ကမ္ဘောဒီးယားဘက်ကတော့ အပစ်ရပ်ရေး သဘောတူပြီးနောက် နယ်စပ်အခြေအနေဟာ ငြိမ်သက်နေပြီး ဘာတိုက်ခိုက်မှုမှ မရှိခဲ့ဘူးလို့ တုံ့ပြန်ထားပါတယ်။
၂၉ ၊ ဇူလိုင်လ ။
အပစ်အခတ်ရပ်ဆဲရေးအတွက် နှစ်နိုင်ငံအကြား သဘောတူချက်ရယူပြီးခါမှ ထိုင်းနိုင်ငံဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့ ကမ္ဘောဒီးယားရဲ့လုပ်ရပ်ဟာ နှစ်နိုင်ငံ သဘောတူညီချက်ကို ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်နေတာဖြစ်တယ်လို့ ထိုင်းစစ်တပ်က ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
မနေ့က သန်းခေါင်ယံအချိန်မှာ ချုံအမ်မာ ၊ ချုံဘော့ ၊ ပရာဆက် တာခွယ် ၊ ဖူမာခူရယ် နဲ့ ဆမ်ဖဲယ် စတဲ့ ထိုင်းဧရိယာတွေပေါ်ကို ကမ္ဘောဒီးယားဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ထိုင်းစစ်တပ်ပြောခွင့်ရ ဗိုလ်ချုပ် ဝင်ထိုင် ဆူဗာရီက ဒီကနေ့ ဇူလိုင်လ ၂၉ရက်နေ့ မနက်ပိုင်း သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။
“ဒါက (အပစ်ရပ်ရေး) သဘောတူညီချက်ကို ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်တာဖြစ်ပြီး အပြန်အလှန်ယုံကြည်မှု စနစ်တခုကို ပျက်ပြားစေပါတယ်။ ထိုင်းစစ်တပ်အနေနဲ့ ဒီလိုလုပ်ရပ်ကို ရှုတ်ချပါတယ်” လို့ သူက ဆိုပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ ဘယ်လိုကျူးကျော်မှုကိုမှ မပြုလုပ်ခဲ့ပေမယ့် နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ မိမိတို့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့ ပြန်လည်ခုခံခဲ့တယ်လို့လည်း သူက မှတ်ချက်ပြုခဲ့ပါတယ်။
ဒါ့ပေမယ့် ကမ္ဘောဒီးယားဘက်ကတော့ အပစ်ရပ်ရေး သဘောတူပြီးနောက် နယ်စပ်အခြေအနေဟာ ငြိမ်သက်နေပြီး ဘာတိုက်ခိုက်မှုမှ မရှိခဲ့ဘူးလို့ တုံ့ပြန်ထားပါတယ်။
နှစ်နိုင်ငံနယ်စပ် ပြဿနာ အငြင်းပွားမှုကနေ စတင်ခဲ့တဲ့ စစ်ရေးပဋိပက္ခအဆုံးသတ်ရေးအတွက် ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ မနေ့က မလေးရှားနိုင်ငံမှာ တွေ့ဆုံဆွေးနွေးပြီး အပစ်ရပ်ဖို့ သဘောတူခဲ့ကြတာပါ။
သဘောတူညီချက် စတင်အသက်ဝင်ကတည်းက ထိုင်းစစ်တပ်ဟာ ပစ်ခတ်တာတွေ ချက်ချင်းရပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဇူလိုင်လ ၂၄ရက်နေ့က စတင်ခဲ့တဲ့ နှစ်နိုင်ငံအကြား တိုက်ခိုက်မှုတွေကြောင့် ထိုင်းနယ်စပ်တလျောက် ပြည်နယ် ၇ခုက လူပေါင်း ၂သိန်းနီးပါး ဘေးလွတ်ရာရွေ့ပြောင်းခဲ့ရပြီး စစ်သားနဲ့ အရပ်သား ဒါဇင်နဲ့ချီ သေဆုံးမှုတွေ ရှိခဲ့ပါတယ်။