“ဖျာပုံခရိုင်၊ကျိုက်လတ်၁၉လမ်း အထွက်တံဘိုးကုန်းတံတား ဆိုးဆိုးရွားပျက်စီးနေပါသဖြင့်ကျောင်းသူ/သား အများပြည်သူ အန္တရာယ်ဖြစ်နိုင်ပါသဖြင့် သက်ဆိုင်ရာလူကြီးမင်းများ မြင်တွေ့သိရှိပြုပြင်နိုင်ရန် share ပေးခြင်းဖြင့်ကူညီပေးကြပါဦး ” ဆိုပြီး ဇူလိုင် ၂၄ ရက်နေ့က တံတားဓာတ်ပုံတွေနဲ့တကွ ပို့စ်တင်ခဲ့ပါတယ်။
၂၈၊ ဇူလိုင်လ။
ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင်းက ကျေးရွာတွေမှာ လမ်းပန်းဆက်သွယ်ရေး ကောင်းဖို့အတွက် ဘတ်ဂျက်ချထားပေးတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပေမယ့် လက်တွေမှာ ပျက်ဆီးနေတဲ့ လမ်းနဲ့ တံတားတွေ အများအပြားရှိနေပါတယ်။
“ ဒါကလိမ်လို့ရတာမျိုး မဟုတ်ဘူးလေနော်။ ကျွန်မတို့ ကျိုက်လတ်ကလူတွေ အကုန်သိတဲ့ မြေပြင်အခြေအနေပါ။ တချို့လမ်းတွေဆို ဗွက်က ဆိုင်ကယ်ရုန်းမရဘူး၊ တံတားတွေဆိုရင် ကားသွားဖို့ အန္တရာယ်များလွန်းတယ်။ ယိုင်နဲ့နေတာပဲ။ အပေါက်တွေ အကျိုးတွေကလည်း များသေး” လို့ ကျိုက်လတ်မြို့နယ် သာယာဝဲကျေးရွာမှာ နေထိုင်တဲ့ ဒေသခံတဦးက DNA ကိုပြောပါတယ်။
ဒီနှစ်ထဲမှာ သာယာဝဲနဲ့ ဆူးဂဏာန်းကျေးရွာအုပ်စုထဲက ပဆင – ဂွေးချောင်းကြီးကို ဆက်သွယ်ထားတဲ့ မြေသားတာလမ်းကို ချဲ့ထွင်ပြီး ကျောက်ထည့်ခြင်း လုပ်ငန်းကို ကျေးလက်ဖွံ့ဖြိုးရေး ဦးစီးဌာနက လုပ်ကိုင်နေတာတွေရှိနေပေမယ့် သိသာတဲ့ တိုးတက်ပြောင်းလဲခြင်း မရှိဘူးလို့ သူက ဆက်ပြောပါတယ်။
“ အခုဆို မိုးကလည်း ဆက်တိုက်ရွာနေတော့ သူတို့ကလုပ်လိုက်ရပ်လိုက်နဲ့ တာကိုချဲ့နေတာဆိုတော့ အဲ့ဒီနေရာတွေဆို ဗွက်တွေချည်းပဲ။ ဆိုင်ကယ်ဆို ဆင်းတွန်းရတယ်” လို့ ပြောပါတယ်။
ဒီတာလမ်းကို တိုးချဲ့ပြုပြင်ဖို့အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေနဲ့ မြို့နယ်ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူတည်ဆောက်နေတာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ငွေလုံးငွေရင်း ရံပုံငွေဟာ ဘယ်လောက်ဖြစ်တယ်ဆိုတာကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။
အဲဒီလမ်းလုပ်ငန်း ပြီးသွားမယ် ဆိုရင် ကျေးရွာ ၅၁ ရွာ၊ အိမ်ခြေ ၅၅၄၉ အိမ်၊ လူဦးရေ ၂၂၇၁၇ ဦးတို့အတွက် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန် အကျိုးပြုနိုင်မှာ ဖြစ်တယ်လို့ စစ်ကောင်စီ လက်အောက်ခံ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ဇူလိုင်လ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
ကျိုက်လတ်မြို့နယ် ဒေသခံတဦးဖြစ်သူကလည်း သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ “ ဖျာပုံခရိုင် ကျိုက်လတ်၁၉လမ်း အထွက်တံဘိုးကုန်းတံတား ဆိုးဆိုးရွားပျက်စီးနေပါသဖြင့်ကျောင်းသူ/သား အများပြည်သူ အန္တရာယ်ဖြစ်နိုင်ပါသဖြင့် သက်ဆိုင်ရာလူကြီးမင်းများ မြင်တွေ့သိရှိပြုပြင်နိုင်ရန် share ပေးခြင်းဖြင့်ကူညီပေးကြပါဦး ” ဆိုပြီး ဇူလိုင် ၂၄ ရက်နေ့က တံတားဓာတ်ပုံတွေနဲ့တကွ ပို့စ်တင်ခဲ့ပါတယ်။
ကျိုက်လတ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနကတော့ ၂၀၂၅-၂၀၂၆ ဆောင်ရွက်ဆဲလု ပ်ငန်းများနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ရန် လျာထားသည့် ကျေးလက်လမ်း၊ တံတားလုပ်ငန်းများကို တာဝန်ရှိသူတွေက ကွင်းဆင်းစစ်ဆေးခဲ့တယ်လို့ ဇူလိုင် ၂၂ ရက်က ထုတ်ပြန်ထားပါတယ်။
“ စစ်ဆေးတယ်ဆိုတာနဲ့ မရဘူးလေ။ တကယ်ပြုပြင်ပေးဖို့လိုတာ ” လို့ ကျိုက်လတ်မြို့နယ်နေ ဒေသခံတဦးက ဆိုပါတယ်။
စစ်ကောင်စီဟာ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနကို ၂၀၂၂ ခုနှစ် ဇွန်လ ၂၃ ရက်နေ့မှာ ဆောက်လုပ်ရေးဝန်ကြီးဌာနအောက်ကနေ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အောက်ကို ပြောင်းရွေ့ခဲ့ပါတယ်။