ငါးသိုင်းချောင်းရောက် ရခိုင်စစ်ရှောင်တွေ နေရပ်မပြန်ဖို့ တားဆီးခံနေရ

လက်ရှိ ငါးသိုင်းချောင်းမြို့ပေါ်မှာတော့ ရခိုင်စစ်ရှောင် အိမ်ထောင်စု ရှစ်ဆယ်ကနေ တရာအကြား ကျန်ရှိနေပြီး နေရပ်ပြန်သွားသူကတော့ အနည်းငယ်သာရှိသေးတယ်လို့သိရပါတယ်။

၃၀၊ ဇူလိုင်

ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့မှာ လာရောက်တိမ်းရှောင်နေကြတဲ့ ရခိုင်ဒေသခံ စစ်ဘေးရှောင်တွေကို နေရပ်မပြန်ဖို့ စစ်ကောင်စီဘက်ကနေ ဖိအားပေးတာ၊ တားဆီးတာတွေ ပြုလုပ်နေပါတယ်။

“ဂွမြို့ ရခိုင်ဘက်က စစ်ရှောင်လာသူတွေ နေရပ်ပြန်ချင်တာကို  စကစက ခွင့်မပြုဘူး၊ ရခိုင်စစ်ရှောင်တွေကို အိမ်တိုင်ရာရောက်လိုက်ပြီး ပြန်လို့မရကြောင်း အကြောင်းကြားတာ” လို့ ရခိုင်စစ်ရှောင်တွေနဲ့ နီးစပ်တဲ့ ငါးသိုင်းချောင်းမြို့ခံတဦးက ပြောပါတယ်။

 

ပြီးခဲ့တဲ့နှစ် နှစ်ကုန်ပိုင်းမှာ ရခိုင်ပြည်နယ်တောင်ဘက်စွန်း ဂွမြို့နယ်ထဲမှာ အာရက္ခတပ်တော်(AA) နဲ့  စစ်ကောင်စီတပ်ကြား တိုက်ပွဲပြင်းထန်ခဲ့လို့ အဲဒီက ဒေသခံတွေဟာ ငါးသိုင်းချောင်းမြို့အပါအဝင် ရေကြည်မြို့နယ်ထဲက ဒေသတွေဆီ စစ်ရှောင်လာခဲ့ကြတာပါ။

တိမ်းရှောင်လာကြတဲ့အချိန်တုန်းကလည်း စစ်ကောင်စီတပ်က ရခိုင်စစ်ဘေးရှောင်တွေကို စစ်ဆေးတင်းကျပ်ခဲ့ပြီး AA နဲ့ ဆက်နွယ်မှုရှိလို့ဆိုကာ ဖမ်းဆီးခံရသူလည်း ဆယ်ချီရှိခဲ့ပါတယ်။

လက်ရှိမှာတော့ ဂွမြို့နယ်ထဲမှာ တိုက်ပွဲတွေမရှိတော့သလို ငါးသိုင်းချောင်းမြို့ဟာလည်း စစ်ရေးအရ ခြိမ်းခြောက်ခံနေရတဲ့အနေအထားရှိလို့ ရခိုင်စစ်ရှောင်တွေ နေရပ်ပြန်ချင်နေကြတာပါ။

“တကယ်လို့ ပြန်တယ်ဆိုရင် ဖမ်းလို့မိခဲ့ရင် သူပုန်နဲ့ ပူးပေါင်းကြံစည်မှုဖွင့်ပြီး ဖမ်းမယ်၊ တရားစွဲထောင်ချမယ်လို့ အုပ်ကြီးတွေက ရခိုင်စစ်ရှောင် အိမ်ထောင်စုတွေကို လိုက်လံသတိပေးတာတွေရှိတယ်” လို့လည်း ငါးသိုင်းချောင်းမြို့ခံက DNA ကို ပြောပါတယ်။

နေရပ်ပြန်ချင်နေကြတဲ့ စစ်ရှောင်ပြည်သူတွေကို စစ်ကောင်စီဘက်က ဘာလို့အခုလို တားဆီးနေတာလဲဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

လက်ရှိ ငါးသိုင်းချောင်းမြို့ပေါ်မှာတော့ ရခိုင်စစ်ရှောင် အိမ်ထောင်စု ရှစ်ဆယ်ကနေ တရာအကြား ကျန်ရှိနေပြီး နေရပ်ပြန်သွားသူကတော့ အနည်းငယ်သာရှိသေးတယ်လို့သိရပါတယ်။

“ငွေကြေးတတ်နိုင်တဲ့ သူတွေကတော့ အိမ်ငှားနေကြတာပေါ့၊ မတတ်နိုင်တဲ့သူတွေကတော့ ကျွန်တော်တို့ကူညီပေးထားတဲ့ စစ်ရှောင်စခန်း(ဘုန်းကြီးကျောင်းတွေ)၊ ကျွန်တော်တို့ ငှားပေးထားတဲ့ ဂိုဒေါင်တွေမှာ အခန်းကန့်ပြီး နေကြတယ်” လို့လည်း ငါးသိုင်းချောင်းမြို့ခံက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ လေးမျက်နှာမြို့နယ်ထဲရှိ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ပန်းတောကြီး၊ လယ်တံငယ်၊ ရေဖြူ၊ စောပြာ စတဲ့ ကျေးရွာတွေတဝိုက် ဒေသခံတွေကိုပါ ငါးသိုင်းချောင်းမြို့ အဝင်အထွက်လုပ်ရာမှာ တင်းတင်းကျပ်ကျပ် စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့သိရပါတယ်။

“အရင်က ရခိုင်ပြန်ချင်ရင် လူတယောက်ကို ကယ်ရီခ လေးသိန်းနဲ့ တောလမ်းကနေ ပို့ပေးနေတာရှိလို့ ပြန်လို့ရပေမယ့် အခုက လှည့်ကင်း၊ ပတ်ကင်းတွေနဲ့ ထွက်ပေါက်တွေ အကုန်လုံးကို ပိတ်ဆို့ထားတယ်လို့ ဒေသခံတွေပြောလို့သိရတယ်” လို့လည်း အထက်ပါ ငါးသိုင်းချောင်းမြို့ခံက ပြောပါတယ်။

လက်ရှိမှာတော့ လေးမျက်နှာမြို့နယ်နဲ့ ရေကြည်မြို့နယ်တွေထဲက ပုသိမ်-မုံရွာကားလမ်းပိုင်းအနီးတဝိုက်မှာ AA ပူးပေါင်းတပ်တွေနဲ့ အင်အားဖြည့်တင်းစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကြား စစ်ရေးတင်းမာနေဆဲဖြစ်ပါတယ်။