မြင်းခြံPDFကနေ အသက်မပြည့်သေးသူအယောက်(၂၀၀)ကျော်ကို ကလေးစစ်သားအဖြစ်စုဆောင်းခဲ့တယ်ဆိုတဲ့သတင်းမှား

မြင်းခြံPDFကနေ အသက်မပြည့်သေးသူအယောက်(၂၀၀)ကျော်ကို ကလေးစစ်သားအဖြစ်စုဆောင်းခဲ့တယ်ဆိုတဲ့သတင်းမှား

၂၀၂၅ခုနှစ်၊ ဇူလိုင်လ၊ ၂၃ရက်။

 

FactCheck

 

မန္တလေးတိုင်း၊ မြင်းခြံမြို့၊ တောင်သာမြို့နဲ့ နွားထိုးကြီးမြို့တလျှောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF)တပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်ကစပြီး ကလေးစစ်သားစုဆောင်းတာကို ဆက်တိုက်လုပ်ဆောင်နေပြီး အသက်(၉)နှစ်နဲ့ အသက်(၁၀)နှစ်အရွယ် ကလေးအများစုပါဝင်နေတယ်ဆိုတဲ့ သတင်းတခု လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။

 

အဲ့ဒီအကြောင်းအရာကို စစ်ကောင်စီလက်အောက်ခံမီဒီယာတခုဖြစ်တဲ့ NP News မီဒီယာကနေ စတင်ဖြန့်ဝေခဲ့ပြီး တခြားစစ်ကောင်စီအားပေးထောက်ခံ မီဒီယာတွေမှာလည်း ဆက်တိုက်ဖြန့်ဝေနေကြတာကြောင့် ပျံ့နှံ့မှုအားကောင်းနေပါတယ်။

သတင်းမှားလင့် 

https://archive.ph/GcQYs 

https://archive.ph/rKLH5 

 

ဒီပျံ့နှံ့နေတဲ့အကြောင်းရာနဲ့ပတ်သက်ပြီး DNA Fact Check အဖွဲ့ကနေ စစ်ဆေးကြည့်တဲ့အခါမှာ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေကို ကလေးစစ်သားအဖြစ် အတင်းအဓ္ဓမစုဆောင်းနေတယ်ဆိုတဲ့ အကြောင်းအရာကမှားယွင်းနေပြီး သတင်းမှားဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။

 

သတင်းစီစစ်ချက်☑️

 

ပျံ့နှံ့နေတဲ့အကြောင်းအရာနဲ့အတူ ဖော်ပြထားတဲ့ရုပ်သံဖိုင်ကို စစ်ဆေးကြည့်တဲ့အခါမှာ အဲ့ဒီရုပ်သံဖိုင်ကို @ko.soe.lwin537 ဆိုတဲ့ tiktokအကောင့်ကနေ စတင်ဖြန့်ဝေထားတာဖြစ်ထားတာကို တွေ့ရပါတယ်။

 

ရုပ်သံကို စစ်ဆေးကြည့်တဲ့အခါမှာလည်း အသက် ၉နှစ်နဲ့ ၁၀နှစ်အရွယ်ကလေးငယ်တွေပါဝင်တာမျိုးကိုလည်း မတွေ့ရပါဘူး။

 

အဲ့ဒီရုပ်သံနဲ့ဆက်စပ်ပြီးစစ်ဆေးကြည့်တဲ့အခါမှာ တိုက်ပွဲဒေသမှာနေထိုင်သူတွေအနေနဲ့ အရေးကြုံရင်ကိုယ့်ကိုယ် ကာကွယ်နိုင်အောင်နဲ့ စစ်ရေးအသိရှိအောင် တော်လှန်ရေးတပ်ဖွဲ့တွေ ကစစ်သင်တန်းပေးခြင်းသာဖြစ်ပြီး ကလေးစစ်သားစုဆောင်းတာမျိုး မလုပ်ဘူးလို့ မြင်းခြံ မြို့နယ်အတွင်းက တော်လှန်ရေးတပ်ဖွဲ့တွေကပြောပါတယ်။

 

“ ပြည်သူတွေနေထိုင်းတဲ့ကျေးရွာတွေက စာသင်ကျောင်းတွေ ဘုန်းကြီးကျောင်းတွေကို စစ်ကောင်စီက လေကြောင်းကဗုံးကျဲတာရှိတယ်။ဒီအချိန်မှာ ကျတော်တို့က ဗုံးကျဲရင်ထွက်ပြေးနေမှာလား ။ထွက်ပြေးရင်ပိုပြီးတော့ အသက်အန္တာရယ်လည်းစိုးရိမ်မှုများတယ်။ဗုံးကျဲရင်ဘယ်လိုနေထိုင်ရမလဲ။ဘယ်လိုကာကွယ်ရမလဲ။ဘယ်လိုလုပ်ရမလဲဆိုတဲ့အသိပညာတွေ လိုအပ်ပါတယ်။အဲ့ဒါကြောင့်ကျတော်က ဒီတပ်နယ်အတွင်းမှာ စစ်လာရှောင်မယ်ဆိုရင်တောင်မှပဲ ကျတော်တို့အနေနဲ့စစ်သင်တန်းပေးတာတွေရှိတယ်။စစ်သင်တန်းကိုလည်း ပြည်သူလူထုအနေနဲ့ကျေနပ်မှသာလျှင် ကျတော်တို့ကပေးတာဖြစ်တယ် ။ “ လို့ Myingyan Black Tiger(MBT) တပ်ဖွဲ့မှ တပ်ရင်းမှူးဗိုလ်မိုက်ခဲက ဆိုပါတယ်။

 

