စလင်းကာကွယ်ရေးတပ်တွေက အာဇာနည်နေ့မှာ ပြည်သူတွေကိုမဝယ်မနေရ နှင်းဆီးပန်းတွေအတင်းရောင်းနေဆိုတဲ့သတင်းမှား

စလင်းကာကွယ်ရေးတပ်တွေက အာဇာနည်နေ့မှာ ပြည်သူတွေကိုမဝယ်မနေရ နှင်းဆီးပန်းတွေအတင်းရောင်းနေဆိုတဲ့သတင်းမှား

၂၀၂၅ခုနှစ်၊ ဇူလိုင်လ၊ ၁၉ရက်။

 

FactCheck

စလင်းပြည်သူ့ကာကွယ်ရေးတပ်တွေက  မနေ့ကဇူလိုင်၁၈ရက်နေ့မှာ အာဇာနည်နေ့အတွက် လမ်းသွားလမ်းလာအရပ်သားပြည်သူတွေကို နှင်းဆီပန်းတပွင့် ၇၀၀၀ကျပ်နှုန်းနဲ့ မဝယ်မနေရ လက်နက်ပြခြိမ်းခြောက်ပြီး ရောင်းချခဲ့တယ်ဆိုတဲ့ သတင်းမှားတခု လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။

 

အဲ့ဒီသတင်းမှားကို စစ်ကောင်စီလက်အောက်ခံ လော်ဘီချန်နယ်တခုဖြစ်တဲ့ မှိုင်းဝေချန်နယ်ကနေဖြန့်ဝေထားပြီး ကြည့်ရှုသူ ၁၂,၇၇၇ဦး၊ reaction ပြုလုပ်သူ ၃၈၇ဦးနဲ့ ပြန်လည်မျှဝေသူ ၁၁ဦးထိရှိနေပြီး အခြားလော်ဘီချန်နယ်တွေမှာလည်း ကူးယူဖော်ပြနေကြတာကြောင့် ပျံ့နှံ့မှုအားကောင်းနေပါတယ်။

သတင်းမှားလင့် – https://archive.ph/SaUCc 

 

ပျံ့နှံ့နေတဲ့အကြောင်းရာနဲ့ပတ်သက်ပြီး DNA FactCheckအဖွဲ့ကနေစစ်ဆေးကြည့်တဲ့အခါမှာ နှင်းဆီပန်းတွေကို လက်နက်ပြပြီး မယူမနေရ ရောင်းချခဲ့တယ်ဆိုတဲ့အကြောင်းအရာက မှားယွင်းနေပြီး သတင်းမှားဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။

 

သတင်းစိစစ်ချက်

 

စလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေ မနေ့က ဇူလိုင်လ၊ ၁၈ရက်နေ့မှာ စလင်းမြို့နယ်အတွင်းမှာရှိတဲ့ ခရီးသွားပြည်သူတွေကို အာဇာနည်နေ့ကိုမမေ့စေဖို့ ရည်ရွယ်ချက်နဲ့ နှင်းဆီးပန်းတွေကိုပေးခဲ့ပြီး သတိပေးနှိုးဆော်ခဲ့တယ်လို့ ရေးသားထားပါတယ်။

ပို့စ်လင့် – https://shorturl.at/3flDe 

 

အဓိကတော့ အာဇာနည်နေ့ မမေ့လျော့ဖို့အတွက် နှင်းဆီပန်းကမ်းပြီး ပြည်သူတွေကိုကြိုတင်အသိပေးတဲ့သဘောပါပဲဗျ၊ သူတို့ပြောသလို ‌ပန်းဝေပြီး ငွေကြေးကောက်ခံတာမျိူးမရှိပါဘူး” လို့ စလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူတဦးက DNAကိုပြောပါတယ်။

 

စလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ ၇၈ကြိမ်မြောက် အာဇာနည်နေ့အခမ်းနားကို မမေ့လျော့စေဖို့ စလင်းမြို့နယ်အတွင်းမှာရှိတဲ့ ခရီးသွားပြည်သူတွေကို နှင်းဆီပန်းတွေကမ်းပြီး အသိပေးနှိုးဆော်ခဲ့တယ်လို့လည်း “မောင်း”သတင်းဌာနက မနေ့က ဇူလိုင်လ၊ ၁၈ရက်နေ့က ရေးသားဖော်ပြခဲ့ပါသေးတယ်။

သတင်းလင့် – https://shorturl.at/KlYhA 

 

သတင်းသက်သေပြချက်

စလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က (၇၈)ကြိမ်မြောက် အာဇာနည်နေ့အခမ်းနားကို ပြည်သူလူထုအနေနဲ့မမေ့လျော့စေဖို့အတွက် နှင်းဆီပန်းတွေပေးဝေခဲ့တာဖြစ်သလို၊ နှင်းဆီပန်းပေးဝေတာနဲ့ပတ်သက်လို့ ငွေကြေးတစုံတရာကောက်ခံတာမျိုးကိုလည်းမတွေ့ရပါဘူး။

 

ဒါ့ကြောင့် စစ်ကောင်စီလော်ဘီချန်နယ်တွေမှာ ဖြန့်ဝေနေသလို နှင်းဆီပန်းတပွင့်ကို ၇၀၀၀ကျပ်နှုန်းဖြင့် လက်နက်ပြရောင်းချနေတယ်ဆိုတဲ့ အကြောင်းအရာမှာ မှားယွင်းနေပြီး လုပ်ကြံဖန်တီးရေးသားထားတဲ့သတင်းမှားဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။

 

 ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

 

 စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။ 

 

DNA Fact Check  အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck@gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။

#DNA #DNAFactCheck #FactCheck #အာဇာနည်နေ့ #အချက်လက်စစ်ဆေးခြင်း