မိုးကုတ်က လူစည်ကားရာရပ်ကွက်တွေကိုဗုံးကြဲပြီး TNLAစခန်းလို့ စစ်ကောင်စီဝါဒဖြန့်

မိုးကုတ်က လူစည်ကားရာရပ်ကွက်တွေကိုဗုံးကြဲပြီး TNLAစခန်းလို့ စစ်ကောင်စီဝါဒဖြန့်

 

၂၀၂၅ခုနှစ်၊ ဇူလိုင်လ၊ ၃၀ရက်။

 

(FactCheck)

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းကို မနေ့က၊ မနက်ပိုင်းမှာ မင်းတံတားရပ်ကွက်နဲ့ ရွှေဘုံသာရပ်ကွက်ရှိ “စစ်သွေးကြွ TNLA/PDF စခန်းကို တပ်မတော်က လေကြောင်းဖြင့် သုံးကြိမ်တိုင် ဗုံးကြဲရှင်းလင်း” (မူရင်းအတိုင်း)ရေးသားဖော်ပြနေတဲ့ သတင်းတခုလူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။

 

ဒီသတင်းကို စစ်ကောင်စီလက်အောက် မီဒီယာတခုဖြစ်တဲ့ People Media ကနေ စတင်ဖြန့်ဝေထားပြီး ကြည့်ရှုသူ ၂၉,၄၂၄ဦး၊ reaction ပြုလုပ်သူ ၄၅၉ဦး၊ Commentရေးသားသူတဦးနဲ့ ပြန်လည်မျှဝေသူ ၁၀ဦးထိရှိနေပြီး တခြားစစ်ကောင်စီလော်ဘီချန်နယ်တွေမှာလည်း ကူးယူဖော်ပြနေတာကြောင့် ပျံ့နှံ့မှုအားကောင်းနေပါတယ်။

 

သတင်းမှားလင့်  

https://archive.ph/2ddmJ 

https://archive.ph/RyO2S 

https://archive.ph/7RnKk 

https://archive.ph/wip/gckh1 

 

ပျံ့နှံ့နေတဲ့အကြောင်းရာနဲ့ပတ်သက်ပြီး DNA Fact Check အဖွဲ့ကနေ စစ်ဆေးကြည့်တဲ့အခါမှာ ဒေသခံတွေစည်ကားသွားလာနေတဲ့ နေရာတွေကိုလေကြောင်းသုံးတိုက်ခိုက်ခဲ့တာကိုတွေ့ရပြီး တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)စခန်းကို ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်ဆိုတဲ့အကြောင်းအရာမှာ သတင်းမှားဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။

 

သတင်းစိစစ်ချက်

မိုးကုတ်မြို့အရှေ့ပိုင်း၊ မင်းတံတားရပ်ကွက်နဲ့ ရွှေဘုံသာရပ်ကွက်၊ BOC ကားကြီးကွင်းနေရာတွေကို စစ်ကောင်စီက ပေါင် ၅၀၀ဗုံး သုံးလုံး၊ ပေါင် ၂၅၀ဗုံး နှစ်လုံးနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး မင်းတံတားရပ်ကွက်က ဂျုံစက်မှာ အလုပ်လုပ်တဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးအပါအဝင် ၄ဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရရှိခဲ့တယ်လို့ Myanmar Now သတင်းဌာနက ရေးသားဖော်ပြထားပါတယ်။

သတင်းလင့် – https://shorturl.at/jaSux 

 

စစ်ကောင်စီဘက်က ဂျက်ဖိုက်တာအသုံးပြုပြီး လူနေထူတပ်တဲ့ နေရာတွေကို ၃ကြိမ်တိတိလေကြောင်းသုံးတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဗုံးကြဲတိုက်ခိုက်တဲ့အချိန်ကလည်း မိုးရွာနေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့လေယာဥ်သံကို သတိမပြုမိကြဘူးလို့ ဒေသတွင်းသတင်းတွေကဖော်ပြထားပါတယ်။

Shwe Phee Myay News Agency သတင်းလင့် – https://shorturl.at/ZzOLi 

Myanmar Pressphoto Agency သတင်းလင့် –  ​​ https://shorturl.at/oBPgH 

Shwe Phee Myay News Agency သတင်းလင့် – https://shorturl.at/vj0l5 

 

အဲဒီလိုလေကြောင်းကနေ ပေါင် ၅၀၀ဗုံး သုံးလုံး၊ ပေါင် ၂၅၀ဗုံး နှစ်လုံးနဲ့ စုစုပေါင်းဗုံး၅လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် လူသေဆုံးထိခိုက်မှုရှိတဲ့အပြင် နေအိမ် ၁၈လုံးပါ ဗုံးစထိမှန်ပျက်ဆီးသွားတယ်ဆိုတာကိုလည်း The Irrawaddy – Burmese Edition သတင်းဌာနကလည်း သတင်းဖော်ပြထားပါတယ်။

သတင်းလင့် – https://shorturl.at/LRO8c 

 

သုံးသပ်ချက်

 

မိုးကုတ်မြို့ကိုဆက်သွယ်ထားတဲ့ လမ်းတွေကိုပြုပြင်ဖို့အတွက် လမ်းသုံးခွင့်ကိုယာယီပိတ်ထားမယ်လို့

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)က ထုတ်ပြန်ပြီးတဲ့နောက်မှာ စစ်ကောင်စီဘက်အခုလိုဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

 

လေကြောင်းသုံးတိုက်ခိုက်ခဲ့နေရာတွေကို စစ်ဆေးကြည့်တဲ့အခါမှာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားတွေနေထိုင်တဲ့ နေရာဖြစ်တာကိုလည်းတွေ့ရပါတယ်။ 

 

ဒါကြောင့် TNLA/PDF စခန်းကို စစ်ကောင်စီဘက်ကဗုံးကြဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းမှာ မှားယွင်းနေပြီး သတင်းမှားဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

 

 ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

 

 စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။ 

 

DNA Fact Check  အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck@gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။

 

#DNA #DNAFactCheck #FactCheck #မိုးကုတ်မြို့ #လေကြောင်းသုံးတိုက်ခိုက်ခြင်း #အချက်လက်စစ်ဆေးခြင်း