ရန်ကုန်က ဝင်တဲ့ မေမြို့ပန်းတွေ အရောင်းသွက်နေတဲ့ ဧရာဝတီ ပန်းဈေးကွက်

မေမြို့ပန်းမျိုးတွေဟာ အအေးပိုင်း ဒေသစိုက် ပန်းမျိုးဖြစ်တဲ့အတွက် မေမြို့ နဲ့ တောင်ကြီးမြို့ မှာ စိုက်တဲ့ ပန်းတွေဟာ ရန်ကုန်မှာစိုက်တဲ့ ပန်းတွေထက်  လှပပြီး ကြာရှည်ခံတဲ့အတွက် ဈေးနှုန်းပိုမြင့်တယ် လို့ဆိုပါတယ်။

၂၃၊ဇူလိုင်လ။

ရန်ကုန် ပန်းဈေးကွက် ကနေ တင်သွင်းရောင်းချတဲ့ မေမြို့ပန်းတွေဟာ ဧရာဝတီတိုင်း အတွင်းက မြို့ကြီးတွေရဲ့ ပန်းဈေးကွက်တွေမှာ ရောင်းအားသွက်နေပါတယ်။

ဧရာဝတီတိုင်း အတွင်း စိုက်တဲ့ပန်းတွေ မထွက်သေးတာ၊ မိုးဆက်တိုက်ရွာ နေတာကြောင့် အပင်ခြေတွေ ရေမြုပ်ပြီး ပန်းစိုက်ခင်းတွေ ပျက်စီးကုန်တာ ရန်ကုန်ပန်းဈေးကွက်က မေမြို့ပန်း အမျိုးအစားတွေဖြစ်တဲ့ ဂန္ဓမာဆန်း မားဖြူ ၊ ဂန္ဓမာကြွေဖြူ နဲ့ စပယ်ဖြူပန်းတွေက အပွင့်ပိုလှပြီး ကြာရှည်အသုံးခံတာတွေကြောင့် ဈေးနှုန်းမြင့်ပေမယ့် လူကြိုက်များပြီး အရောင်း သွက်နေတာပါ။

“မေမြို့ပန်းမျိုးတွေက တစ်ပတ်လောက်အထားခံတယ်၊ ဘုရားပန်းပဲကပ် ကပ်၊ မင်္ဂလာဆောင် ဧည့်သည် ပွဲတွေ မှာပန်းအလှပဲထိုးထိုး ခန့်ပြီးလှနေ တယ်၊ ဈေးကြီးပေးဝယ်သုံးရပေမယ့် အတော်ကြာကြာ မနွမ်းတော့ အသုံးပြု ရတာ အဆင်ပြေတယ်”လို့ ပုသိမ်မြို့ ရေပေါ်ညဈေးမှာ ပန်းဝယ်နေတဲ့ အမျိုး သမီးတဦး က ပြောပါတယ်။

ရန်ကုန်ပန်းဈေးကွက်ကနေ ပုသိမ်ပန်းဈေးကွက်ကို ရောက်လာတဲ့ မေမြို့ပန်းအမျိုးမျိုးဟာ မေမြို့နဲ့ တောင်ကြီးမြို့ က ပန်းမျိုးပင်ပေါက်တွေကို ဝယ်ယူပြီး ရန်ကုန်တိုင်းအတွင်းက မှော်ဘီ၊ တိုက်ကြီး ၊ ထောက်ကြံ့ စတဲ့ မြို့နယ်အချို့မှာ စိုက်ပျိုးပြီး ရောင်းတန်းဝင် ပန်းတွေဖြစ်မှ ဧရာဝတီတိုင်းနဲ့ အခြား ဒေသတွေကို တင်ပို့ရောင်းချတာပါ။

မေမြို့ပန်း အမျိုးအစားတွေဖြစ်တဲ့ ဂန္ဓမာဆန်းမားဖြူ  နဲ့ ဂန္ဓမာကြွေဖြူ အမျိုးအစား ပန်းတွေဟာ တစည်း ဆယ်ပင်ပါ အထုပ်ငယ် ဆယ်ထုပ်စည်း တထုပ်ကို ၂၅,၀၀၀ ကျပ်ကနေ ၄၀,၀၀၀ကျပ် အထိ၊ မေမြို့ စပါယ်ဖြူပန်းက လက်ဆုပ်စည်း တစည်းကို တထောင်ကျပ်ကနေ နှစ်ထောင်ငါးရာကျပ် အထိဈေး မြင့်တက် နေတာပါ။

