ဧရာဝတီတိုင်းရဲ့ တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုန်း တဆယ်ကျော်ကျဆင်း

ပြီးခဲ့တဲ့ မတ်လအတွင်းမှာ ကျင်းပတဲ့ ဒုတိယအကြိမ် စနစ်သစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ဧရာဝတီတိုင်းက ဝင်ရောက်ဖြေဆိုတဲ့ ကျောင်းသား၊ ကျောင်းသူ သုံးသောင်းနှစ်ထောင်ကျော်ရှိခဲ့ပြီး တသောင်းခွဲကျော် အောင်မြင်ခဲ့တာဖြစ်ပါတယ်။

၂၇၊ ဇူလိုင်

ဧရာဝတီတိုင်းရဲ့ တက္ကသိုလ်ဝင်တန်း(G 12) အောက်ချက်ရာခိုင်နှုန်းဟာ မနှစ်ကနဲ့ စာရင် တဆယ်ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာ တတိုင်းလုံးအတိုင်းအတာနဲ့ အောင်ချက် ၅၉ ဒသမ ၇၃ ရာခိုင်နှုန်းရှိခဲ့ရာကနေ အခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှာတော့ ၄၆ ဒသမ ၈၆ ရာခိုင်နှုန်းကို ကျဆင်းသွားတာပါ။

“အောင်ချက်ကျတာကတော့ ဧရာဝတီတိုင်းတခုတည်းမဟုတ်ဘူး၊ တနိုင်ငံလုံးအတိုင်းအတာနဲ့ကို အောင်ချက်ကျတာ၊ အောင်ချက်တိုးတဲ့ တိုင်းနဲ့ ပြည်နယ်က မရှိသလောက်ပဲ” လို့ ရေကြည်မြို့နယ်ထဲက ကျောင်းဆရာတဦးက DNA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ စာသင်နှစ်မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ အောင်ချက် ၅၇ ဒသမ ၉ ရာခိုင်နှုန်းရှိခဲ့ပြီး လက်ရှိမှာတော့ ၄၈ ဒသမ ၀၆ ရာခိုင်နှုန်းအထိ ကျဆင်းသွားတာပါ။

ဧရာဝတီတိုင်းအနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ အောင်ချက်အများဆုံး အဆင့် ၆ နေရာတွင် ရှိခဲ့ပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက်တော့ အဆင့် ၉ နေရာသာ ရရှိပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းမှာ ကျင်းပတဲ့ ဒုတိယအကြိမ် စနစ်သစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ဧရာဝတီတိုင်းက ဝင်ရောက်ဖြေဆိုတဲ့ ကျောင်းသား၊ ကျောင်းသူ သုံးသောင်းနှစ်ထောင်ကျော်ရှိခဲ့ပြီး တသောင်းခွဲကျော် အောင်မြင်ခဲ့တာဖြစ်ပါတယ်။

စာမေးပွဲဖြေဆိုချိန်အနီးတဝိုက် ကာလတွေမှာတော့ ရေကြည်နဲ့ ငါးသိုင်းချောင်းမြို့နယ်တွေထဲမှာ တိုက်ပွဲတွေရှိနေခဲ့ပြီး ရွှေသောင်ယံဘက်မှာလည်း စစ်ရေးတင်းမာမှုတွေရှိလို့ ရှောင်တိမ်းရတာတွေ ရှိခဲ့ပါတယ်။