ဧရာဝတီမြစ်ကမ်းဘေး အင်္ဂပူမြို့နယ်ထဲက နံကပ်ကြီးကျေးရွာမှာ စစ်သင်္ဘောနှစ်စီး စခန်းချနေ


“ညက စခ အင်အား ၅၀ လောက် ညအိပ်တယ်။ ခုချိန်ထိ သင်္ဘောတွေက ရှိနေတုန်းပဲ ။ ဟောင်ဝတ်ဇာလို့ ယူဆရတဲ့ လူနှစ်ရပ်လောက်ရှိတဲ့ အမြောက်နှစ်လက် ကျင်းတွေထဲမှာ အထိုင်ချထားတာ တွေ့တယ်”လို့ ဆိုပါတယ်။

၂၉၊ဇူလိုင်လ။

ဧရာဝတီတိုင်း ၊ မြန်အောင်ခရိုင်၊အင်္ဂပူမြို့နယ်ထဲက ဧရာဝတီမြစ်ကမ်းဘေးမှာ ရှိတဲ့ နံကပ်ကြီးကျေးရွာကို မနေညနေက စစ်သင်္ဘောနှစ်စီး ရောက်လာခဲ့ပြီး စခန်းချနေတယ်ပါတယ်။

“နံကပ်ကြီးမှာ စစ်သင်္ဘောနှစ်စီးရောက်နေတယ်။ရွာသားတွေကို သဲအိတ်တွေ လုပ်အားပေးခိုင်းပြီး ခံစစ်သဘော ပြင်နေတယ်။အမြောက်ကြီးလည်း ချိန်ထားတယ်”လို့ ဒေသခံအမျိုးသမီးတဦးက DNA ကိုပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး အင်္ဂပူမြို့နယ်က ပအဖ အဖွဲ့ဝင်တဦးကလည်း စစ်သင်္ဘောနှစ်စီး ဧရာဝတီမြစ်ကြောင်းအတိုင်း နံကပ်ကြီးမှာအထိုင်ချဘန်ကာ ဆောက်ထားတဲ့အကြောင်း လက်နက်ကြီး ၂ လက် တပ်ဆင်ထားကြောင်း အတည်ပြုပေးခဲ့ပါတယ်။

ဒီနေ့ မွန်းတည့်အချိန်အထိ အတည်ပြုချက်အရ စစ်သင်္ဘောတွေဟာ ပြန်လည်ထွက်ခွာသွားခြင်း မရှိသေးဘဲ ရွာအဝင်အထွက်ကို စစ်ဆေးမှုတွေ ပြုလုပ် နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ညက စခ အင်အား ၅၀ လောက် ညအိပ်တယ်။ ခုချိန်ထိ သင်္ဘောတွေက ရှိနေတုန်းပဲ ။ ဟောင်ဝတ်ဇာလို့ ယူဆရတဲ့ လူနှစ်ရပ်လောက်ရှိတဲ့ အမြောက်နှစ်လက် ကျင်းတွေထဲမှာ အထိုင်ချထားတာ တွေ့တယ်”လို့ ဆိုပါတယ်။

နံကပ်ကြီးကျေးရွာက ဧရာဝတီမြစ် အနောက်ကမ်းမှာ ရှိနေပြီး အခုလို စစ်သင်္ဘောတွေ ဧရာဝတီနဲ့ပဲခူးတိုင်းအကြား ရောက်လာတာက လမ်းကြောင်းပိတ်ဆို့ချင်တဲ့ သဘောလို့လည်း အင်္ဂပူဒေသခံတဦးက မှတ်ချက်ပေးပါတယ်။

“ဒီအချိန်က မြစ်ရေတက်ချိန်ဆိုတော့ ရေကြောင်းကလည်း ကျယ်နေပြီ ။တော်လှန်ရေးအဖွဲ့တွေက ရေလမ်းကနေ ပဲခူးနဲ့ ဧရာဝတီကို အဝင်အထွက်ရှိတယ်လို့ သူတို့ယူဆပုံရတယ်။ ပဲခူးဘက် အခြမ်းက သာယာဝတီဘက်ကိုလည်း ပြန်ထောက်ထားတဲ့ သဘောပေါ့”လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းထဲမှာ အခုလို စစ်မျက်နှာ ကျယ်ပြန့် လာပြီး ထိတွေတိုက်ပွဲတွေ မရှိပေမယ့် စစ်သင်္ဘောတွေရောက်လာတာကိုတော့ ဒေသခံတွေက စိုးရိမ်မှုတွေ ရှိနေပါတယ်။

“ဘယ်တော့ ဘာဖြစ်မလဲဆိုတဲ့ အတွေးတွေနဲ့ သို့လော သိုလောတွေ ဖြစ်ကြတာပေါ့။ စိုးရိမ်နေကြတာပေါ့”လို့ အသက်၅၀ အရွယ် ဒေသခံအမျိုးသမီးတဦးက DNA ပြောပါတယ်။

ဧရာဝတီတိုင်းထဲမှာ အာရက္ခတပ်တော်နဲ့ တော်လှန် ရေးတပ်ဖွဲ့တွေ ထိုးစစ်ဆင်နေတဲ့ ရေကြည်မြို့နယ်၊လေးမျက်နှာမြို့နယ်၊အင်္ဂပူမြို့နယ်ထဲက ထိတွေ့တိုက်ပွဲနေရာတွေဆီကို ငဝန်မြစ်အတိုင်း စစ်တပ်က စစ်င်္ဘောသုံးစီးကို ဒီလ ၁၄ ရက်နေ့က အင်အားဖြည့်တင်းခဲ့ပြီးနောက် မနေ့က ဇူလိုင်လ ၂၈ ရက်နေ့မှာ ဧရာဝတီနဲ့ပဲခူးတိုင်းအကြား ဧရာဝတီမြစ် ကြောင်းထဲကို စစ်င်္ဘောနှစ်စီး ထပ်မံအင်အားဖြည့် တင်းခဲ့တာ ဖြစ်ပါတယ်။