ပုသိမ်မှာ အီးတီဖောင်ဒေးရှင်းက အခမဲ့ မျက်စိခွဲစိတ်ကုသမှု ပုံမှန်ပြုလုပ်ပေး


“မျက်စိခွဲစိတ်ခ အပါအဝင်တခြား ကုန်ကျစရိတ် တွေအတွက်ပါအခမဲ့ကူညီပေးနေတာဖြစ်ပြီးတခြား ဒေသကနေ လာရောက်ကုသတဲ့သူတွေအတွက် ဆိုရင် တည်းခိုဖို့ နေရာထိုင်ခင်းနဲ့ အကျွေးအမွေးပါ စီစဥ်ပေးတယ်လို့ သိရပါတယ်။”

၂၁၊ ဇူလိုင်။

ပုသိမ်မြို့၊ တိုက်ကြီးကျောင်း ပရိယတ္တိစာသင်တိုက်အတွင်း အီးတီကျန်းမာရေးဖောင်ဒေးရှင်းကနေ ဖွင့်လှစ်ထားတဲ့ မျက်စိဆေးရုံမှာ မျက်စိဝေဒနာရှင်တွေကို အခမဲ့ ခွဲစိတ်ကုသပေးမှုတွေ ပုံမှန်ပြု
လုပ်နေတယ်လို့ သိရပါတယ်။

“အရင်ဆုံး မျက်စိစမ်းသပ်တယ်၊ လိုအပ်ရင် ခွဲစိတ် ပေးတယ်ပေါ့၊ မလိုအပ်ရင် မျက်စဥ်း၊ မျက်မှန် လုပ်ပေးတာ၊ ခွဲရင်တော့ ဒီက ခွဲစိတ်ဆောင်မှာပဲ ခွဲတယ်၊ အကုန်လုံးရှိပြီးသား” လို့ အီးတီကျန်းမာရေးဖောင်ဒေးရှင်းမှာလုပ်အားပေးနေသူတဦးက DNA ကို ပြောပါတယ်။

“မျက်စိခွဲစိတ်ခအပါအဝင် တခြား ကုန်ကျစရိတ် တွေအတွက်ပါ အခမဲ့ကူညီပေးနေတာဖြစ်ပြီး တခြားဒေသကနေ လာရောက်ကုသတဲ့သူတွေအတွက်ဆိုရင် တည်းခိုဖို့ နေရာထိုင်ခင်းနဲ့ အကျွေး အမွေးပါ စီစဥ်ပေးတယ်”လို့ သိရပါတယ်။

အခု ၂၀၂၅ ခုနှစ်အတွင်း တတိယအကြိမ်မြောက် ခွဲစိတ်ကုသပေးမှုအနေနဲ့ကတော့ လာမယ့် ဇူလိုင် ၂၅ ရက်ကနေ သြဂုတ် ၃ ရက်အထိ ပြုလုပ်ပေးသွားမှာဖြစ်ပြီး ကုသမှုခံယူဖို့ စာရင်းပေးထားသူလည်း တထောင့်လေးရာ ဝန်းကျင်လောက် ရှိပြီလို့ သိရပါတယ်။

“အခုလအတွက်တော့ လူနာဦးရေသတ်မှတ်ချက်က ကျော်သွားပြီမို့ စာရင်းပိတ်လိုက်ပြီ၊ ဒါပေမယ့် ရှစ် လပိုင်းကျ ပြန်လက်ခံပေးမယ်၊ ဒါပေမယ့် မသန်စွမ်းတို့၊ အဖိုး၊ အဖွားတို့ဆို ခြွင်းချက်အနေနဲ့ လက်ခံကောင်း လက်ခံနိုင်တယ်” လို့လည်း အထက် ပါ လုပ်အားပေးက ပြောပါတယ်။

ပုံမှန်အားဖြင့်တော့ မျက်စိလာရောက်စမ်းသပ်သူ တထောင်ကျော်ထဲကနေ ခွဲစိတ်ကုသပေးရသူ ငါးရာကျော်လောက် ရှိလေ့ရှိတယ်လို့လည်း သူကပြောပါတယ်။

ကုသမှုတွေကိုတော့ မျက်စိအထူးကု ဆရာဝန်ကြီး လေးဦးနဲ့ တခြားကျန်းမာရေးဝန်ထမ်းတွေ ပူးပေါင်းလုပ်ဆောင်ကြတာလို့ သိရပါတယ်။

ကုသမှုလာရောက်ခံယူကြသူတွေကတော့ ဧရာဝတီ တိုင်းထဲက ဒေသခံတွေအပြင် တခြားတိုင်းနဲ့ ပြည်န ယ်တွေကနေလည်း အများအပြားလာရောက်ကြတာလို့ ဆိုပါတယ်။

လက်ရှိ ပြင်ပ ပုဂ္ဂလိကဆေးရုံတွေမှာတော့ မျက်စိခွဲစိတ်ကုသဖို့အတွက် အနည်းဆုံး ငွေကျပ် သိန်းနှစ်ဆယ်နီးပါး ကုန်ကျနိုင်ပြီး အစိုးရဆေးရုံတွေမှာကလည်း ခွဲစိတ်ကုသမှုခံယူဖို့ အလှည့်ကျရန်အတွက် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရတတ်ပါတယ်။

အီးတီကျန်းမာရေးဖောင်ဒေးရှင်းကို ထိုင်းနိုင်ငံက ထိပ်သီးခေါင်ဆောင်တွေအပါအဝင် ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံက ဗေဒင်ယုံကြည်သူတွေရဲ့ ယုံကြည် ကိုးစားမှုကို ရခဲ့တဲ့ နာမည်ကြီး အကြားအမြင် ဗေဒင်ဆရာမ အီးတီ (ခ) ဒေါ်ဆွေဆွေဝင်းက ၂၀၁၁ ခုနှစ်ကတည်းက ဦးစီးထူထောင်ခဲ့ပြီး အခမဲ့ မျက်စိဝေဒေနာကူသပေးမှုတွေကို အဆက်မပြတ် ပြုလုပ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာမှာ ဆရာမ အီးတီ ကွယ်လွန်သွားပြီးနောက်မှာတော့ တိုက်ကြီးကျောင်း ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ဉာဏိန္ဒ၊ ဆရာမရဲ့ တူ တော်စပ်သူ သရုပ်ဆောင် စည်ဖြိုးတို့မိသားစုတို့က အီးတီကျန်းမာရေးဖောင်ဒေးရှင်းကို အဓိက ဦးဆောင်နေပြီး အလှူရှင်တွေရဲ့ လှူဒါန်းမှုတွေနဲ့ ဆက်လက်လည်ပတ်နေတယ်လို့
သိရပါတယ်။