၂၈၊ဇူလိုင်လ။
မြန်မာနိုင်ငံမှာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့ကနေ စစ်တပ်အာဏာသိမ်းခဲ့တာ ယခုဆိုရင် ၅ နှစ် နီးပါးကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။စစ်တပ်ဟာ လူထုရွေးချယ်ထားတဲ့ ၂၀၂၀ခု ရွေးကောက်ပွဲ ရလာဒ်ကို မျက်ကွယ်ပြုပြီး အာဏာငန်းဖမ်း လိုက်တာပါ။
အာဏာသိမ်းပြီးစက ရွေးကောက်ပွဲကို ၆လ (သို့မ ဟုတ် ) ၁ နှစ်အတွင်း ကျင်းပပေးမယ်လို့ အသံကောင်း ဟစ်ခဲ့ပေမဲ့ လူထုရဲ့ ကြီးမားတဲ့ ဆန့်ကျင်မှုကြောင့် ဘာရွေးကောက်ပွဲမှ မကျင်းပနိုင်ဘဲ စစ်အရှုံးသမားဘဝကို ရင်ဝယ်ပိုက်ရင်း ၂၀၂၅ခုထဲကို ရောက်လာတာပါ ။ ယခုနှစ် ဒီဇင်ဘာလထဲမှာ ရွေး ကောက်ပွဲကျင်းပပေးမယ် ဆိုတာဟာလည်း တရုတ် နိုင်ငံရဲ့ ဖိအားကြောင့် ဖြစ်ပါတယ်။လားရှိုး နဲ့ အမ်းစစ်ဌာနချုပ်တွေ လက်လွတ်ခဲ့ရပြီး သွေးရူးသွေး တန်းနဲ့ ရွေးကောက်ပွဲ လမ်းကြောင်းရောက်လာတာပါ။
ရွေးကောက်ပွဲအကြောင်း မပြောမီ ပြီးခဲ့တဲ့ ၅နှစ် တာအတွင်း စစ်အာဏာရှင်အောက်က မြန်မာ ပြည် ကို ပြန်ကြည့်ရအောင်ပါ။၂၀၁၀ခုနှစ်ကစလို့ ၁၀နှစ် တာ ကာလအတွင်း စစ်တပိုင်း ဒီမိုကရေစီနဲ့ သွားနေတဲ့ မြန်မာပြည်သူတွေဟာ ဒီမိုကရေစီ ခံစားခွင့်တွေကို အတန်အသင့် ရခဲ့ပါတယ်။ ဒါပေမဲ့ စစ်တပ် အာဏာသိမ်းလိုက်တဲ့ အခါမှာတော့ ဗြုန်းဆိုတိုင်း ပြည်ဟာ ၁၉၈၈အလွန်ကာလများဆီ ပြန်ရောက် သွားပါတယ်။
အုပ်ချုပ်ရေးပိုင်းက စရရင် ရပ်ထဲရွာထဲမှာ ဘာမှမဟုတ်တဲ့ ရာအိမ်မှူးကအစ ကြောက်ရတော့တာပါ။ မလိုရင်မလိုသလို ရပ်ကွက်ရုံးခေါ်ရိုက်နှက်ကြတာမျိုးပါ။ပြည်သူလူထုဟာ ရုံးပြင် ကန္နားသွားဖို့ ငွေနဲ့လမ်းခင်းမှသာ အရာရောက် နိုင်တော့ပါတယ်။ရွေးကောက်ပွဲအတွက် စီမံချက်နဲ့ ရပ်ကွက်ထဲ မှတ်ပုံတင်လာလုပ်ပေးတာတောင် ဓါတ်ပုံရိုက်၊ဖောင်ဖြည့်ပြီး ပြန်သွားတာပါ။မှတ်ပုံတင်လိုချင်ရင် ရုံးလာယူဆိုပြီး ရုံးရောက်မှ ပိုက်ဆံတောင်းတော့တာပါ။
မူလတန်း၊အလယ်တန်းဆရာတွေကလည်း အရင် က ကိုယ့်အိမ်မှာ ပုန်းရှိုးကွယ်ရှိုး ကျူရှင်သင်ရာကနေ အခုတော့ ပြည်သူပိုင် စာသင်ကျောင်းမှာ မသင်မနေရ ကျူရှင်ကို ပြောင်ပြောင်တင်းတင်း သင်ကြတော့တာပါ။
