“တကယ်တမ်း အမှုတွဲ ၁၃ စောင်ဆိုတာ မပြောပလောက်ပါဘူး။ အရင်တုန်းက စိစစ်ထားတဲ့ NLD အစိုးရလက်ထက်မှာ မှတ်ချက်ပြုထားတဲ့ ကိစ္စရပ်တွေ အမှုပေါင်းက ထောင်နဲ့ချီပြီး ရှိတဲ့ဟာကို သူတို့ဘယ်လို လုပ်သလဲဆိုတာတော့ ကျွန်တော်မသိဘူး”လို့ ပြောပါတယ်။
၂၆၊ ဇူလိုင်လ။
စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီအစည်းအဝေးကို ဇူလိုင်လ ၂၁ ရက်နေ့မှာ ကျင်းပခဲ့ပြီး ဒီနှစ်အတွင်း ဒုတိယအကြိမ် ကျင်းပတဲ့ ဒီအစညးအဝေးမှာ မြေယာအမှုတွဲ ၁၃ ခု ဆွေးနွေးခဲ့တယ်လို့ ဖေါ်ပြခဲ့ပါတယ်။
“တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအား ကော်မတီဝင်(၉)ဦးဖြင့် ဖွဲ့စည်းကာ လုပ်ငန်းတာဝန်(၁၁)ရပ်ဖြင့် တိုင်းဒေသကြီးအတွင်း လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများကြောင့် ပြည်သူများနစ်နာမှု မရှိစေရေး အတွက် မြေသိမ်းဆည်းမှု ပြဿနာများကို လျင်မြန်စွာ ဖြေရှင်းဆောင်ရွက်ပေးလျက် ရှိတယ်”တယ်လို့လည်း တိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်မိန့်ခွန်းမှာ ထဲ့ပြောခဲ့ပါတယ်။
ဒီချုပ်အစိုးရလက်ထက် ၂၀၁၆ ခုနှစ်ကနေ ၂၀၂၀ အတွင်း လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီကို တိုင်ကြားခဲ့တဲ့ မြေယာအမှုပေါင်း ၃,၀၀၀ ကျော် ရှိခဲ့တယ်လို့ အဲဒီကော်မတီမှာ ပါဝင်ခဲ့တဲ့ ဒီချုပ်လွှတ်တော်ကိုယ်စားလှယ်က DNA ကိုပြောပါတယ်။ အဲဒီလို မြေယာအမှုပေါင်း ၃,၀၀၀ ကျော်ကို ပြန်စိစစ်လိုက်တဲ့အချိန်မှာ အမှုပေါင်း ၁,၀၀၀ ကျော် ကျန်နေသေးပြီး တချို့အမှုတွေကိုတော့ လုပ်ထုံးလုပ်နည်းနဲ့အညီ အမှုပြီးပြတ်ပြီး လက်ဝယ်ပြန်အပ်ခဲ့တာတွေ ရှိတယ်လို့ ရွေးကောက်ပွဲ ၂ ကြိမ်အနိုင်ရခဲ့တဲ့ အဲဒီ ဒီချုပ်ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။
“တကယ်တမ်း အမှုတွဲ ၁၃ စောင်ဆိုတာ မပြောပလောက်ပါဘူး။ အရင်တုန်းက စိစစ်ထားတဲ့ NLD အစိုးရလက်ထက်မှာ မှတ်ချက်ပြုထားတဲ့ ကိစ္စရပ်တွေ အမှုပေါင်းက ထောင်နဲ့ချီပြီး ရှိတဲ့ဟာကို သူတို့ဘယ်လို လုပ်သလဲဆိုတာတော့ ကျွန်တော်မသိဘူး”လို့ ပြောပါတယ်။
စစ်ကောင်စီက အာဏာသိမ်းပြီးနောက် တနှစ်ကျော် ကာလအတွင်းမှာ ပုသိမ်ထောင်သစ် ဆောက်လုပ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ သိမ်းဆည်းခဲ့တဲ့ မြေဧက ၇၀၀ ကျော် အပါအဝင် အရင် ကတည်းက သိမ်းဆည်းထားခဲ့တဲ့ ပန်းတနော်နဲ့ မြန်အောင်ဘက်မှာလည်း ဖြေရှင်းလို့ မပြီးသေးတဲ့ မြေယာသိမ်းဆည်းထားမှုတွေ ရှိနေဆဲပဲ ဖြစ်တယ်လို့ သိရပါတယ်။