“အရာရာ ဈေးတက်နေတဲ့ ခေတ်ဆိုတော့ အကုန်တက် နေကြတာလေ ၊ လမ်းမှာ စစ်ဆေးရေးဂိတ်တွေက အကြောင်းမဲ့ ငွေတောင်းတယ်။ မပေးလို့ မဖြစ်ဘူး ရစ်နေလို့ အချိန်လင့်ရင် ကုန်တွေ အပျက်အစီးများမယ်။ စက်သုံးဆီဈေး နဲ့ စားစရိတ်က တက်တာတွေကြောင့် သယ်ယူစရိတ်က မြင့်တက်လာတယ်။ အဲတော့ ပန်းဈေးတက်တာက မဆန်းပါဘူး” လို့ ပန်း ကုန်သည် တဦး ကပြောပါတယ်။

ဒါ့အပြင် အခြားမေမြို့ပန်းအမျိုးအစားတွေဖြစ်တဲ့ ကွင်းကျူးလစ် ၊နှင်းချယ်ရီ၊ ကိုင်းကား၊ ဖက်ရှင်၊ မိုးရွှေဝါ စတဲ့ ပန်းတွေကလည်း မူလရောင်းနေတဲ့ ဈေးနှုန်းတွေထက် ကျပ်တထောင်ဝန်းကျင် ဈေးတက် ပေမယ့် အရောင်း သွက်နေပါတယ်။

မေမြို့ပန်းမျိုးတွေဟာ အအေးပိုင်း ဒေသစိုက် ပန်းမျိုးဖြစ်တဲ့အတွက် မေမြို့ နဲ့ တောင်ကြီးမြို့ မှာ စိုက်တဲ့ ပန်းတွေဟာ ရန်ကုန်မှာစိုက်တဲ့ ပန်းတွေထက်  လှပပြီး ကြာရှည်ခံတဲ့အတွက် ဈေးနှုန်းပိုမြင့်တယ် လို့ဆိုပါတယ်။

ပုသိမ်မြို့နဲ့  ပုသိမ်- ဟင်္သာတ ရထားလမ်း တလျှောက် ဒေသတွေကထွက်တဲ့ ပန်းတွေကတော့ ပင်လယ် နဲ့ နီးပြီး ပူနွေးဒေသပိုင်းမှာ စိုက်ပျိုးတာဖြစ်တဲ့ အတွက် မေမြို့ တောင်ကြီး နဲ့ ရန်ကုန် ပန်းတွေရဲ့ အနေအထားကို မမှီပေမယ့် ဈေးသက်သာပါတယ်။

နှစ်လက်မ အရွယ်ရှိတဲ့ ဂန္ဓမာဆန်းမားဖြူ ၊ ဂန္ဓမာကြွေဖြူ နဲ့  မေမြို့စပယ်ဖြူ စတဲ့ မေမြို့ပန်းအမျိုးအစား ပန်းပင်ပေါက်တွေကို တောင်ကြီးမြို့ နဲ့ မေမြို့ ကနေ မှာယူပြီး ဧရာဝတီတိုင်းအတွင်းမှာ လည်းစိုက်ပျိုး ကြပါတယ်။

နွေ ၊ မိုး ၊ ဆောင်း ရာသီမရွေး စိုက်ပျိုးနိုင်ပေမယ့် မိုးရာသီ မှာတော့ အပင်ခြေ ရေမဝပ်စေဖို့ မြေဘောင် မြင့်မြင့်လုပ်ရပြီး အမိုးမိုး စိုက်ပျိုးရပါတယ်။ စတင် စိုက်ပျိုးပြီးချိန်က စပြီး  နှစ်လအကြာမှာ ရောင်းတန်းဝင် ပန်းတွေအဖြစ် ဈေးကွက်တင်နိုင်တယ်လို့  ဧရာဝတီတိုင်း အတွင်းက ပန်းစိုက်တောင်သူတွေက ပြောပါတယ်။