အခြား လုပ်ပိုင်ခွင့်ရှိတဲ့ ဌာနဆိုင်ရာတွေရဲ့ အကျင့် ပျက်ပုံတွေကတော့ ပိုဆိုးလှပါတယ်။ဥပဒေတခု ညွှန်ကြားချက် ထွက်လာတာနဲ့ သူတို့စားပေါက်ပါ။
သူတို့အားလုံး တပြိုင်နက်တဲ ပြောကြတဲ့စကား ကတော့လစာနဲ့ မလောက်လို့ပါတဲ့။ဒီစကားဟာ
အာဏာရှင်သန်းရွှေ လက်ထက်က ကြားရဘူးပြီးသားပါ။မလောက်တာလည်း မပြောပါနဲ့။၂၀၂၀
တုန်းက အမေရိကန် ၁ ဒေါ်လာ ၁၃၀၀ ကျပ်ရှိရာက ယခု ၄၅၀၀ ကျပ် ရောက်လာပါပြီ။ လစာ၂သိန်းခွဲလောက် ရခဲ့တဲ့ အစိုးရဝန်ထမ်း တယောက်ဟာ ယခုဒေါ်လာဈေးနဲ့ဆိုရင် တလ ၉သိန်းလောက်ရမှလောက်ငှတော့မှာပါ။
အခြေခံစားသောက်ကုန်ကအစ ဆေးဝါးအထိ သုံးလေးဆတက်သွားတဲ့ ၅နှစ်ရာသီဗမာပြည်ကို
ဘယ်လိုအုပ်ချုပ်ခဲ့တာလဲဆိုတာ အံ့ဩစရာတော့ မဟုတ်ပါဘူး။စစ်အာဏာရှင်တွေ အုပ်ချုပ်တဲ့ နိုင်ငံတိုင်းဟာ မွဲတေစုတ်ပြတ်သွားလေ့ရှိတာ ထုံးစံပါ။
သည်တခါ အာဏာသိမ်းမှုမှာတော့ နိုင်ငံအနှံ စစ်မီးတောက်လောင်ခဲ့တာကတော့အဆိုးဆုံးပါ။
ယခင်က တိုင်းရင်းသား လက်နက်ကိုင်လောက်သာ ရှိရာကနေ ယခုတော့ ဗမာလူမျိုး လက်နက်ကိုင်တွေ အင်အားကြီးထွား လာခဲ့ခြင်းပါ။စစ်တပ်ကို လက်နက်ကိုင်ပြီးမှ တန်းတူရည်တူ စကားပြောနိုင်မယ်ဆိုတာ သိသွားကြပါပြီ။
ဝမ်းနည်းစရာ ကောင်းတာကတော့ တိုင်းပြည်ရဲ့ လူသားအရင်းအမြစ်တွေ ဆုံးရှုံးရခြင်းပါ။
ပညာတတ် လူငယ်လူရွယ် အများစုဟာ နိုင်ငံခြားကို ရောက်ရှိသွားကြပြီး အချို့ကလည်း တောထဲ
တောင်ထဲမှာ လက်နက်ကိုင် တိုက်ပွဲဝင်နေ ကြပါတယ်။လူငယ်လူရွယ်တွေ ဆုံးရှုံးရတဲ့ တိုင်းပြည်ကို
ပြန်လည်ထူထောင်ဖို့ မျိုးဆက်ပြတ်ခဲ့ရပြီ ဖြစ်ပါတယ်။
စစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲအကြောင်း ပြန်သွားရအောင်ပါ။ယခု ဇူလိုင်လကုန်တာနဲ့ စစ်တပ်ဟာ ရွေးကောက်ပွဲကျင်းပဖို့ ၂၀၀၈ အခြေခံဥပဒေအရ ကာလုံကို အာဏာပြန်အပ်ရမယ် ဆိုပါတယ်။ကာလုံဆိုတာ နိုင်ငံတော် သမ္မတပါဝင်တဲ့ အဖွဲ့အစည်းပါ။ လွှတ်တော်က ရွေးကောက်တင်
မြှောက်ထားတဲ့ သမ္မတမရှိတဲ့ တိုင်းပြည်မှာ ဘယ် ကာလုံကို အာဏာအပ်မှာလဲ။စစ်တပ်ကတော့ မဖြစ်ဘူးဆိုတာ မရှိပါဘူး။ မဖြစ်ဖြစ်အောင် လုပ်မှာပါ။
