လေးမျက်နှာမြို့နယ်ထဲကို စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး

“ပန်းတောကြီးက ဘုန်းကြီးကျောင်းမီးလောင်တယ်တဲ့၊ ကျန်တဲ့ အခြေအနေတော့မသိရသေးဘူး” လို့လည်း အထက်ပါ ဒေသခံက ပြောပါတယ်။

၁၉၊ ဇူလိုင်

စစ်ကောင်စီတပ်က လေးမျက်နှာမြို့နယ်ထဲကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာပြီး အာရက္ခတပ်တော်(AA)ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ကျေးရွာတွေဘက် ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေပါတယ်။

“ဟိုနေ့ကလာတဲ့ စစ်​သင်္ဘောကနေ အင်အားလာဖြည့်သွားတာရော ကုန်လမ်းကနေရော အင်အားဖြည့်ထားခဲ့တာ” လို့ ငါးသိုင်းချောင်း ဒေသခံတဦးက DNA ကို ပြောပါတယ်။

အာရက္ခတပ်တော် ပူးပေါင်းတပ်တွေ လှုပ်ရှားမှုရှိတဲ့ စောပြာရွာနဲ့ သုံးမိုင်လောက်သာဝေးတဲ့ အောက်စုရွာ၊  ငဝန်မြစ်ကမ်းနံဘေးရှိ သောင်ဘုတ်ရွာတွေဘက်ကို စစ်ကောင်စီတပ်တွေ အင်အားဖြည့်တင်းရောက်ရှိနေတာဖြစ်ပြီး စုစုပေါင်းအင်အား လေးရာဝန်းကျင်ရှိတယ်လို့ ဆိုပေမယ့် DNA အနေနဲ့တော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်မှာ စစ်ကောင်စီတပ်ရဲ့ ပုသိမ်ရေတပ် စခန်း ဌာနချုပ်ကနေ လက်နက်ကြီးနဲ့ တင့်ကားတွေပါ သယ်ဆောင်လာတယ်ဆိုတဲ့ စစ်သင်္ဘော သုံးစီးဟာ ငဝန်မြစ်အတိုင်း ဆန်တက်လာခဲ့ပြီး လက်ရှိမှာတော့ လေးမျက်နှာမြို့နဲ့ အိုင်သပြုကျေးရွာ အနီးမှာ ရပ်နားထားတယ်လို့ သိရပါတယ်။

ဒေသခံတွေကတော့ လက်ရှိ လေးမျက်နှာမြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေထဲ အဲဒီစစ်သင်္ဘောတွေကနေတဆင့် လာတာတွေလည်း ရှိတယ်လို့ ဆိုကြပါတယ်။

လက်ရှိ စစ်ကောင်စီတပ်တွေ ရောက်ရှိနေတဲ့ ကျေးရွာတွေနဲ့ အနီးတဝိုက်ကျေးရွာတွေရှိ ဒေသခံတွေကတော့ မတိမ်းရှောင်နိုင်ကြသေးဘူးလို့လည်း သိရပါတယ်။

အလားတူပဲ ဒီကနေ့ မနက်ပိုင်းကလည်း စစ်ကောင်စီတပ်က ပုသိမ်-မုံရွာ ကားလမ်းပေါ်ရှိ ပန်းတောကြီး၊ လယ်တန်ငယ်၊ ထောက်ကြံ့ကွင်း၊ စောပြာ၊ ကျားကိုက်ကျေးရွာတွေဘက်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“ပန်းတောကြီးက ဘုန်းကြီးကျောင်းမီးလောင်တယ်တဲ့၊ ကျန်တဲ့ အခြေအနေတော့မသိရသေးဘူး” လို့လည်း အထက်ပါ ဒေသခံက ပြောပါတယ်။

ပန်းတောကြီးရွာမှာ စခန်းချထားတဲ့ ပန်းတောကြီးရွာက စစ်ကောင်စီတပ်စခန်းကိုတော့ ပြီးခဲ့တဲ့ ဧပြီလ အလယ်လောက်မှာ AA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

အဲဒီနောက်မှာတော့ ပန်းတောကြီးဘက်ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ မကြာခဏပြုလုပ်လေ့ရှိပြီး ဧပြီလကုန်ပိုင်းကတော့ လက်နက်ကြီးထိမှန်လို့ ပန်းတောကြီးရွာ ဘုန်းကြီးကျောင်းရှိ သက်တမ်းရင့် သာသနိက အဆောက်အဦးတခု မီးလောင်ပျက်စီးခဲ့ပါသေးတယ်။

အာရက္ခတပ်တော် ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်ကြောင့် လေးမျက်နှာမြို့နယ်ထဲရှိ ပုသိမ်-မုံရွာ ကားလမ်းပိုင်းကို စစ်ကောင်စီတပ်က မထိန်းချုပ်နိုင်ဘဲ လက်လွှတ်ထားရတာ နှစ်လကျော်ရှိနေပြီဖြစ်ပြီး အဲဒီလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ရေး စစ်ရေးလှုပ်ရှားမှုတွေလည်း မကြာခဏရှိနေပါတယ်။