မိုးရာသီမှာ မုန်တိုင်းနဲ့ပတ်သက်တဲ့ သတင်းမှားတွေကို ဘယ်လိုရင်ဆိုင်ကျော်လွှားမလဲ


မုန်တိုင်းနဲ့ပတ်သက်တဲ့ သတင်းမှားတွေနဲ့ မတိကျတဲ့ သတင်းအချက်လက်တွေက စာဖတ်သူတွေအတွက် ပိုမိုရှုပ်ထွေးစေတဲ့ အန္တရာယ်တွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။

၂၁ ၊ ဇူလိုင်လ

မုန်တိုင်းအန္တရာယ်က မြန်မာနိုင်ငံတခုတည်းမှာတင်မကဘဲ ကမ္ဘာတဝှမ်းမှာရှိတဲ့ လူမှုအသိုင်းဝိုင်းတွေအပေါ် သိသာထင်ရှားတဲ့ သက်ရောက်မှုတွေရှိတဲ့ သဘာဝဘေးအန္တရာယ်တခုဖြစ်ပါတယ်။

ဆိုင်ကလုန်း၊ တိုင်ဖွန်း၊ ဟာရီကိန်းလိုမျိုး မုန်တိုင်းတွေက ပြင်းထန်တဲ့လေတိုက်ခက်တာ၊ ရေလွှမ်းမိုးမှုကိုဖြစ်ပေါ်စေတာနဲ့ ပစ္စည်းဥစ္စာ ပျက်ဆီးမှုတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။

မိုးရာသီကိုရောက်လာတာနဲ့ လူမှုမီဒီယာတွေမှာ အတည်မပြုရသေးတဲ့ မုန်တိုင်းလမ်းကြောင်းတွေ၊ လွဲမှားတဲ့ ကာကွယ်နည်းတွေ၊ အလွန်အမင်း လျှော့ ပေါ့ပြောဆိုထားတဲ့သတင်းတွေ ဒါမှမဟုတ် မုန်တိုင်းအန္တရာယ်ကို ပိုကြီးမားအောင်ပြောဆိုထားတဲ့ သတင်းတွေထွက်ပေါ်လေ့ရှိပါတယ်။

ဒါပေမယ့်လည်း မုန်တိုင်းနဲ့ပတ်သက်တဲ့ သတင်းမှားတွေနဲ့ မတိကျတဲ့ သတင်းအချက်လက်တွေက စာဖတ်သူတွေအတွက် ပိုမိုရှုပ်ထွေးစေတဲ့ အန္တရာယ်တွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။

မုန်တိုင်းနဲ့ပတ်သက်ပြီး သတင်းအချက်အလက်မှန်တွေရရှိခြင်းနဲ့ သတင်းမှားတွေနဲ့ပတ်သက်ပြီး ဘယ်လိုကိုင်တွယ်လို့ရမလဲ။

▪️သတင်းမှားနည်းပညာတွေကို ရှင်းလင်းစွာသိနေဖို့လိုအပ်ပါတယ်။ ဥပမာအနေနဲ့
☑️ အလွန်အမင်းကြီးကျယ်အောင်ပြောဆိုတာ “မုန်တိုင်းက မြို့တမြို့လုံးကိုဖျက်ဆီးပစ်နိုင်တယ်ဆိုတဲ့” မတိကျတဲ့ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေတဲ့ပြောဆိုချက်တွေကိုသတိထားဖို့လိုပါတယ်။
☑️ အမှန်တရားနဲ့ရောထွေးထားတဲ့သတင်းမှားတွေဖြစ်တဲ့ မုန်တိုင်းရဲ့ အားပြင်းမှု၊လေဖိအားတိုက်ခတ်မှုတွေကို လွဲမှားစာဖော်ပြတဲ့သတင်းတွေ။
☑️ မတိကျတဲ့ရင်းမြစ်တွေဖြစ်တဲ့ “သိပ္ပံပညာရှင်တွေကပြောတယ်”ဆိုတဲ့ ရင်းမြစ်မဖော်ပြထားတဲ့ ပြောဆိုချက်တွေကိုလည်း သတိထားဖို့လိုအပ်ပါတယ်။

▪️ မုန်တိုင်းနဲ့ပတ်သက်ပြီး သတင်းအချက်လက်တွေကို ယုံကြည်စိတ်ချရတဲ့ရင်းမြစ်တွေဆီကသာ ရယူသင့်ပါတယ်။ ဥပမာ
☑️ မြန်မာနိုင်ငံ မိုးလေဝသဦးစီးဌာန (DMH) – https://www.moezala.gov.mm/my
☑️ဒေသခံ DDM ရုံးကို ဖုန်းဆက်စုံစမ်းတာ (ဖုန်း ၀၉-၇၉၇၀၀၀၀၀၀)
☑️ နိုင်ငံတကာရာသီဥတုဌာနဖြစ်တဲ့ World Meteorological Organization (WMO)ကို စောင့်ကြည့်တာ – https://wmo.int/
☑️မုန်တိုင်းဗဟိုချက်ကို သိရှိနိုင်ရန်အတွက် Joint Typhoon Warning Center (JTWC) တို့လို အဖွဲ့အစည်းတွေကိုစောင့်ကြည့်ပြီး သတင်းအချက်လက်တွေကို အားကိုးသင့်ပါတယ်။
Joint Typhoon Warning Center (JTWC) – https://www.metoc.navy.mil/jtwc/jtwc.html
☑️ ယုံကြည်ရတဲ့သတင်းဌာနတွေရဲ့ဖော်ပြချက်တွေစောင့်ကြည့်တာ၊ သတင်းအချက်လက်တောင်းခံတာမျိုးတွေလည်း လုပ်ဆောင်လို့ရပါတယ်။

▪️လူထုရဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်းကို မြှင့်တင်ဖို့လည်းလိုအပ်ပါတယ်။ ဥပမာ-သတင်းတခုမှာ ရင်းမြစ်မရှိရင် ဒါမှမဟုတ် အချက်အလက်တိကျခိုင်မာမှုမရှိရင် သံသယနဲ့ကြည့်ရှုဖို့လိုအပ်ပါတယ်။

▪️မုန်တိုင်းဖြစ်ပွားခြင်းကို တားဆီးလို့မရနိုင်ပေမယ့်လည်း အထိခိုက်နည်းအောင်လို့ အိမ်တွင်းပုန်းခိုတာ၊ ရေလွှမ်းမိုးခြင်းကနေ ကာကွယ်တာနဲ့ ဘေးကင်းရာကို ရွှေ့ပြောင်းဖို့လိုအပ်ကြောင်း သိရှိထားဖို့တော့ လိုအပ်ပါတယ်။

ဒါကြောင့် ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေ
ကြဖို့ အကြံပြုလိုပါတယ်။