ပုသိမ်က ခရစ်ယာန်ဓမ္မဆရာ အသတ်ခံရမှု သံသယရှိသူကို ဖမ်းမိ

ကနဦး တွေ့ရှိချက်တွေအရ အသက် ၄၀ အရွယ်ရှိတဲ့  ဓမ္မဆရာဟာ သူနေထိုင်ရာ အိမ်ထဲမှာပဲ ကျော၊ရင်ဘတ်၊လက် နဲ့ ခန္ဓာကိုယ် အနှံ့မှာ  ထိုးသွင်း၊ ခုတ်ရှ  ဒဏ်ရာ ၁၃ ချက်နဲ့ သေဆုံးနေတာဖြစ်ပြီး ခန္ဓာကိုယ်မှာလည်း အဝတ်ဝတ်ဆင်ထားခြင်းမရှိဘူးလို့ သိရပါတယ်။

၂၅၊ဇူလိုင်လ။

ပုသိမ်မြို့ အမှတ် ၃ ရပ်ကွက် ရက်ကန်းကွက်သစ် ၂ လမ်း မှာနေထိုင်တဲ့ ခရစ်ယာန် ဓမ္မဆရာကို သတ်ခဲ့တယ်လို့ သံသယရှိသူတဦးကို ပုသိမ်မြို့မ ရဲစခန်း တပ်ဖွဲ့ဝင်တွေ ဖမ်းမိထားပြီလို့ သိရပါတယ်။

“အိမ်ထဲမှာ အသတ်ခံနေရတာကို ချက်ခြင်း မသိကြဘူး။ စောအယ်မူး အိမ်အပြင်မထွက်တာ ၄ ရက်လောက် ရှိမှ အိမ်ထဲက အနံ့ ထွက်နေတာနဲ့ ရပ်ကွက် လူကြီးတွေနဲ့ ရဲကဝင်စစ်မှသိကြတာ။ သတ်တဲ့ကောင်လေးကို အလောင်းတွေ့ပြီး ၃ရက် ကြာမှဖမ်းမိတာ”လို့ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့နဲ့ နီးစပ်သူ တဦးက DNA ကိုပြောပါတယ်။

ကနဦး တွေ့ရှိချက်တွေအရ အသက် ၄၀ အရွယ်ရှိတဲ့  ဓမ္မဆရာဟာ သူနေထိုင်ရာ အိမ်ထဲမှာပဲ ကျော၊ရင်ဘတ်၊လက် နဲ့ ခန္ဓာကိုယ် အနှံ့မှာ  ထိုးသွင်း၊ ခုတ်ရှ  ဒဏ်ရာ ၁၃ ချက်နဲ့ သေဆုံးနေတာဖြစ်ပြီး ကိုယ်ခန္ဓာမှာလည်း အဝတ်ဝတ်ဆင်ထားခြင်းမရှိဘူးလို့ သိရပါတယ်။

ခရစ်ယန်ဓမ္မဆရာ စောအယ်မူးကို သတ်ခဲ့တယ်လို့ သံသယရှိတဲ့ ကိုဖိုးလုံးကို သူ့ရဲ့ မိဘတွေအိမ်မှာ တိမ်းရှောင်နေစဉ် ဇူလိုင်လ ၂၂ ရက်နေ့က ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ ရဲစခန်းက အမှုတည်ဆောက်ရာမှာ ကနဦး ဝန်ခံချက်ပေးထားပြီး မနေ့က ၂၄ ရက်နေ့မှာတော့ အခင်းဖြစ်ပွားရာနေရာမှာ အမှုဖြစ်စဉ်ကို သရုပ်ပြမှတ်တမ်းယူခဲ့တယ်လို့ ရဲအဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။

နေထိုင်ရာ ဝန်းကျင်မှာတော့ အသတ်ခံရသူ စောအယ်မူးဟာ LGBT(လိင်စိတ်ခံယူမှုကွဲပြားသူ) တဦးအဖြစ် သိထားကြပြီး အခုဖြစ်စဉ်မှာ သံသယတရားခံဖြစ်သူ အသက် ၂၂ အရွယ် ကိုဖိုးလုံးကလည်း စောအယ်မူးအိမ်ကို မကြာခဏ အဝင်အထွက်ရှိသူလို့ သိရပါတယ်။

သေဆုံးသူ စောအယ်မူးရဲ့ နေအိမ် ဧည့်ခန်းနံရံမှာ ဓားတို၊ ဓားရှည် မျိုးစုံကို ချိတ်ဆွဲထားလေ့ရှိပြီး သေဆုံးသူရဲ့ လက်မှာဝတ်ထားလေ့ရှိတဲ့ လက်စွပ် ၂ ကွင်း၊ ဖုန်း ၄ လုံး နဲ့ ဓမ္မအသင်း ရဲ့ အရေးပါတဲ့စာရွက်စာတန်းတွေ ပျောက်ဆုံး နေပြီး အိမ်အတွင်းရှိ တခြား ရွှေ၊ငွေ ပစ္စည်းတွေက ပျောက်ဆုံးမှု မရှိဘူးလို့ ရဲစခန်းနဲ့ နီးစပ်သူက ပြောပါတယ်။

ပုသိမ်မြို့ မှာ ၂၀၂၃ ခုနှစ် နှစ်လည်ပိုင်းကလည်း LGBT(လိင်စိတ်ခံယူမှုကွဲပြားသူ) ဓမ္မဆရာ တဦးကို သူရဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတဲ့  လက်သမားဆရာတဦးက သံတူးရွင်းနဲ့ ရိုက်သတ်ပြီး လက်စွပ်နဲ့ ငွေအချို ယူဆောင် သွားတဲ့ အမှုတခု ဖြစ်ပွားခဲ့ပါသေးတယ်။