စစ်အာဏာသိမ်းပြီးနောက် လေးနှစ် နီးပါးကြာတဲ့အထိ တိုက်ပွဲတွေမရှိဘဲ တည်ငြိမ်နေခဲ့တဲ့ ဧရာဝတီ တိုင်းထဲမှာ ၂၀၂၅ နှစ်ဆန်း ဇန်နဝါရီလက စတင်ပြီး နှစ်ဖက်တိုက်ပွဲတွေရှိလာပါတယ်။
၂၄၊ ဇူလိုင်။
ရခိုင်ပြည်နယ်၊ ဂွမြို့ကို အာရက္ခတပ်တော်(AA) က သိမ်းပိုက်ပြီးနောက်မှာ ရခိုင်နဲ့ ထိစပ်နေတဲ့ ဧရာဝတီ တိုင်းထဲက ရေကြည်၊ လေးမျက်နှာ၊ အင်္ဂပူ၊ ပုသိမ်၊ သာပေါင်း စတဲ့ မြို့နယ်တွေထဲရှိ ဒေသတချို့မှာ AA ပူးပေါင်းတပ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိလာခဲ့တာပါ။
စစ်ကောင်စီတပ်နဲ့ AA ပူးပေါင်းတပ်တွေကြား တိုက် ပွဲတွေကြောင့် ဧရာဝတီဒေသခံတချို့ စစ်ဘေးတိမ်း ရှောင်နေရတဲ့ အခြေအနေဘယ်လိုရှိလဲ၊ ဘယ်လိုအခက်အခဲတွေ ရှိနေလဲ၊ နေရပ်ပြန်နိုင်ဖို့ အလားအ လာရော ရှိရဲ့လား။
အဲဒီအခြေအနေတွေကို သိရှိနိုင်ဖို့ ဧရာဝတီဒေသခံ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ ဧရာဝတီလူငယ်များသမဂ္ဂ (AYU) ပြောရေးဆိုခွင့်ရှိသူ မယောနသံကို DNA က ဆက်သွယ်မေးမြန်းထားပါတယ်။
▪️ dna-လက်ရှိ ဧရာဝတီတိုင်းထဲက ဘယ်ဒေသတွေ စစ်ရှောင်နေရလဲ။
လေးမျက်နှာနဲ့ အင်္ဂပူအစပ်ရှိ ပန်းတောကြီး၊ လယ်တံငယ်၊ ကျောက်စရစ်ကုန်း၊ ရေဖြူ၊ ထောက်ကြံ့ကွင်း၊ စောပြာ၊ ကျားကိုက်ကျေးရွာတွေအပြင် လေးမျက်နှာ၊ ငသိုင်းချောင်းနဲ့ ရေကြည်မြို့နယ်ထဲက ကျေးရွာတွေက စစ်ရှောင်နေရတယ်။
▪️ dna-စစ်ရှောင်နေကြရတာရော ဘယ်လောက် ကြာပြီလဲ။
တိုက်ပွဲတွေ စဖြစ်ကတည်းက ရှောင်နေကြရတာရှိသလို လွန်ခဲ့တဲ့ ၄ လလောက်ကစပြီး စစ်ဘေးရှောင်ဦးရေ တဖြည်းဖြည်းများလာနေပါတယ်။
▪️ dna-စစ်ရှောင်ဦးရေရော ခန့်မှန်းချေ ဘယ် လောက်ရရှိနိုင်လဲ။
သက်ကြီးရွယ်အို ၂၂၀ ဦး ကျော်၊ ကလေးသူငယ်နဲ့ အမျိုးသမီး ၅၀၀ ဦး နီးပါးအပါအဝင်ဆို အနီးစပ်ဆုံးအားဖြင့် ၁၃၀၀ ဝန်းကျင်က စစ်ရှောင်နေရပြီး ၁၀၀၀ ဝန်းကျင်က စစ်ဖြစ်လို့ အရေးပေါ်အကူအညီလိုအပ်နေကြတာမျိုးရှိတယ်။
