ပုသိမ်မြို့ စဉ့်အိုးဖိုအရပ်မှာ စဉ့်အိုးပုံသွင်းနိုင်သူ အသက် ၈၀ ကျော် အမျိုးသမီး ပညာရှင်တဦးသာ ကျန်ရှိနေပြီး စဉ်းအိုးဖုတ်တဲ့ အိုးဖိုမှာ အရင်က ဖိုပေါင်း ၂၀ ကျော်ရှိခဲ့ပေမယ့် အခုတော့ တဖိုမှ မရှိတော့ဘူးလို့ သိရပါတယ်။
၂၂၊ဇူလိုင်လ။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အမှတ် ၁ ရပ်ကွက် ၊ ကမ်းနားလမ်း ၊ စဉ့်အို့အရပ်က ဘိုးစဉ်ဘောင်ဆက် ထုတ်လုပ်ခဲ့တဲ့ မြန်မာ့ရိုးရာ စဉ့်အိုးထုတ်လုပ်တဲ့ လုပ်ငန်းဟာ လုံးဝ ကွယ်ပျောက်သွားပြီ ဖြစ်ပါတယ်။
၁၉၉၆ ခုနှစ်ကတည်း စတင်ပြီး ၂၀၁၀ နောက်ပိုင်းတွေမှာ ထုတ်လုပ်မှု ပမာဏ တစတစ လျော့ကျလာတဲ့ စဉ့်အိုးထုတ်လုပ်တဲ့ လုပ်ငန်းဟာ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း ၃ နှစ်တာကာလ အတွင်းမှာ လုံးဝကွယ်ပျောက် သွားတာပါ။
“စဉ့်အိုးလုပ်တဲ့ စဉ့်ပညာရှင်တွေ မျိုးဆက်ပြတ်နေပြီ ၊ လုပ်ငန်းကလည်း အရင်လို မကောင်းတော့ဘူး။ အရင်တုန်းက နှစ်ပေါက် အမှာစာတွေ ရှိတယ် ၊ ခုမရှိတော့ဘူး။ ဝယ်လက်ရှိရင်တော့ တွံတေး ၊ကျောက်မြောင်းဘက်က မှာယူပြီး ရောင်းတယ်“ လို့ စဉ့်အိုး ၊ စဉ့်ထည် အမျိုးမျိုး၊ မြေနဲ့လုပ်တဲ့ အိုးအမျိုးမျိုး ရောင်းချသူက DNA ကိုပြောပါ တယ်။
ပလပ်စတစ် ၊ ကော် ၊ နဲ့ ဖိုင်ဘာအိုးတွေ အိုးဈေးကွက်ထဲ တွင်ကျယ်လာတာကြောင့် စဉ့်အိုးရောင်းဝယ်ရေး ဈေးကွက် ပျက်သွားတာ ၊ နေ့စဉ်ပုံမှန် ဝင်ငွေ ရတဲ့လုပ်ငန်း မဟုတ်တာ၊လူငယ်မျိုးဆက်တွေက စဉ့်လုပ်ငန်း နဲ့ ပညာရပ်ကို စိတ်ဝင်စားမှုနည်းလာပြီး လုပ်ကိုင်လိုစိတ် မရှိတာတွေကြောင့် ပုသိမ်မြို့က စဉ့်အိုးလုပ်တဲ့ လုပ်ငန်း ကွယ်ပျောက် သွားရတာပါ။
ပုသိမ်မြို့ စဉ့်အိုးဖိုအရပ်မှာ စဉ့်အိုးပုံသွင်းနိုင်သူ အသက် ၈၀ ကျော် အမျိုးသမီး ပညာရှင်တဦးသာ ကျန်ရှိနေပြီး စဉ်းအိုးဖုတ်တဲ့ အိုးဖိုမှာ အရင်က ဖိုပေါင်း ၂၀ ကျော်ရှိခဲ့ပေမယ့် အခုတော့ တဖိုမှ မရှိတော့ဘူးလို့ သိရပါတယ်။
အရင်က အိုးအမျိုးမျိုး ဖုတ်တဲ့ အိုးဖုတ်ဖို ၄၀ ကျော် ရှိတဲ့ အနက် စဉ့်အိုးဖုတ်တဲ့ ဖို ၂၀ ဝန်းကျင်ရှိခဲ့ပေမယ့် အခုအခါမှာတော့ တဖိုမှ မရှိတော့ပဲ ၊ ပန်းအိုး၊ တာအိုး ၊ သောက်ရေအိုး ၊ အိုးပုတ်၊ ချိုးရုပ် နဲ့ စဉ့်အင်တုံ စဉ့်ငရုတ်ဆုံဖုတ်တဲ့ အိုးဖို ၅ ဖိုပဲ ကျန်ပါတော့တယ်။
အိုးလုပ်ငန်းကို မိသားစုလုပ်ငန်းအဖြစ် လုပ်ကိုင်ခဲ့ကြပြီး လုပ်ကိုင်သူ အများစုက အမျိုးသမီးတွေဖြစ်ကြကာ အခုအခါမှာတော့ အမြဲတန်း ဝင်ငွေမရတဲ့ အိုးလုပ်ငန်းကို စွန့်ခွာပြီး ဆောက်လုပ်ရေးလုပ်ငန်း၊ ဆန်စက်၊ ဆားစက်၊ အထည်ချုပ် စတဲ့ ပုံမှန်ဝင်ငွေရတဲ့ အလုပ်တွေ နဲ့ တခြားကျဗန်းအလုပ်တွေကို ပြောင်းလဲ လုပ်ကိုင်လာကြပါတယ်။
“အဓိက ပြသနာက ဈေးကွက်ပဲ။ စဉ့်အိုး ဈေးကွက်ပျောက်သွားလို့ ကျွဲကူးရေပါ ဆိုသလို စဉ့်အိုးပုံဖေါ် တဲ့ ကျွမ်းကျင် စဉ့်ပညာရှင်တွေပါ ပျောက်သွားတယ် ၊ ဈေးကွက် ရောင်းအားမရှိတော့ လုပ်ငန်းရှင်က လုပ်အားခ တိုးပေးဖို့ ခက်ခဲ သွားတာပေါ့” လို့ စဉ့်အိုးဖိုအရပ်ရှိ အိုးလုပ်ငန်းနဲ့ အကျွမ်းတဝင် ရှိသူက မှတ်ချက်ပေးပါတယ်။
စဉ့်အိုးဖုတ်တဲ့ လုပ်ငန်းအတွက်လိုအပ်တဲ့ စဉ့်ချော်ကို မန္တလေးတိုင်း ကျောက်မြောင်း နဲ့ ရန်ကုန်တိုင်း တွံတေး ဒေသတွေကနေ ဝယ်ယူရပြီး ၊ ရွံ့စီးနဲ့ လောင်စာအတွက် ထင်း ၊ စပါးခွံ ၊ လွှစာ တွေကိုတော့ ဒေသတွင်းမှာ အလွယ်တကူ ရရှိပါတယ်။
အရင်က ပုသိမ်မြို့က ထုတ်လုပ်တဲ့ စဉ့်အိုးတွေကို ရန်ကုန်တိုင်း ၊ပဲခူးတိုင်း ၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ် နဲ့ ဧရာဝတီတိုင်းတွေမှာ တွင်တွင်ကျယ်ကျယ် ရောင်းချခဲ့ရပေမယ့် အခုချိန်မှာတော့ စဉ့်ငရုတ် နဲ့ စဉ့်အင်တုံ တွေကိုသာ အများ ဆုံး တင်ပို့ရောင်းချ နေရပါတယ်။