“ကျွန်မလည်း ရဲစခန်းကနေပြောတာဆိုတော့ ယုံမိတာပေါ့။ သူတို့က ၂ ရက်အတွင်းပေးဖို့တောင်းတာ ၆ သိန်းပဲ။ ရဲကဆက်လာတော့ ကြောက်လည်းကြောက်တော့ ရှာဖွေပေးလိုက်တာပေါ့။ ထောင်ဝင်စာသွားတွေ့တော့ ထောင်ပြောင်းမယ်ဆိုတာ မကြားဘူးလို့တော့ သားကပြောတယ် ” လို့ ဖြစ်စဉ်ကို ပြောပြပါတယ်။
၂၅၊ ဇူလိုင်လ။
ဧရာဝတီတိုင်းထဲက ဟင်္သာတထောင်နဲ့ ပုသိမ်ထောင်တွေမှာရှိနေတဲ့ နိုင်/ကျဉ်းတွေရဲ့ မိသားစုဝင်တွေကို ထောင်ပြောင်းရွေ့မှာမို့ ထောင်ပြောင်းမပါစေချင်ရင် ငွေပေးဖို့ အုပ်ချုပ်ရေးမှူးတွေနဲ့ ရဲစခန်းတွေက တဆင့် ဆက်သွယ် လိမ်လည်မှုတွေ ရှိနေပါတယ်။
“ အုပ်ကြီးက လာပြောတာ။ ထောင်က ဖုန်းဆက်တယ် နင့်သားထောင်ပြောင်းပါတယ် ၊ မပြောင်းစေချင်ရင် ၆ သိန်းပေးရမယ်ဆိုပြီး။ ကျွန်မကလည်း ဘယ်သူဆက်တာလည်းမေးတော့ ဖုန်းနံပါတ် ၁ လုံးပေးတယ်။ အဲ့ဖုန်းကိုဆက်တော့ ထောင်ကလို့ပြောတယ်။ အသိတွေကတော့ မပေးနဲ့ဆိုပြီး တားကြလို့ မပေးသေးဘူး ” လို့ ဟင်္သာတထောင်မှာ အကျဉ်းကျနေသူရဲ့ မိသားစုဝင် အမျိုးသမီးတဦးက DNA ကိုပြောပါတယ်။
ဒီဖြစ်စဉ် အပြင် DNA က ဧရာဝတီတိုင်းအတွင်း အကျဉ်းထောင်တွေမှာ အကျဉ်းချခံထားရတဲ့ အခြားနိုင်/ကျဉ်း မိသားစုဝင် ၃ ဦးနဲ့ အဆက်သွယ်ရရှိခဲ့ပြီး ၁ ဦးဟာ ပုသိမ်အကျဉ်းထောင်အတွင်းမှာ အကျဉ်းကျခံနေရသူရဲ့ မိသားစုဝင် ဖြစ်ပါတယ်။ သူ့ကိုတော့ မြို့နယ်ရဲစခန်းကဆိုပြီး ဆက်သွယ်လာခဲ့တာလို့ ပြောပါတယ်။
“ ကျွန်မလည်း ရဲစခန်းကနေပြောတာဆိုတော့ ယုံမိတာပေါ့။ သူတို့က ၂ ရက်အတွင်းပေးဖို့တောင်းတာ ၆ သိန်းပဲ။ ရဲကဆက်လာတော့ ကြောက်လည်းကြောက်တော့ ရှာဖွေပေးလိုက်တာပေါ့။ ထောင်ဝင်စာသွားတွေ့တော့ ထောင်ပြောင်းမယ်ဆိုတာ မကြားဘူးလို့တော့ သားကပြောတယ် ” လို့ ဖြစ်စဉ်ကို ပြောပြပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး DNA က ဇူလိုင်လ ၁၆ ရက်နေ့က “ဟင်္သာတထောင်ကနေ မပြောင်းရဖို့ ပိုက်ဆံပေးရမယ်ဆိုပြီး အကျဉ်းသားမိသားစုတွေဆီ ဖုန်းဆက်လိမ်လည်” ဆိုတဲ့ သတင်းတပုဒ်ထုတ်လုပ်ခဲ့ဖူးပါတယ်။
(https://www.facebook.com/photo.php?fbid=1160317076141368&set=pb.100064892582655.-2207520000&type=3)
အဲ့ဒီသတင်းထဲမှာပါတဲ့ ဟင်္သာတအကျဉ်းထောင်ဝန်ထမ်းရဲ့ ဖုန်းနံပါတ်ဟာ အုပ်ကြီးကတဆင့် ပြောလာတယ်ဆိုတဲ့ ထောင်ဝန်ထမ်းရဲ့ ဖုန်းနံပါတ်နဲ့ အတူတူပဲဖြစ်ပါတယ်။
သူက DNA ရဲ့ဆက်သွယ်မှုအပေါ် ဒီလိုမျိုး ထောင်ပြောင်း “ကာ” တယ်ဆိုတာဟာ တရားဝင်တယ်လို့ ဖြေကြားထားပေမယ့် အကျဉ်းထောင်နဲ့ အကျွမ်းတဝင်ရှိတဲ့ ရှေ့နေတွေနဲ့ နိုင်/ကျဉ်းအဖွဲ့အစည်းတွေကတော့ ထောင်ပြောင်းပါတဲ့သူတွေကို ဘယ်လိုပုံစံမျိုးနဲ့မှ မပြောင်းရအောင် လုပ်လို့မရဘူးလို့ သတိပေးထားပါတယ်။
“ ပိုက်ဆံတောင်းတဲ့ ဖြစ်စဉ်တွေက မကြာခဏကြားလာနေရတယ်။ ထောင်ဝန်ထမ်း တချို့က အုပ်ချုပ်ရေးမှူးတွေနဲ့ ပေါင်းလိမ်တယ် တချို့က ရဲတွေနဲ့ပေါင်းလိမ်တယ်ပေါ့။ တကယ်ပြောင်းရမယ့်သူတွေဟာ နေပြည်တော်ရုံးချုပ်က ညွှန်ကြားတာမို့ ဘယ်လောက်ပေးပေး တားလို့မရဘူး။ ဒီတော့ ထောင်ပြောင်းမပါအောင်လုပ်ပေးမယ်လို့ ဆက်သွယ်လာရင် အဲ့ဒါဟာ လိမ်နေတာပဲဖြစ်တယ်ဆိုတာကို သိထားဖို့ဖြစ်တယ် ” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ကိုသိုက်ထွန်းဦးက ပြောပါတယ်။
အကျဉ်းထောင်ထဲမှာ ရှိနေသူတွေဟာ ထောင်ဝန်ထမ်းတွေကတဆင့် အိမ်ကိုဆက်သွယ်တာ မျိုးတွေရှိတာကြောင့် မိသားစုဝင်တွေရဲ့ ဖုန်းနံပါတ်တွေဟာ အဲ့ဒီထောင်ဝန်ထမ်းတွေဆီမှာ ရှိနေတတ်ပြီး လိမ်လည်ဖို့ လွယ်ကူနေတာ ဖြစ်နိုင်ပြီး ၊ ဒီလိုငွေတောင်းခံမှုတွေဟာ လိမ်လည်မှု သက်သက်သာဖြစ်တယ်ဆိုတာကို နိုင်/ကျဉ်းအရေး လှုပ်ရှားကြသူတွေက မှတ်ချက်ပြုပါတယ်။