▪️ dna-နေရပ်စွန့်ခွာစစ်ရှောင်ကြတဲ့သူတွေက လက်ရှိမှာ ဘယ်လို နေထိုင်နေကြရလဲ၊ သူတို့အတွက် ဘာတွေ အခက်အခဲရှိလဲ။
အများစုကတော့ တိုက်ပွဲဖြစ်နေတဲ့ အနီးနားက တောကြားတောင်ကြားမှာပဲ ရှိနေကြသေးတယ်။ တချို့ကတော့ တခြားမြို့နယ်က ရွာတွေမှာရွှေ့ပြောင်းနေကြတယ်၊ တချို့တွေက ကျေးရွာဘုန်းတော်ကြီးကျောင်းတွေမှာနေကြတယ်၊ အဓိကလိုအပ်တာကတော့ အမိုးအကာ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးပါပဲ။
▪️ dna-ဧရာဝတီတိုင်းထဲက စစ်ရှောင်တွေအနေနဲ့ အကူအညီ ရရှိမှုအခြေအနေရော ဘယ်လိုရှိလဲ။ AYU အနေနဲ့ရော စစ်ရှောင်တွေကို ဘယ်လိုကူညီပေးနေလဲ။
လူထုအခြေပြုအဖွဲ့တွေ၊ တချို့ပရဟိတ အဖွဲ့တွေဆီကတော့ ကူညီထောက်ပံ့မှုရပေမယ့် မြို့ပေါ်လောက်ကပဲ အကူအညီရကြတာ။ ကျေးရွာတွေ၊ တိုက်ပွဲဖြစ်လို့ တောတောင်ဘက် ရိုးမအခြေလောက်ကို ရှောင်ကြသူတွေက အကူအညီရရှိမှု မရှိသလောက်နည်းတယ်။ ညီမတို့ AYU ကလည်း တိုက်ပွဲ ဖြစ်တဲ့ အနီးနားဒေသတွေနဲ့ ညီမတို့ AYU ရှိနေတဲ့ ဒေသအနီးက လူဦးရေ ၆၀၀၊ ၇၀၀ ဝန်းကျင် လောက်ကိုပဲ ဆေးကုသရေးလုပ်ငန်းတွေ၊ စားနပ်ရိ က္ခာလှူဒါန်းပေးတာတွေ၊ နေရာထိုင်ခင်းစီစဥ်ပေးတာလောက်ပဲ လုပ်ပေးနေနိုင်ပါသေးတယ်။
▪️ dna-လက်ရှိ စစ်ရှောင်နေကြရတဲ့ သူတွေက သိပ်မကြာခင် နေရပ်ပြန်နိုင်မယ့် အခြေအနေရော ရှိရဲ့လား။
စစ်ကောင်စီက အာဇာနည်နေ့ကပဲ လေကြောင်းတိုက်ခိုက်မှုပြင်းထန်စွာ လုပ်သွားတယ်။ ဒါ့အပြင် တိုက်ပွဲမဖြစ်တဲ့ ပြည်သူတွေရှိတဲ့နေရာတွေကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်တာတွေ၊ လေကြောင်းကနေ ဗုံးကြဲတာ၊ Drone(ဒရုန်း)၊ စက်တပ်လေထီးတွေသုံးပြီး ထောက်လှမ်းတာ၊ ဗုံးကြဲတိုက်ခိုက်တာတွေကို စစ်ကောင်စီက နေ့စဥ် တနေရာမဟုတ်တနေရာ ကျူးလွန်နေတယ်။ မြေပြင်မှာလည်း အာရက္ခတပ်တော်(AA) ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေနဲ့ ဖက်ဆစ်စစ်ကောင်စီအကြား တိုက်ပွဲကလည်း ပြင်းထန်နိုင်သေးတဲ့ အခြေအနေရှိတာကြောင့် နေရပ်ပြန်နိုင်မယ့် အနေအထားတော့မရှိသေးဘူး။
