက်တာနဲ့ အလုပ်မရှိတာနဲ့ကျောက်ကပ်တွေ နှလုံးတွေ ယူသွားလို့ရလားလို့ပဲ မေးချင်တော့တယ်”လို့ ဒေသခံ အမျိုးသမီးတဦးက ဆိုပါတယ်။

၃၀၊ ဇူလိုင်လ။

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ် သမဝါယမဦးစီး ဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာက ဟင်္သာတမြို့နယ် ကျေးရွာအုပ်စုတွေဆီ ချပေးထားတဲ့ အသေးစား၊ အလတ်စားချေးငွေ(သမချေး)တွေကို ပြန်ဆပ်ဖို့ကျန်ရှိတာထက် အဆမတန်တိုးတောင်းနေပြီး လာမယ့် ဩဂုတ်လ ၁၅ ရက်နေ့ အပြီးဆပ်ဖို့ လက်မှတ် ထိုးခိုင်းနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

“ကျွန်တော်တို့ကို သတ်မှတ်ရက်အတွင်းဆပ်ပါ့မယ်ဆိုတဲ့ ခံဝန်ကတိ လက်မှတ်ထိုးခိုင်းတယ်။ ကျွန်တော်တို့ လက်မှတ်ထိုးရတာတပတ်လောက်
တော့ရှိပြီ။ ဆပ်ရမယ့်ငွေကလည်း ကျန်နေတာထက် ၂ ဆ ၃ဆ ပိုများနေတယ်။ အတိုးရင်းပေါင်းရင်တော့ အမောင့်(ပမာဏ)က အဲ့ဒီလောက်မရှိပေမယ့် မဆပ်ရင် တရားစွဲမယ် ဖမ်းခိုင်းမယ်ပေါ့ဗျာ။ သူ့နှုတ်(ဒေါ်တင်ဇာ)ကကို ထုတ်ပြောတာပါ”လို့ သမချေးငွေ ကျေးရွာတာဝန်ခံတဦးက DNA ကိုပြောပါတယ်။

DNA က ရရှိထားတဲ့ အချက်အလက်တွေအရ ချေး ငွေဆပ်ဖို့ ငွေကျပ် ၂ သိန်းကျော်သာကျန်တော့တဲ့အဖွဲ့ကို စုစုပေါင်းငွေကျပ် ၇ သိန်းပြန်ဆပ်ဖို့အတင်း အကြပ် လက်မှတ်ထိုးခိုင်းနေပြီး အကြောင်းရင်းကိုတော့ သေချာရှင်းပြတာမျိုးမရှိဘူးလို့ သိရပါတယ်။

“အခုက ဆပ်ရမယ့်ငွေထက်အများကြီးများနေတာ။ ပြီးခဲ့တဲ့နှစ် (၂၀၂၄)ဆန်းပိုင်းတုန်းကတော့ ကျွန်တော်တို့ စုငွေထဲကနှိမ်ပြီးယူသွားတာတော့ ရှိတယ်။ တကယ်က ချေးငွေက ပြန်ဆပ်ဖို့လည်း သိပ်မကျန်ကြတော့ဘူး။ အဲ့ဒါကို အခုကဘယ်လိုတွေတွက်လို့ ဆပ်ရမယ့်ငွေတွေက များနေတာလည်း မသိဘူး”လို့ နိဗ္ဗာန်တိုက်နယ်ထဲက ဒေသခံတဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့တုန်းကလည်း ချေးငွေဆပ်ဖို့ သိန်း ၅၀ ဝန်းကျင်သာကျန်ပေမယ့် သိန်း ၂၀၀ ကျော်ဆပ်ဖို့ လက်မှတ်ထိုးခိုင်းတယ်ဆိုတဲ့ သတင်းကို DNA က ရေးသားဖော်ပြခဲ့ပါသေးတယ်။

အဆိုပါ ကာလကတည်းက ဟင်္သာတမြို့နယ်ရဲ့ ဒေသတချို့မှာ ချေးငွေတွေကို အတင်းအကြပ်တိုး တောင်းနေတာတွေ ရှိနေခဲ့ပြီး လက်ရှိအချိန်မှာတော့ မြို့နယ်တခုလုံးက ကျေးရွာတွေအားလုံးကို တင်းကြပ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

“အခုဖြစ်နေတာကလေ ကိုရီးယားကားတွေထဲက ငွေတိုးချေးစားတဲ့ လူမိုက်ဂိုဏ်းတွေပုံစံလိုမျိုးပဲ ။ဆပ်ရမယ့် ငွေတွေက ဘာကြောင့်မှန်းမသိများလာ။ ကျွန်မတို့က စစ်မှုထမ်းထောက်ပံ့ကြေးပေးရတာနဲ့ ကုန်ဈေးနှုန်းတက်တာနဲ့ အလုပ်မရှိတာနဲ့ ကျောက် ကပ်တွေ နှလုံးတွေ ယူသွားလို့ရလားလို့ပဲ မေးချင် တော့တယ်”လို့ ဒေသခံ အမျိုးသမီးတဦးက ဆိုပါတယ်။

ဒီအမျိုးသမီးဟာ ၂၀၁၃ ခုနှစ်ကတည်းက သမချေးငွေရရှိခဲ့ပြီး ကုန်စုံဆိုင်လေးအဖြစ်လည်ပတ်ခဲ့ရာကနေ ၂၀၂၃ ခုနှစ်အရောက်မှာတော့ ကုန်ဈေးနူန်းကြီးမြင့်မှုတွေကြောင့် ဆိုင်ကိုဆက်မလည်ပတ်နိုင်တော့သူ တဦးဖြစ်ပါတယ်။

ဒီချေးငွေတွေဟာ အသေးစား၊ အလတ်စားစိုက်ပျိုး မွေးမြူးရေး လုပ်ငန်းတွေ ထွန်းကားပြီး ဆင်းရဲကြပ်တည်းမှုကနေ တဆင့်တက်လာနိုင်ဖို့ ပြီးခဲ့တဲ့ အရပ်သားအစိုးရ လက်ထက်က အကောင်အ ထည်ဖော်ခဲ့တဲ့ လုပ်ငန်းဖြစ်ပါတယ်။

အစိုးရစီမံချက်အပါအဝင် ချေးငွေ ကုမ္ပဏီတွေကြောင့် ဧရာဝတီတိုင်းထဲမှာ အသေးစား၊ အလတ် စား လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်မှု အတန်အသင့်ရှိခဲ့သလို ချေးငွေမဆပ်နိုင်လို့ ထွက်ပြေးကြသူတွေလည်း ရှိခဲ့ပါတယ်။

(မတ်လ၃ရက်ကDNAရေးသားဖော်ပြခဲ့တဲ့သတင်းကိုအောက်ပါလင့်ခ်မှာဝင်ရောက်ဖတ်ရှူနိုင်ပါတယ်။)
https://www.facebook.com/share/p/1FnWiMNaBG/

#ဟင်္သာတမြို့နယ် #သမချေးငွေ #ကြွေးကျန် #ပြန်ဆပ် #ဧရာဝတီတိုင်းဒေသကြီး #DeltaNewsAgency #DNA

Delta News Agency Telegram – https://shorturl.at/lxKMR
Delta News Agency YouTube – https://shorturl.at/ahBL2
Delta News Agency Website – https://shorturl.at/ozAIM
Delta News Agency Podcast – https://shorturl.at/epwzH