ပုသိမ်မြို့ မှာ အာဇာနည်နေ့ လွမ်းသူပန်းစည်း လာချတဲ့ ကလေးသုံးဦး နှင်ထုတ်ခံရ


ဧရာဝတီတိုင်း ပုသိမ်မြို့ ကန်သုံးဆင့် ပြည်ထောင်စုကွင်းအနီးရှိ ဗိုလ်ချုပ်ကြေးရုပ်နဲ့ အာဇာနည်ပန်းခြံ ရင်ပြင်မှာ လွမ်းသူ ပန်းစည်းလာချတဲ့ အထက် တန်း ကျောင်းသား အရွယ် ကလေး ၃ ဦးမှာ ဝင်ခွင့်မရပဲ တားဆီးခံခဲ့ရပါတယ်။

၁၉၊ဇူလိုင်လ။

ဒီနေ့ ဇူလိုင်လ ၁၉ ရက် နေ့ ၇၈ နှစ်မြောက် အာဇာ နည်နေ့မှာ မနက် ၈ နာရီ ကျော်ခန့်က ဗိုလ်ချုပ်ကြေးရုပ်နဲ့ အာဇာနည်ပန်းခြံ ရင်ပြင်ဝန်းအတွင်းပန်းစည်း ကိုင်ပြီး ဝင်လာတဲ့ အထက်တန်းကျောင်းသားအရွယ် ကလေး ၃ ဦးကို အရပ်ဝတ်တွေ ဝတ်ထားပြီး စောင့်ကြည်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်တွေက နှင်ထုတ်ခဲ့တာပါ။

“အာဇာနည်ပန်းခြံထဲမှာ မိသားစုတွေ ထင်ပါတယ် မူလတန်းအရွယ် ကလေးတွေ နဲ့ ၈ ဦးလောက်ရှိနေတယ် တချို့က ဗိုလ်ချုပ်ကြေးရုပ်ကို နောက်ခံထားပြီး ဓါတ်ပုံ ရိုက်နေကြတယ် ။ အချို့က အာဇာနည် ကြီးတွေ အကြောင်း ရေးထားတဲ့ စာတွေလိုက် ဖတ် နေကြတယ်၊။ အဲဒီအချိန်မှာ ပန်းစည်းလေး တစည်းကိုင်ပြီး ရောက်လာတဲ့ ကလေး ၃ ဦး ကို စောင့်ကြည့်နေတဲ့ အဖွဲ့ က ပန်းခြံထဲ အဝင်မခံပဲ နှင် ထုတ်ကြတာ” လို့ မျက်မြင်တွေ့ရှိသူ တဦးက DNA ကို ပြောပါ တယ်။

နှင်ထုတ်ခံရတဲ့ ကလေး ၃ ဦး ရဲ့ ကျောင်းနေရပ် လိပ်စာနဲ့ အုပ်ထိန်းသူတွေရဲ့ အမည်ကိုတော့ DNA သတင်းဌာနအနေနဲ့ သီးခြားစုံစမ်း အတည်ပြုနိုင်ခြင်း မရှိပါ။

ဧရာဝတီတိုင်းစစ်ကောင်စီ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက တိုင်းအတွင်းက မည် သည့်နေရာတွေမှာ မဆို ၇၈ နှစ် မြောက်အာဇာနည်နေ့ ဆွမ်းကြွေး အခမ်းအနားလုပ်တာ ဟောပြောတာ လွမ်းသူပန်းခွေချတာ ဆိုင်ကယ် ကားဟွန်းတီး ဉဩဆွဲတာ တွေ စောင့်ကြည့် တားမြစ်ဖို့ ညွှန်ကြားထားတယ် လို့ စစ်ကောင်စီ ရဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင် တဦးကပြောပါတယ်။

ဒါပေမယ့် ပုသိမ်မြို့ရှိ ဌာနဆိုင်ရာရုံး ဆေးရုံ ကျောင်း အဆောက်အဦး နဲ့ နေအိမ် တွေ မှာတော့ အာဇာနည်နေ့ ဝမ်းနည်း တဲ့ အထိမ်းအမှတ် အဖြစ် ပြည်ထောင်စု အလံတွေ ကို အလံတိုင် တဝက် လျော့ချ လွှင့်ထူကြပါတယ်။

“အလံတွေ တဝက်လွှင်ထူပေမယ့် စစ်ကောင်စီ အဖွဲ့နဲ့ ရွေးကောက်ပွဲဝင်ဖို့ ပါတီ ထောင် ရုံးဖွင့်ထားတဲ့ နိုင်ငံရေး ပါတီတွေ အားလုံးကတော့ အာဇာနည် နေ့ အ ထိမ်းအမှတ် ဟောပြောပွဲမျိုးလုပ်တာဆွမ်းကြွေး အလှုအတန်း မျှဝေတာတွေ လုပ်တာမတွေ့ရဘူး “ လို့ အသက် ၆၀ ကျော်ရှိ နိုင်ငံရေး လူမှုရေး တက် ကြွလှုပ်ရှားသူ တဦးက‌ ပြောပါတယ်။

အရပ်ဝတ်ဝတ်ထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင်တွေဟာ မနက် ၆နာရီ ကနေ ည နေ ၆ နာရီကျော် အထိ ပုသိမ်မြို့ ကန်သုံးဆင့် ပြည်ထောင် စုကွင်းအနီးရှိ ဗိုလ်ချုပ်ကြေးရုပ်နဲ့ အာဇာနည်ပန်းခြံ ရင်ပြင်ဆီ ရောက်လာသူတွေကို စောင့်ကြည့် နေခဲ့ပါတယ်။

စစ်တပ်အာဏာမသိမ်းခင် က ၂၀၁၄ ခုနှစ်ကနေ ၂၀၁၉ နှစ်အတွင်း ဧရာဝတီတိုင်း အတွင်းရှိ မြို့တိုင်းရဲ့ အာဇာ နည်နေ့အထိမ်းအမှတ် သတ်မှတ်ရင်ပြင်နဲ့ ပန်းခြံတွေမှာ အာဇာနည်နေ့ လွမ်းသူပန်းခွေ ပန်းစည်းချတဲ့ အခန်းအ နားတွေ ၊ ကျောင်းတွေမှာ အာဇာနည်နေ့ အကြောင်းဟောပြောတာတွေ ဘာသာရေးအရ အလှူအတန်း အမျှဝေ ဆုတောင်းတာတွေ လုပ်ခဲ့ပြီး ၂၀၂၀ ခုနှစ်မှာတော့ ကိုဗစ် ၁၉ ကူးဆက်‌ရောဂါကြောင့် ခရိုင်မြို့ကြီးတွေမှာသာ အကျဉ်းချုံး ကျင်းပခဲ့ကြပါတယ်။