“ ဒီမှာတော်တော်များများသိတဲ့ ကိစ္စက ပုသိမ်ထောင်သစ်ကိစ္စဖြစ်တယ်။ ကျွန်တော်တို့ဆီမှာတော့ တခြားနယ်ကဟာတွေပါရှိတယ်။ အကုန်လုံးနီးပါးကတော့ အာဏာသိမ်းပြီးမှ ဖြစ်တဲ့ မြေယာသိမ်းဆည်းမှုတွေလို့ ပြောလို့ရတယ် ” လို့ လယ်သမားအရေး တက်ကြွလှုပ်ရှားသူ တဦးက DNA ကိုပြောပါတယ်။
ဒီချုပ်အစိုးရလက်ထက်က လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခြင်းခံရမှုများ ပြန်လည် စီစစ်ရေး ဗဟိုကော်မတီကို ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူက ဦးဆောင်ခဲ့ပြီး အဲဒီအချိန်တုန်းက ဗဟိုကော်မတီက ထုတ်ပြန်ခဲ့တဲ့ စာရင်းတွေအရ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းဟာ လယ်ယာမြေ သိမ်းဆည်းမှု ပြန်လည်ပေးအပ်ရေးတို့အတွက် တိုင်ကြားတာ အများဆုံးဖြစ်ခဲ့ပါတယ်။
“ လယ်သမားတွေဆီက လယ်သိမ်းတယ်ဆိုတာဟာ အသက်ရှင်သန်မှုကို ဖြတ်တောက်လိုက်ရာကျတယ်။ သူတို့က ကျွန်တော်လည်း ပါတာပေါ့လေ လယ်ပဲစိုက်တတ်တာ လယ်ပဲစိုက်ချင်တာလေ။ ဒါကိုမှ လျော်ကြေးပါမရဘူးဆိုရင် မိသားစုပါ ဘဝပါပျက်သွားတာပဲပေါ့ ” လို့ ဟင်္သာတ မြို့နယ်က လယ်သမားရေး တက်ကြွလှုပ်ရှားသူ တဦးက ဆိုပါတယ်။
မြေယာသိမ်းဆည်းမှုတွေအတွက် မြေသိမ်းဥပဒေနဲ့ သိမ်းဆည်းခြင်းဖြစ်စေ၊ ခရိုင်မှူးက လက်မှတ်ထိုးပြီး သိမ်းဆည်းစေခြင်းဖြစ်စေ မြေယာလျော်ကြေးပေးရမယ့် လုပ်ထုံးလုပ်နည်းတွေရှိပြီး မြေယာ သိမ်းဆည်းခံရသူတွေ အနေနဲ့ လုပ်ထုံးလုပ်နည်းတွေ အတိုင်း မြေယာလျော်ကြေးတောင်းခံလို့ မရရင် သက်ဆိုင်ရာ အဆင့်ဆင့်တိုင်ကြားကြဖို့ လယ်သမားအရေး တက်ကြီလှုပ်ရှားကြသူတွေက တိုက်တွန်းထားပါတယ်။
သတင်းမှတ်တမ်းတွေအရ ဒီချုပ်အစိုးရလက်ထက်မှာ ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီထံ တိုင်ကြားထားတဲ့ အမှုတွဲပေါင်း ၃၅၉၇ တွဲရှိတဲ့ အထဲက အမှုတွဲပေါင်း ၃၁၉၃ တွဲကို ဖြေရှင်းဆောင်ရွက်ခဲ့ပြီး အမှုတွဲ ၄၀၄ တွဲ ကျန်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရက ထုတ်ပြန်ခဲ့တယ်လို့ တွေ့ရပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းပြီးချိန်မှာ ဧရာဝတီတိုင်းအတွင်း မြေသိမ်းယာသိမ်းအမှုပေါင်း ၇၀၀ ကျော် ရှိတယ်လို့ ဒေသတွင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ခန့်မှန်းနေကြတဲ့အတွက် ဧရာဝတီတိုင်းမှာ ဆက်လက်ဖြေရှင်းရမယ့် မြေယာအမှု့ပေါင်း တထောင်ကျော် ရှိနေတာ ဖြစ်ပါတယ်။
ဒါပေမယ့် လက်ရှိဧရာဝတီတိုင်း ဝန်ကြီးချုပ် ဥက္ကဌအဖြစ် ဦးဆောင်တဲ့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ ၂၀၂၅ ခုနှစ်အတွင်း ဒုတိယအကြိမ် ကျင်းပတဲ့ အစည်းအဝေးမှာ မြေယာအမှု ၁၃ မှု့ကိုသာ ဆွေးနွေးနိုင်ခဲ့တာ ဖြစ်ပါတယ်။