အမေရိကန်က စစ်အုပ်စုနဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်တချို့ကို ပိတ်ဆို့မှုစာရင်းကနေ ဖယ်ရှား

ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဘဏ္ဏာရေးဝန်ကြီးဌာနနဲ့ အိမ်ဖြူတော်က ရှင်းလင်းထားတာ မရှိသေးပါဘူး။

၂၅ ၊ ဇူလိုင်လ

စစ်အုပ်စုခေါင်းဆောင်တွေနဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်တွေနဲ့ ကုမ္ပဏီတချို့ကို အမေရိကန်အစိုးရရဲ့ အရေးယူပိတ်ဆို့မှု စာရင်းကနေ ဖယ်ရှားလိုက်တယ်လို့ အမေရိကန် ဘဏ္ဏာရေးဝန်ကြီးဌာနက ဇူလိုင်လ ၂၄ရက်နေ့ ထုတ်ပြန်ချက်တခုမှာ ဖော်ပြထားပါတယ်။

KT Services & Logistics ကုမ္ပဏီနဲ့ တည်ထောင်သူ ဦးဂျော်နသန်မျိုးကျော်သောင်း ၊ MCM Group နဲ့ ပိုင်ရှင် ဦးအောင်လှိုင်ဦး ၊ Suntac Technologies နဲ့ ပိုင်ရှင် ဦးစစ်တိုင်းအောင်အပြင် လုပ်ငန်းရှင်တဦးဖြစ်တဲ့ ဦးတင်လတ်မင်းတို့ကို ဆန်ရှင်စာရင်းကနေ ပယ်ဖျက်လိုက်တာပါ။

ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဘဏ္ဏာရေးဝန်ကြီးဌာနနဲ့ အိမ်ဖြူတော်က ရှင်းလင်းထားတာ မရှိသေးပါဘူး။

KT Services & Logistics ကုမ္ပဏီနဲ့ တည်ထောင်သူ ဦးဂျော်နသန်မျိုးကျော်သောင်းဟာ အမေရိကန် သမ္မတဟောင်း ဘိုင်ဒန်လက်ထက် ၂၀၂၂ခုနှစ် ဇန်နဝါရီလ စစ်အာဏာသိမ်း ၁နှစ်ပြည့်မှာ အရေးယူပိတ်ဆို့ခံခဲ့ရတာပါ။

ဦးစစ်တိုင်းအောင်နဲ့ ဦးအောင်ဦးတို့ဟာလည်း စစ်အုပ်စုရဲ့ လက်နက်ရောင်းဝယ်ရေးအတွက် လုပ်ဆောင်ခဲ့တာကြောင့် ၂၀၂၂ ခုနှစ်မှာပဲ ပိတ်ဆို့ခံခဲ့ရပါတယ်။

ဦးတင်လတ်မင်းကတော့ ၂၀၂၄ စစ်အာဏာသိမ်း ၃နှစ်ပြည့်မှာ ဆန်ရှင်စာရင်းဝင်ခဲ့တာပါ။

အမေရိကန်က မြန်မာနိုင်ငံအပေါ် သွင်းကုန် ၄၀ရာခိုင်နှုန်း အခွန်စည်းကြပ်တာနဲ့ ပတ်သတ်ပြီး  လျော့ပေးဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သမ္မတ ထရမ့်ဆီကို စာရေးသားခဲ့ရာမှာ လိုအပ်ရင် ဝါရှင်တန်ကို ညှိနှိုင်းရေးအဖွဲ့ စေလွှတ်ပေးဖို့ အဆင်သင့်ရှိကြောင်း အဆိုပြုခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ အဆင့်မြင့်နည်းပညာတွေ တီထွင်ရာမှာ သုံးတဲ့ မြေရှားသတ္တုထွက်ရှိတဲ့ အဓိကအရင်းမြစ် နိုင်ငံတွေထဲက တနိုင်ငံ ဖြစ်ပါတယ်။

မြေရှားသတ္တုထုတ်လုပ်မှု ၉၀ရာခိုင်နှုန်းကို ချုပ်ကိုင်ထားတဲ့ တရုတ်ကို မဟာဗျုဟာမြောက် ယှဉ်ပြိုင်ရာမှာ  မြေရှားအလုံအလောက်ရဖို့က သမ္မတထရမ့်အစိုးရဲ့ ပင်မရည်ရွယ်ချက်တခုလည်း ဖြစ်နေပါတယ်။

မြန်မာရဲ့ မြေရှားသတ္တုမိုင်းတွင်းတွေအများစုရှိတဲ့ ဧရိယာကို ကချင်လွတ်မြောက်ရေးတပ် (KIA)က ထိန်းချုပ်ထားပါတယ်။

Ref – Reuters