အာဏာသိမ်းပြီးတဲ့နောက် မြင်းခြံမြို့ကို စစ်ကောင်စီက မကြာခဏထိုးစစ်ဆင်တာ၊လေကြောင်းက ဗုံးကျဲတာ ၊ကျေးရွာတွေကို မီးရှို့တာ ၊ လက်နက်ကြီးနဲ့ပစ်တာ အပြင် စစ်ကြောင်းထိုးရာ လမ်းမှာတွေ့တဲ့ပြည်သူတွေကို အကြောင်းပြချက်မရှိ ဖမ်းဆီးတာ သတ်ဖြတ်တာတွေ လုပ်ဆောင်လေ့ရှိနေတာကြောင့် အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူတွေအသက်ဆုံးရှုံးနေရပါတယ်။

သတင်းလင့်များ

https://www.facebook.com/share/16nrMyCPoM/

https://www.facebook.com/share/p/1AwwY9cKYy/

https://www.facebook.com/share/p/1G8LYUgmXt/

https://www.facebook.com/share/p/1BAKv6Ko9r/

https://www.facebook.com/share/p/1Bz1JM8RJW/ 

 

ဒါ့အပြင် မြင်းခြံမြို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား နှစ်ဖက်တိုက်ပွဲတွေလည်း မကြာခဏဖြစ်ပွားလေ့ရှိတာပါ။

 

တော်လှန်ရေးတပ်တွေဟာ ကလေးစစ်သားစုဆောင်းတာမျိုးလုပ်ဆောင်နေတာမဟုတ်ပဲ မြင်းခြံမြို့နယ်ရဲ့  လက်ရှိမြေပြင်အခြေအနေကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးအသိရှိအောင် သင်တန်းတက်ခိုင်းတာမျိုးသာ ဖြစ်တယ်လို့ မြင်းခြံမြို့နယ်အတွင်းက ပြည်သူတွေက လည်း ဆိုပါတယ်။

 

“  ကလေးတွေမတက်ခိုင်းပါဘူးဗျ ။ ဗုံးကျဲရင်ဘယ်လိုနေရမလဲဆိုတာပဲသင်ပေးတာ။ဆယ်ခုနှစ် ဆယ့်ရှစ်နှစ်အရွယ်ကိုပဲ စစ် သင်တန်းသင်ပေးတာမျိုးပါ။အရေးကြုံလာရင် ပစ်တက်ခက်တက်အောင် သင်ပေးတဲ့မျိုးပေါ့။အတင်းတက်ခိုင်းတာတော့မဟုတ်ဘူး ။” လို့ အသက် ၁၈ နှစ်အရွယ် အမျိုးသားတဦးကရှင်းပြပါတယ်။

 

မြင်းခြံမြို့နယ်မှာရှိတဲ့ကျေးရွာတရွာကအသက်၆၀ အရွယ် အမျိုးသားကြီးတဦးကလည်း မြင်းခြံမြို့နယ်အတွင်းမှာကလေးစစ်သားအတင်းစုဆောင်းတာမျိုးမရှိဘူးလို့ပြောပါတယ်။

 

“ စစ်ဖြစ်တဲ့နေရာမှာ နေရင် ဘာပဲဖြစ်ဖြစ်စစ်သားမလုပ်ရင်တောင် စစ်သင်တန်းတက်ထားသင့်တာပေါ့ ဒါမှကိုယ့်ကိုယ် ကာကွယ်နိုင်မှာလေ “ လို့အဆိုပါအမျိုးသားက ပြောပါတယ်။

 

သတင်းသုံးသပ်ချက်

 

အာဏာသိမ်းစစ်ကောင်စီတပ်အနေနဲ့ မြင်းခြံမြို့မှာရှိတဲ့ ကျေးရွာတွေ၊ မြို့နယ်တွေကို မကြာခဏလေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်တာတွေကြောင့် ပြည်သူတွေအပြင်၊ ကလေးငယ်တွေပါ အသက်ဆုံးရှုံးရတာတွေရှိနေတာကြောင့် ဒေသကာကွယ်ရေးတပ်တွေအနေနဲ့ ပြည်သူတွေကို စစ်ရေးအသိရှိဖို့နဲ့၊ လေယာဥ်၊ လက်နက်ကြီးကျချိန်၊ စစ်ကြောင်းထိုးခံရချိန်တွေ့မှာ တကိုယ်ရည် ကာကွယ်နိုင်ရေးအတွက် သင်ကြားပေးတာမျိုးဖြစ်တာကိုတွေ့ရပါတယ်။

 

စစ်ကောင်စီတပ်က ဖြန့်ဝေနေကြသလို (၉)နှစ်နဲ့ (၁၀)နှစ်အရွယ်ရှိတဲ့ ကလေးငယ်တွေကို ပျံ့နှံ့နေတဲ့ ရုပ်သံဖိုင်မှာ မတွေ့ရသလို စစ်သင်တန်းပို့ချတာမျိုးကိုလည်းမတွေ့ရတာကြောင့် ကလေးစစ်သားအတင်းအဓ္ဓမစုဆောင်းနေတယ်ဆိုတဲ့ သတင်းမှာ ပုံဖျက်ဝါဒဖြန့်နေတဲ့ သတင်းဖြစ်တာကိုအတည် ပြုနိုင်ခဲ့ပါတယ်။

 

ဒါကြောင့် ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

 

 စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။ 

 

DNA Fact Check  အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck@gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။

 

#DNA #DNAFactCheck #FactCheck #ကလေးစစ်သားစုဆောင်းခြင်း #အချက်လက်စစ်ဆေးခြင်း #သတင်းမှားစိစစ်ခြင်း