“ အခုက လေး၊ ငါး ရက်ရှိနေပြီ။ မိုးမရပ်ရင် ဆက်တက်လာဖို့ပဲရှိမယ်။ တချို့အိမ်တွေဆို အိမ်ပေါ်တွေထိရေဝင်နေပြီမို့ ပြောင်းနေရပြီ။ ဒါက သဘာဝဘေးမဟုတ်တော့ဘူး သက်သက် အကျင့်ယုတ်တာ”လို့ကူညီဖြေရှင်းပေးနေသူ တဦးက ဆိုပါတယ်။
၂၈၊ ဇူလိုင်လ
ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်ယုန်သလင်းဘူတာရုံပိုင်ဖြစ်သူက ရေထွက်ပေါက်တခုကို ပိတ်လိုက်တာကြောင့် ဘူတာအရှေ့ဘက်ခြမ်းမှာရှိတဲ့ နေအိမ် ၃၀ ကျော်လောက် ရေနစ်မြုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီအခြေအနေကို ညှိနှိုင်းဖြေရှင်းနိုင်ဖို့ ရေနစ်မြုပ်နေတဲ့အထဲမှာပါဝင်တဲ့ ယုံသလင်းအရှေ့မြို့ကွက်၊ ဘိန်းကုန်းကျေးရွာအုပ်စု၊ စက်ကုန်းကျေးရွာတွေက ဒေသခံတချို့က ရုံပိုင်ဖြစ်သူ ဦးစိန်မင်းနဲ့ ဆွေးနွေးခဲ့ပေမယ့် ဦးစိန်မင်းကတော့ ပိတ်ထားတဲ့နေရာကို မဖွင့်ပေးနိုင်ဘူး၊ ဖွင့်တဲ့သူကိုလည်း သူ့အကြောင်းသိမယ် ဆိုပြီး ကြိမ်းမောင်းခြိမ်းခြောက်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
“အဲ့ဒီပြွန်ပေါက်က ကျွံကျသွားတာ အဲ့ဒါကို ပြန်မပြင်ပဲနဲ့ ပိတ်ပစ်လိုက်တာ။ ရထားလမ်း အောက်ကနေ ဖြတ်သွားတဲ့ ပြွန်ပေါက်ဆိုတော့ ရထားလမ်းထိခိုက်မှာစိုးလို့ ပိတ်လိုက်တာဆိုရင်လည်း ကျွန်တော်တို့ပြင်ဆိုလည်း ပြင်မယ်ပေါ့နော်။ မပြင်ဘူးဆိုရင် ရထားလမ်းကိုကျော်ပြီး ပိုက်နဲ့သွယ်ထုတ်မယ်ပေါ့။ အဲ့ဒါကို ဘယ်လိုမှ အလုပ်မခံနေတာ။ အခုက မိုးကများတော့ ရေတွေက အရမ်းတက်နေပြီ”လို့ ဒေသခံတဦးက အခြေအနေကို ရှင်းပြပါတယ်။
လက်ရှိအချိန်မှာဘူတာအရှေ့ဘက်ခြမ်းက ရေနစ်မြုပ်နေတဲ့ နေရာတချို့ကို ဖောင်တွေပြုလုပ်ပြီး သွားလာရတဲ့ အခြေအနေထိ ဖြစ်လာနေပြီး ဒီပြွန်ပေါက်ရှိနေစဉ်အချိန်က ရုတ်တရက် ရေတက်လာခဲ့ရင်တောင်မှ အချိန်ကြာကြာ ရေဝပ်နေတာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။
“အခုက လေး၊ ငါး ရက်ရှိနေပြီ။ မိုးမရပ်ရင် ဆက်တက်လာဖို့ပဲရှိမယ်။ တချို့အိမ်တွေဆို အိမ်ပေါ်တွေထိရေဝင်နေပြီမို့ ပြောင်းနေရပြီ။ ဒါက သဘာဝဘေးမဟုတ်တော့ဘူး သက်သက် အကျင့်ယုတ်တာ”လို့ကူညီဖြေရှင်းပေးနေသူ တဦးက ဆိုပါတယ်။
ယုန်သလင်း ဘူတာရုံဟာ မြန်အောင်၊ကြံခင်း နဲ့ ဟင်္သာတကို တနေ့နှစ်ကြိမ် ပြေးဆွဲနေတဲ့ ခေါက်ပြန်ရထားရဲ့ ကြားဘူတာရုံတခုဖြစ်ပါတယ်။