▪️ dna-တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေမှာရှိတဲ့ ပြည်သူတွေကို စစ်ကောင်စီက ဘယ်လိုပိတ်ဆို့ကန့်သတ်တာတွေရှိလဲ။
စစ်ကောင်စီက ဖြတ်လေးဖြတ်အသွင်နဲ့ ပိတ်ဆို့ဖြတ်တောက်တာ လူထုကို ပစ်မှတ်ထားတိုက်ခိုက်တာတွေလည်းလုပ်နေတယ်။လောလောဆယ် ညီမတို့ AYU အနေနဲ့ သုံးသပ်တာကတော့ တိုက်ပွဲက ဆက်ဖြစ်လာမယ့်အလားအလာပဲရှိတယ်။ ဒါ့အပြင် တချို့နေရာတွေမှာဆို ဖုန်းလိုင်းဖြတ်တောက်တာတွေ၊ အစားအစာ ဆေးဝါးသယ်ယူမှုကန့်သတ်တာတွေ၊ နောက်ဆုံးတရွာနဲ့ တရွာ သွားလာမှု ကန့်သတ်တာတွေရှိပြီး ဖြတ်လေးဖြတ်လုပ် လူထုကို ညှင်းပမ်းနှိပ်စက်နေတာလို့ ယူဆပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲလုပ်ရင် ဧရာဝတီတိုင်းကို စံအဖြစ်ထားပြီးလုပ်ဖို့ရည်ရွယ်နေတဲ့ စစ်ကောင်စီအတွက် နယ်မြေစိုးမိုးမှု ဆုံးရှုံးနေလို့ တော်လှန်ရေးအဖွဲ့တွေကို မနိုင်လို့ လူထုကို ရှုံးမဲမဲနေလို့ သုံးသပ်ပါတယ်။ လူသတ်ရာဇဝတ်မှုတွေကို နေ့စဥ်ဆက်တိုက်ကျူးလွန်နေတဲ့ စစ်ကောင်စီအနေနဲ့ ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေးအသွင်နဲ့ ဧရာဝတီတိုင်းကို ခုခံနေရပြီး စစ်ပွဲနဲ့ မသက်ဆိုင်တဲ့ အရပ်သားပြည်သူတွေနေတဲ့ ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုနေ့စဥ်လုပ်နေလို့ ပြည်သူတွေမှာ ဒုက္ခပင်လယ်ဝေနေရပါတယ်။ ဒါ့ကြောင့် စစ်ဘေးဒုက္ခကို ရင်ဆိုင်နေရတဲ့ ပြည်သူတွေအတွက် အစီအစဥ်တခု အသေအချာ စဥ်းစားပြီး လိုအပ်တာတွေကို ကူညီနိုင်ဖို့ တော်လှန်ရေးအဖွဲ့တွေအနေနဲ့ စဥ်းစားထားရမယ်လို့မြင်တယ်။
▪️ dna-ပြည်သူတွေအနေနဲ့ရော ဘာတွေသတိ ထားဖို့လိုမလဲ။
ပြည်သူတွေအနေနဲ့ကတော့ လေကြောင်းအန္တရာယ် ကို အထူးသတိပြုပြီး နေနေရတဲ့ အနေအထားပဲ။ စစ်ကောင်စီကလည်း တဖက်မှာ စစ်ရှုံးနေတာနဲ့အတူ တိုင်းထဲက တချို့မြို့နယ်တွေကနေ ပေါ်တာဆွဲတာတွေ၊ လူထုဆီက ငွေတောင်း ဓားပြတိုက်နေတာတွေ ဆက်လက်ဆိုးရွားစွာလုပ်နေတာတွေ့ရတယ်။