စစ်တပ်စစ်ကြောင်းဝင်နေတဲ့ လေးမျက်နှာမြို့နယ်ထဲက ဒေသခံတွေ ပိတ်ဆို့ကန့်သတ်ခံနေရ


စစ်ကောင်စီတပ်က အင်အားဖြည့်တင်း စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ ငဝန်မြစ်တဖက်ကမ်း လေးမျက်နှာမြို့နယ်ထဲက ဒေသတချို့မှာ ဒေသခံတွေကို စားနပ်ရိက္ခာသယ်ယူတာ၊ အသွားအလာ ကန့်သတ်တာတွေကို တင်းတင်းကျပ်ကျပ်လုပ်နေပါတယ်။

၂၉၊ ဇူလိုင်။

“လူတယောက် တအိမ်ထောင်စာ ဆန်‌ခြောက်ပြည်
ထက် ပိုမသယ်ရတာ။ ဓာတ်ဆီ၊ ဒီဇယ် တပုလင်းထက် ပိုဝယ်သွားလို့မရ၊ စားဆီ ငါးဆယ်သားထက် ပိုမရ၊ ကျန်တဲ့ အစားအသောက်တွေလည်း များများသယ်ရင် သိမ်းယူတာ၊ ဖြတ်တောက်တာတွေ လုပ်တယ်” လို့ ဒေသခံတဦးက DNA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်နေ့လောက်မှာ စစ်ကောင်စီတပ်က ကုန်းလမ်း၊ ရေလမ်းကနေ ငဝန်မြစ်တဖက်
ကမ်း လေးမျက်နှာမြို့နယ်ထဲကို အင်အားရာချီ စစ်ကြောင်းထိုးလာခဲ့ပြီး အာရက္ခတပ်တော်(AA) ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ ဒေသတွေကို ပြန်လည်ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

စစ်ကြောင်းစတင်ဝင်ရောက်စဥ်က AA ပူးပေါင်းတပ်တွေ လှုပ်ရှားမှုရှိတဲ့ စောပြာရွာနဲ့ သုံးမိုင်လောက်အကွာ အောက်စုရွာနဲ့ ငဝန်မြစ်ကမ်းနံဘေးရှိ သောင်ဘုတ်ရွာဘက်မှာ တပ်စွဲခဲ့ပေမယ့် လက်ရှိမှာတော့ ဘယ်ရွာတွေမှာ တပ်စွဲထားလဲဆိုတာ အတိ အကျမသိရပါဘူး။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်မှာ စစ်ကောင်စီတပ်ရဲ့ ပုသိမ်ရေတပ် စခန်း ဌာနချုပ်ကနေ ငဝန်မြစ်ကြောင်း
အတိုင်း လေးမျက်နှာဘက်ကို စစ်သင်္ဘော သုံးစီး ဆန်တက်လာခဲ့ပြီး အဲဒီမှာ ပါလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကျုံပျော်ဘက်ကနေ ကုန်းလမ်းကလာတဲ့ စစ်ကောင်စီတပ်တွေ ပူးပေါင်းစစ်ကြောင်းထိုးနေတာလို့ ဆိုကြပါတယ်။

“အဲဒီဘက်ရွာတွေကလာရင် ထောက်ခံစာပါ၊ မပါကို ငါးသိုင်းချောင်း လှေဆိပ်မှာ စစ်တယ်။ ပါမှ ငါးသိုင်းချောင်းမြို့ထဲ ဝင်လို့ရတယ်” လို့လည်း အထက်ပါ ဒေသခံက ပြောပါတယ်။

ဒါ့အပြင် ငါးသိုင်းချောင်းကနေ ပြန်တဲ့အခါမှာလည်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေထံကနေ ထောက်ခံစာ ယူသွားရသေးတယ်လို့ သိရပါတယ်။
“ဘာအကြောင်းပြချက်နဲ့လာတယ်၊ ဘယ်သူတွေနဲ့ တွေ့တယ်၊ ဘာတွေလုပ်တယ်ဆိုတာကို ထောက်ခံ စာမှာ အသေးစိတ်ရေးပြီး ပြန်ယူသွားမှ ရွာပြန်လို့ရတယ်” လို့လည်း အထက်ပါ ဒေသခံက ပြောပါတယ်။

လက်ရှိမှာ လေးမျက်နှာမြို့နယ်ထဲက ပုသိမ်-မုံရွာကားလမ်းတလျှောက်ရှိ ပန်းတောကြီး၊ လယ်တံငယ်၊ ကျောက်စရစ်ကုန်း၊ ရေဖြူ၊ ထောက်ကြံ့ကွင်း၊ စောပြာ၊ ကျားကိုက် စတဲ့ကျေးရွာတွေဘက်မှာ AA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်ကြား စစ်ရေးဆက်လက်တင်းမာနေဆဲ ဖြစ်ပါတယ်။