တင်းမာမှုတွေ လျော့ချဖို့ ဂျပန်နဲ့ စင်ကာပူနိုင်ငံတို့က တိုက်တွန်းခဲ့သလို ငြိမ်းငြိမ်းချမ်းချမ်းအဖြေရှာကြဖို့ ဘန်ကောက်အခြေစိုက် အမေရိကန်သံရုံးကလည်း ထုတ်ပြန်ထားပါတယ်။
၂၅ ၊ ဇူလိုင်လ။
ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ အပြန်အလှန်တိုက်ခိုက်နေကြတဲ့ ဒုတိယမြောက်နေ့မှာတော့ ဒေသစံတော်ချိန်မနက် ၄နာရီခွဲကတည်းက ပစ်ခတ်နေကြတယ်လို့ Khaosod English ထိုင်းသတင်းဌာနက ဖော်ပြပါတယ်။
ဒီကနေ့ မနက်အစောပိုင်းမှာ ကမ္ဘောဒီးယားဘက်က လက်နက်ကြီးတွေနဲ့ စတင်ပစ်ခတ်ခဲ့ပြီး ထိုင်းဘက်က အမြောက်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
နှစ်နိုင်ငံနယ်စပ်တလျောက် နေရာတချို့မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးနေတာကြောင့် နယ်စပ်ဧရိယာတွေကို မသွားကြဖို့ ထိုင်းစစ်တပ်က သတိပေးထုတ်ပြန်ထားပါတယ်။
ဒီကနေ့မှာပဲ ဘန်ကောက်အခြေစိုက် အမေရိကန်သံရုံးကလည်း အမေရိကန်ပြည်ထောင်စုအနေနဲ့ ထိုင်း – ကမ္ဘောဒီးယားနယ်စပ်မှာ တိုက်ပွဲတွေ အရှိန်မြင့်တက်နေတာနဲ့ ပတ်သတ်ပြီး စိုးရိမ်ကြောင်း ၊ အပြစ်မဲ့ အရပ်သားပြည်သူတွေ ထိခိုက်တဲ့သတင်းတွေကိုလည်း သိရကြောင်း ၊ တိုက်ခိုက်မှုတွေ ချုပ်ငြိမ်းဖို့ ၊ အရပ်သားတွေကို အကာအကွယ်ပေးဖို့နဲ့ အငြင်းပွားမှုတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ဖို့ တိုက်တွန်းကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
နှစ်နိုင်ငံကြားက ရာစုနှစ်ချီ နယ်စပ် အငြင်းပွားမှု ပြဿနာတွေဟာ မကြာသေးခင် လပိုင်းတွေမှာ ပိုမိုပြင်းထန်လာခဲ့ပြီး မနေ့ကအပြန်အလှန် တိုက်ခိုက်မှုတွေကြောင့် ၁၄ဦးသေဆုံးပြီး ၄၆ဦးဒဏ်ရာရှိခဲ့တယ်လို့ The Nation Thailand သတင်းဌာနက ဖော်ပြထားပါတယ်။
ကမ္ဘောဒီးယားနိုင်ငံဘက်ကို ထိုင်းက တိုက်လေယာဉ်တွေ သုံးပြီး ဗုံးကြဲခဲ့သလို ကမ္ဘောဒီးယားဘက်ကလည်း ရော့ကက်ဒုံးကျည်တွေ အပါအဝင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာပါ။