TNLA ဗိုလ်မှူးချုပ်တာဘုန်းကျော်က PDFတွေကို ဒလန်လို့စွပ်စွဲပြောဆိုနေတယ်ဆိုတဲ့သတင်းမှား

TNLA ဗိုလ်မှူးချုပ်တာဘုန်းကျော်က PDFတွေကို ဒလန်လို့စွပ်စွဲပြောဆိုနေတယ်ဆိုတဲ့သတင်းမှား

 

(FactCheck )

ဇူလိုင်လ၊ ၂၀ရက်။

 

နောင်ချိုမြို့ကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ဇူလိုင်လ၊ ၁၅ရက်နေ့က အပြီးသတ်သိမ်းပိုက်ခဲ့ပြီးတဲ့နောက် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)ရဲ့ ဗိုလ်မှူးချုပ်တာဘုန်းကျော်က စစ်ကောင်စီတပ်ကို PDFတချို့က သတင်းပေးလုပ်ဆောင်တာကြောင့်  နောင်ချိုမြို့ကို ဆုံးရှုံးခဲ့ရတာဖြစ်တယ်လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားဖြန့်ဝေခဲ့တယ်ဆိုတဲ့ သတင်းမှားတခုလူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့နေပါတယ်။

 

အဲ့ဒီပို့စ်မှာ  “စစ်တိုက်တာက အပျော်တမ်းလို့သူတို့တတွေ ထင်နေကြတာလားမသိ တချို့ဆိုရင် မအလကို အသိပေးဒလှန်လုပ်တဲ့ မန်းPDFခေါင်းကြီး တချို့လဲ ပါဝင်နေတယ် ဒါတော်လှန်ရေးကို သစ္စာဖောက်တာလား TNLAကို သစ္စာဖောက်တားလား သေချာတော့မသဲကွဲသေးပါဘူး သေချာအောင်တော့စီစစ်နေတုန်းပဲ ကျောက်မဲ သီပေါ ပါ ထပ်မကျအောင် ဒီမန်းPDFခေါင်းကြီးကို သေချာစွာ ကိုင်သွယ်သင့်ပါပြီ ပေါ့ပေါ့နေလို့မရတော့ကြောင်း” (မူရင်းအတိုင်း) ရေးသားဖြန့်ဝေထားတာပါ။

 

ဒီအကြောင်းအရာကို “ရှမ်းပြည်နယ် ဖက်ဒရယ် ဒီမိုကရေစီ သတင်းစုံ​”ဆိုတဲ့ Facebook Page တခုကနေ စတင်မျှဝေလာတာဖြစ်ပြီး စစ်ကောင်စီလော်ဘီချန်နယ်တွေနဲ့ စစ်ကောင်စီအားပေးထောက်ခံသူတွေကြား ထပ်ဆင့်မျှဝေတာတွေကို ဆက်တိုက်လုပ်ဆောင်နေကြတာကြောင့် ပျံ့နှံ့မှုအားကောင်းနေတာပါ။

သတင်းမှားလင့် 

https://archive.ph/jLNoR 

https://archive.ph/yrigs 

 

ပျံ့နှံ့လာတဲ့ ဒီအကြောင်းရာကို DNA Fact Check အဖွဲ့ကနေစစ်ဆေးကြည့်တဲ့အခါမှာ ဖြတ်ညှပ်ကပ်လုပ်ကြံဖန်တီးထားတဲ့ အကြောင်းအရာဖြစ်တာကိုတွေ့ရပြီး သတင်းမှားဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

 

သတင်းစစ်စစ်ချက်

 

တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)ရဲ့ ဗိုလ်မှူးချုပ်တာဘုန်းကျော်ရဲ့ လူမှုကွန်ရက်စာမျက်နှာကို စစ်ဆေးကြည့်တဲ့အခါမှာ စာကြောင်းတကြောင်းတိုင်းရဲ့ အဆုံးတိုင်းမှား “ပုဒ်မ (။)” ကိုအသုံးပြုလေ့ရှိတာကိုတွေ့ရသလို အချို့ ပိုစ့်တွေမှာတော့ စာကြောင်းအဆုံးမှာ “…”ဆိုတဲ့ သင်္ကေတကိုအသုံးပြုတာကိုတွေ့ရပြီး အခုလက်ရှိပျံ့နှံ့နေတဲ့ သတင်းမှားမှာတော့ ဒီလိုမျိုး “။”တွေနဲ့ “…”တွေကို အသုံးပြုထားခြင်းမရှိပါဘူး။

 

ဗိုလ်မှူးချုပ်တာဘုန်းကျော်ရဲ့ မျှဝေဖော်ပြလေ့ရှိတဲ့ အကြောင်းအရာတွေကို စစ်ဆေးတဲ့အခါမှာလည်း စာလုံးပေါင်းသတ်ပုံတွေကို မှားယွင်းရေးသားတာမျိုးကိုလည်းမတွေ့ရပဲ ပျံ့နှံ့နေတဲ့သတင်းအမှားမှာတော့  စာလုံးပေါင်းသတ်ပုံတွေကို အလွန်အကျွံမှားယွင်းသုံးစွဲထားတာကိုလည်း တွေ့ရပါတယ်။

 

ဒီပို့စ်တွေမှာကြည့်ပါ –

 https://shorturl.at/iyYz3 

https://shorturl.at/nx3XB 

 

ဒါ့အပြင် အဲ့ဒီဖြန့်ဝေထားတဲ့ Screenshotကို စစ်ဆေးကြည့်တဲ့အခါမှာလည်း Public Sign ဖြစ်တဲ့ ကမ္ဘာလုံးပုံကလည်း ထိပ်ဖျားပဲ့နေတာကိုတွေ့ရပြီး ဖြတ်ညှပ်ကပ်ထားတာကိုလည်း အတည်ပြုနိုင်ခဲ့ပါတယ်။

 

သုံးသပ်ချက်

 

စစ်ကောင်စီက နောင်ချိုမြို့ကိုသိမ်းပိုက်ပြီးတဲ့နောက်မှာ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF)တွေကြား အထင်မြင်လွဲမှားတာတွေဖြစ်အောင် လုပ်ကြံဖန်တီးထားတဲ့ သတင်းမှားတခုဖြစ်ကြောင်းကို တွေ့ရပါတယ်။

 

“ရှမ်းပြည်နယ် ဖက်ဒရယ် ဒီမိုကရေစီ သတင်းစုံ” ဆိုတဲ့ လူမှုကွန်ရက်စာမျက်နှာက မကြာခဏဆိုသလို ဖြတ်ညှပ်ကပ်သတင်းမှားတွေကို ဖြန့်ဝေလေ့ရှိပြီး ပြီးခဲ့တဲ့ ဧပြီလ၊ ၁၁ရက်ကလည်း ဗိုလ်မှူးချုပ်တာဘုန်းကျော်ရေးထားတဲ့စာဆိုတဲ့ သတင်းမှားတခုကိုဖြန့်ဝေခဲ့သေးသလို ဒီသတင်းမှားနဲ့ ပတ်သက်ပြီး ရွှေဖီမြေသတင်းဌာနက အချက်လက်စစ်ဆေးခဲ့တာပါ။

FactCheck Post – https://www.facebook.com/share/p/1CJ9RQ5bBn/ 

 

ဒါကြောင့်အာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ဗိုလ်မှူးချုပ်တာဘုန်းကျော်က ပြည်သူ့ကာကွယ်ရေတပ်ဖွဲ့ (PDF) တွေကို ဒလန်လို့စွပ်စွဲပြောဆိုနေတယ်ဆိုတဲ့ ရေးသားဖြန့်ဝေမှုက လုပ်ကြံဖန်တီးရေးသားထားတဲ့ သတင်းမှားဖြစ်ပါတယ်။

 

 ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

 

 စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။ 

 

DNA Fact Check  အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck@gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။

 

#DNA  #DNAFactCheck  #FactCheck  #TNLA  # impostercontent #အချက်လက်စစ်ဆေးခြင်း #သတင်းမှား