ကာလုံကို အာဏာပြန်အပ်ရင် အရေးပေါ် အခြေအ နေကို ပြန်လည်ရုပ်သိမ်းပေးရမှာ ဖြစ်တဲ့အတွက် မူလအခွင့်အရေးတွေ ပြန်ရမယ်လို့ မျှော်လင့်သူတွေလည်းရှိ ပါတယ်။ ကျားသနား မှ နွားချမ်းသာရမယ့် အခြေအနေပါ။ဟုတ်ပါပြီ။ရွေးကောက်ပွဲကို ကိုရီးယားကားလို အပိုင်းခွဲပြီး ဖြစ်အောင် ကျင်းပတယ် ဆိုပါစို့။
ဝင်ပြိုင်မယ့် ပါတီတွေက ဘာတွေ မျှော်လင့်ထားလဲ။
အိမ်မပြည့်ပြည့်အောင် ဖြည့်တဲ့ဖဲဝိုင်းမှာ ဝင်ထိုင်ရတာနဲ့ မသာအိမ်ကြီး စည်ကားသွားမှာလား။ခုပဲကြည့် ရပ်ကွက်အုပ်ချုပ်ရေးမှုးတွေကို ကြံ့ခိုင်ရေးပါတီ အမာခံတွေနဲ့အစားထိုးနေတာ။ဒါကလည်း ၂၀၁၀ ရွေးကောက်ပွဲတုန်းက အကွက်ပဲ။ ဒီအကွက် မှာ အိမ်ဖြည့်ပါတီတွေက ဘာတွေကို မျှော်လင့်ကြမှာလဲ။
ဟိုက်ဂျက်သုံးစီးကို သိန်းတရာနဲ့ ရမှာကိုလား။နေပြည်တော်မှာ မြေကွက်တွေ ထုတ်ဈေးနဲ့ ရမှာကိုလား။ ပါမစ်တွေ၊လိုင်စင်တွေ ရမှာကိုလား။
ကဲရွေးကောက်ပွဲကျင်းပ။လွှတ်တော်ခေါ်။ အစိုးရဖွဲ့။ အဲဒီ့အစိုးရကို နိုင်ငံတကာက အသိအမှတ်ပြု။အဲဒါဆို တိုင်းပြည်ကြီး ငြိမ်းချမ်းသွားပြီလား။ရှင်းရှင်းပြောရရင် ခုချိန် အန်အယ်လ်ဒီပါတီက ရွေးကောက်ပွဲ ဝင်ပြိုင်ရင်တောင် ဆေးကမမှီတော့ဘူး။
ဘာ့ကြောင့်လဲ။တိုင်းပြည်က တိုင်းရင်းသားလက်န က်ကိုင် အဖွဲ့အစည်းတွေအပါအဝင် တော်လှန်ရေး
အဖွဲ့ပေါင်းများစွာရဲ့ လက်ထဲမှာ လက်နက်တွေ ကိုင်ထားကြပြီ။ မီးပျက်မောင်းကျိုးတွေ မဟုတ် ဘူး။ အဆင့်မြင့်လက်နက်တွေ။ဘယ်လက်နက်ကိုင်
ဖြစ်ဖြစ် သူတို့လိုချင်တာမရဘဲ လက်နက်စွန့်မှာ မဟုတ်ဘူး။
ဥပမာ လွှတ်တော်ထဲ ဝင်ထိုင်နေတဲ့ အစိတ်သားကိုကြည့်။ ကိုယ့်နေရာမဟုတ်လို့ ဖယ်ပေးပါ ဆိုတာတောင်ဖယ်မပေးနိုင်တာ။ လက်နက်ကိုင်တွေ လက်နက်ချ အလင်းဝင်ဆို ဘယ်သူက ဝင်မှာတုန်း။
သည်ကြားထဲ အိမ်ဖြည့်ပါတီတွေက ဒုသမ္မတရဖို့။ဝန်ကြီးချုပ်ဖြစ်ဖို့ စိတ်ကူးယဉ်တဲ့ သူတွေက ရှိသေး။ အာဏာသိမ်းခါစက ရွေးကောက်ပွဲပြီးရင် နိုင်တဲ့သူ အာဏာအပ်မှာပါလို့ တွင်တွင်ပြောခဲ့ပြီး ရွေးကောက်ပွဲ နီးလည်းလာရော ကျနော်၅ နှစ်လောက်တော့ ဆက်လုပ်နိုင်ပါသေးတယ် ဆိုလာသူကို ဘာတွေ ယုံကြည်နေကြလဲ။
မြန်မာပေါကားထဲက စကားကို ငှားသုံးရရင်တော့ ဘာများမျှော်လင့်နေကြလဲ ဂေါင်းကြီးတို့ရဲ့လို့ ဆိုလိုက်ပါရစေ။