ပဋိပက္ခတွေ စတင်ကတည်းက ငတ်မွတ်ခေါင်းပါးမှုကြောင့် သေဆုံးသူ စုစုပေါင်း ၁၁၁ဦးထိ ရှိလာပြီလို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက မနေ့က ဇူလိုင်လ ၂၃ရက်နေ့မှာ ပြောခဲ့ပါတယ်။
၂၄ ၊ ဇူလိုင်လ
လူသားချင်းစာနာမှုအကူအညီတွေ ဝင်ရောက်ခွင့် အစ္စရေးရဲ့ ပိတ်ဆို့မှုကြောင့် ဂါဇာဟာ လူလုပ် ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ရင်ဆိုင်ရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အကြီးအကဲ တက်ဒရို့စ် အက်ဟာနွန်က ဇူလိုင်လ ၂၃ရက်နေ့က ပြောလိုက်ပါတယ်။
“အကြီးအကျယ် အငတ်ဘေးဆိုက်တယ်လို့ပဲ ပြောရမယ်၊ ဒါဟာ လူလုပ်တာကြောင့် ဖြစ်တာ ၊ အင်မတန်ရှင်းပါတယ် ၊ ဒါတွေက ပိတ်ဆို့မှုတွေကြောင့် ဖြစ်ရတာ” လို့ ဒေါက်တာ တက်ဒရို့စ် က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။
ဂါဇာနိုင်ငံမှာ ငတ်မွတ် ခေါင်းပါးမှု အတိုင်းအတာ အလွန်အမင်း ကြီးမားကျယ်ပြန့် လာနေပြီး၊ အရပ်သားတွေသာမက ကူညီထောက်ပံ့ပေးနေကြတဲ့ ပရဟိတအဖွဲ့သားတွေပါ စားနပ်ရိက္ခာပြတ်လတ်ပြီး ကျန်းမာရေးချို့ယွင်းလာနေကြောင်း နိုင်ငံတကာ အကူအညီပေးရေအေဂျင်စီ ၁၀၀ ကျော်က စုပေါင်းထုတ်ပြန်ခဲ့ကြပါတယ်။
ပါလက်စတိုင်း အစ္စလာမ်မစ် စစ်အုပ်စု ဟားမတ်စ်အဖွဲ့ကို တိုက်ခိုက်တဲ့ စစ်ဆင်ရေး တစိတ်တပိုင်းအနေနဲ့ မတ်လကတည်းက အစ္စရေးဟာ ဂါဇာကို လုံးဝ ထိန်းချုပ်ကန့်သတ်ခဲ့တာပါ။
အဲ့ဒီအချိန်ကတည်းက ဂါဇာမှာ စားနပ်ရိက္ခာအထောက်အပံ့တွေ ပြတ်လတ်ခဲ့ပြီး ပြီးခဲ့တဲ့ မေလက ပိတ်ဆို့မှုတွေကို အတန်သင့်လျော့ချပေးခဲ့ပေမယ့် လူဦးရေ ၂ ဒဿမ ၂ သန်းရှိတဲ့ ဂါဇာကို လူသားချင်းစာနာမှုအကူအညီ ဝင်ရောက်ခွင့် အနည်းငယ်သာ ခွင့်ပြုပေးခဲ့တယ်လို့ အဆိုပါအေဂျင်စီတွေက ထောက်ပြခဲ့ပါတယ်။
အစ္စရေးက ဟားမက်စ် စစ်သွေးကြွတွေဆီ အကူအညီတွေ မရောက်ဖို့ အခုလိုတားဆီးပိတ်ပင်မှုတွေ ပြုလုပ်ဖို့ လိုအပ်ကြောင်းနဲ့ ဂါဇာဆီ ရိက္ခာတွေ လုံလုံလောက်လောက်ရောက်ဖို့ ဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဂါဇာမှာ ဒုက္ခရောက်နေတဲ့ အခြေအနေနဲ့ ပတ်သတ်လို့ အစ္စရေးအစိုးရက ဟားမက်စ်ကို အကြိမ်ကြိမ် အပြစ်တင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ညက အစာပြတ်လတ်လို့ လူ ၁၀ဦးကျော် သေဆုံးခဲ့ပါတယ် ၊ ပဋိပက္ခတွေ စတင်ကတည်းက အငတ်ဘေးကြောင့် သေဆုံးသူ စုစုပေါင်း ၁၁၁ဦးထိ ရှိလာပြီလို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင်လ ၂၃ရက်နေ့မှာ ပြောခဲ့ပါတယ်။
Ref – Reuters