ကန်ကြီးထောင့်မှာ ပါတီတချို့ ရွေးကောက်ပွဲလှုပ်ရှားမှု ပြုလုပ်

“ကန်ကြီးထောင့်မြို့နယ်အတွင်းမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကတည်းက ပါတီတွေ့ဆုံပွဲတွေ ဆက်တိုက်ပြုလုပ်နေခဲ့တာဖြစ်ပြီး အခုဇူလိုင်ထဲမှာတော့ တ.စ.ည ပါတီနဲ့ KPP ပါတီတို့ရဲ့ လှုပ်ရှားမှုတွေ ရှိလာနေတာလို့ သိရပါတယ်။”

၂၃၊ ဇူလိုင်လ

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်ထဲမှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကိုဝင်ကြမယ့် ပါတီတချို့ ပါတီဝင်တွေ့ဆုံပွဲတွေအပြင် ရွေးကောက်ပွဲဆိုင်ရာ လှုပ်ရှားမှုတချို့ ပြုလုပ်လျှက်ရှိတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။

“ဒီရက်တွေထဲမှာပဲ တ.စ.ည(တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ)နဲ့ KPP (ကရင်ပြည်သူ့ပါတီ) က ပါတီအဖွဲ့ဝင်တွေ့ဆုံပွဲတွေလာလုပ်တယ်။ ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ဖြစ်နိုင်အောင် ဝိုင်းဝန်းကြိုးပမ်းကြဖို့တွေ ပြောသွားတယ်လို့” ကြားတယ်  လို့ ကန်ကြီးထောင့်မြို့နယ် ဒေသခံတဦးက ဆိုပါတယ်။

ကန်ကြီးထောင့်မြို့နယ်အတွင်းမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကတည်းက ပါတီတွေ့ဆုံပွဲတွေ ဆက်တိုက်ပြုလုပ်နေခဲ့တာဖြစ်ပြီး အခုဇူလိုင်ထဲမှာတော့ တ.စ.ည ပါတီနဲ့ KPP ပါတီတို့ရဲ့ လှုပ်ရှားမှုတွေ ရှိလာနေတာလို့ သိရပါတယ်။

“ကြံ့ခိုင်ရေးကလူတွေကတော့ လူထုတွေ့ဆုံပွဲဆိုတဲ့ စကားဝိုင်းတွေပါလုပ်နေတာ တွေ့ရတယ်။ ပြီးတော့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ပေါင်းပြီး မိုးရာသီ ခြင်ဆေးဖြန်းတာတို့ လမ်းပြင်တာတို့တွေ လုပ်နေတာလည်း တွေ့တယ်။ တခြားပါတီတွေကတော့ ပါတီဝင်တွေ တွေ့ကြတယ် ရွေးကောက်ပွဲဝင်ပြိုင် ဖို့ရှိတယ် ဒီလောက်ပဲ တခြားလုပ်ပေးနေတာမျိုးတော့ မရှိဘူး” လို့ ကန်ကြီးထောင့်မြို့နယ်မှာ နေထိုင်တဲ့ လူမှုရေး တက်ကြွလှုပ်ရှားသူ တဦးကဆိုပါတယ်။

စစ်ကောင်စီဟာ ဒီနှစ် ဒီဇင်ဘာ မဟုတ်ရင် ၂၀၂၆ ဇန်နဝါရီလမှာ ရွေးကောက်ပွဲကျင်းပသွားမယ်လို့ ပြောထားပြီး မြန်မာနိုင်ငံ ရွေးကောက်ပွဲကော်မရှင်ကတော့ အီလက်ထရေနစ် မဲပေးစနစ်ကို မဲရုံစောင့်မယ့် သူတွေအတွက် သင်တန်းတွေပေးနေပါတယ်။

ကန်ကြီးထောင့်မြို့နယ်မှာ ၂၀၁၅ နဲ့ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွေမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တ.စ.ည)၊ ကရင်ပြည်သူ့ပါတီ (KPP) တို့ ဆက်တိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ ကြပါတယ်။

၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီနဲ့ တ.စ.ည ပါတီတို့ ယှဉ်ပြိုင်ခဲ့ကြပြီး ပြည်သူ့လွှတ်တော်အတွက် ဦးကျော်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော်အတွက် ဦးချစ်လွင်နဲ့ ဒေါခင်စောမူတို့က ကြံ့ခိုင်ရေးပါတီကို ကိုယ်စားပြုပြီး အနိုင်ရရှိခဲ့ကြပါတယ်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာတော့ NLD ပါတီက ပြည်သူ့လွှတ်တော်အတွက် ဦးရွှေလှကြိုင်၊ တိုင်းဒေသကြီးလွှတ်တော်အတွက် ဦးစိုးမိုးထွန်းနဲ့ ဦးအောင်သိန်းထိုက်တို့က ပြိုင်ဘက်ပါတီ ၄ ပါတီကိုယှဉ်ပြိုင် အနိုင်ရရှိခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ်မှာတော့ NLD ပါတီက ပြည်သူ့လွှတ်တော်အတွက် ဦးဝေယံအောင်၊ တိုင်းဒေသကြီးလွှတ်တော်အတွက် ဦးဝေလင်းထွဋ်နဲ့ ဦးစိုးမိုးထွန်းတို့က ပြိုင်ဘက်ပါတီ ၅ ပါတီကို ယှဉ်ပြိုင်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ရွေးကောက်ပွဲနှစ်ကြိမ်ဆက်တိုက် အနိုင်ရရှိခဲ့တဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးမိုးထွန်းဟာ စစ်ကောင်စီရဲ့ အကျဉ်းချထားခြင်းကို ခံနေရပြီး ကျန်ကိုယ်စားလှယ်တွေဟာလည်း တိမ်းရှောင်နေရတဲ့ အနေအထားဖြစ်ပါတယ်။

စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းခဲ့ပြီး ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ NLD လွှတ်တော်ကိုယ်စားလှယ်တွေကို ဖမ်းဆီးထောင်ချတာ၊ ဖမ်းဝရမ်းထုတ်တာတွေ စစ်ကောင်စီက ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ မဲရလဒ်တွေကို ပယ်ဖျက်ခဲ့တာကြောင့် ပါတီတွေကို ပြည်သူတွေရဲ့ထောက်ခံမှုနူန်းအတိအကျကို မသိနိုင်သေးပေမယ့် ၂၀၁၅ ခုနှစ်က ရလဒ်အရဆိုရင် လွှတ်တော်ကဏ္ဏအသီးသီးအတွက် ကြံ့ခိုင်ရေးပါတီဟာ NLD ပါတီကို မဲပေါင်း ၁ သောင်းဝန်းကျင်အကွာနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ကျန်ပါတီတွေကတော့ မဲထောင်ဂဏာန်းမျှသာရရှိခဲ့တာကို တွေ့ရပါတယ်။

အခုပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ကန်ကြီးထောင့်ဒေသအတွက် ဝင်ပြိုင်ဖို့ စတင်ပြင်ဆင်နေပြီဖြစ်တဲ့ ပါတီတွေဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ မဲအပြတ်အသတ်နဲ့ရှုံးနိမ့်ထားခဲ့တဲ့ ပါတီတွေဖြစ်ပါတယ်။

အရင်က ကန်ကြီးထောင့်မှာ ဝင်ပြိုင်ခဲ့တဲ့ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီနဲ့ ညီညွတ်သော ဒီမိုကရက်တစ်ပါတီကို မြန်မာနိုင်ငံ ရွေးကောက်ပွဲကော်မရှင်က ပါတီအဖြစ်ကနေ ဖျက်သိမ်းထားပြီး မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီကတော့ ဧရာဝတီတိုင်းဘက်မှာ လှုပ်ရှားမှုတွေ မရှိသေးပါဘူး။

၂၀၂၂ ခုနှစ် စစ်ကောင်စီက ထုတ်ပြန်ထားတဲ့စာရင်းတွေအရ ကန်ကြီးထောင့်မြို့နယ်မှာ အသက် ၁၈ နှစ်နဲ့အထက် လူဦးရေ ၁ သိန်း ၃ သောင်းကျော် ရှိပါတယ်။