ပုသိမ်မြို့က မြန်မာ့ရိုးရာ လက်ယက္ကန်းစင်လုပ်ငန်း ကွယ်ပျောက်လုရှိနေ

အရင်က ယက္ကန်းကွက်သစ် တရပ်ကွက်တည်းမှာ အလုပ်ရုံ (လက်ယက္ကန်း စင်ရုံ) ၅၀ ကျော်ရရှိခဲ့ပြီး ဇေယျဝတီ ၊ အောင်ချမ်းသာ ၊ ငဝန်းကျွန်းသာ၊ နှစ်ထောင်တန် ၊‌ဝေဠုဝန်၊ မြို့ပါတ်လမ်း ၊ အိုးဘိုတန်းလမ်း၊ မင်းရပ်တန်းလမ်း နဲ့ ကရင်အမျိုးသမီးကုန်းတို့မှာ ယက္ကန်းစင်လုပ်ငန်းတွေ လုပ်ကိုင်ခဲ့တာကြောင့် အလုပ်ရုံ ပေါင်း ၁၅၀ ဝန်းကျင် ရှိခဲ့ပါတယ်။

၁၉၊ဇူလိုင်လ။

ဧရာဝတီတိုင်း ပုသိမ်မြို့မှာ  နှစ်ပေါင်းတရာကျော် တည်ရှိခဲ့တဲ့ မြန်မာ့ရိုးရာ လက်ယက္ကန်းစင်လုပ်ငန်းတွေ လုပ်ကိုင်သူ နည်းပါးလာပြီး ကွယ်ပျောက်လုနီး ဖြစ်နေပါတယ်။

“လက်ရှိအလုပ်ရုံ က လည်း ကရင် နဲ့ ကယား တိုင်းရင်း သား ပုဆိုး လုံခြည် ရယ် အင်္ကျီအတွက် ဖျင် စတွေ ကိုပဲ ရက်တော့တယ် တိုင်းရင်းသား ဝတ်စုံ အတွက်ပဲ သီးသန့် လုပ်တာ၊ အဲဒီ အလုပ်ရုံက ကရင်အမျိုးသမီးကုန်းမှာ   တရုံပဲရှိတယ်” လို့ အသက် ၇၅  နှစ် ရှိ လက်ယက္ကန်းစင် ပညာရှင် တဦး ကပြောပါတယ်။

အရင်က ပုသိမ်မြို့ပေါ်ရပ်ကွက်တွေမှာ လက်ယက္ကန်းစင်နဲ့ ပုဆိုး၊ လုံချည်ဖျင်စ ယက်လုပ်တဲ့ လုပ်ငန်း လုပ်ကိုင်သူ အများအပြား ရှိခဲ့ပေမယ့် ၁၉၈၈ ခုနှစ်နောက် ပိုင်းက စတင်ပြီး လုပ်ကိုင်သူတွေ တဖြည်းဖြည်း လျော့နည်းလာကာ ၂၀၂၃ ခုနှစ်မှာ အလုပ်ရုံ ၂ ရုံ နဲ့ လက်ယက္ကန်းစင် ၂၀ ခန့်သာ ကျန်ရှိနေရာကနေ ဒီနှစ်ပိုင်းတွေမှာတော့ အလုပ်ရုံ တရုံ နဲ့ လက်ယက္ကန်းစင် ၁၀ စင်ဝန်းကျင်သာ ကျန်ရှိပါတော့တယ်။

အရင်က ယက္ကန်းကွက်သစ် တရပ်ကွက်တည်းမှာ အလုပ်ရုံ (လက်ယက္ကန်း စင်ရုံ) ၅၀ ကျော်ရရှိခဲ့ပြီး ဇေယျဝတီ ၊ အောင်ချမ်းသာ ၊ ငဝန်းကျွန်းသာ၊ နှစ်ထောင်တန် ၊‌ဝေဠုဝန်၊ မြို့ပါတ်လမ်း ၊ အိုးဘိုတန်းလမ်း၊ မင်းရပ်တန်းလမ်း နဲ့ ကရင်အမျိုးသမီးကုန်းတို့မှာ ယက္ကန်းစင်လုပ်ငန်းတွေ လုပ်ကိုင်ခဲ့တာကြောင့် အလုပ်ရုံ ပေါင်း ၁၅၀ ဝန်းကျင် ရှိခဲ့ပါတယ်။

စက်ယက္ကန်းစင်တွေ တွင်ကျယ်လာပြီးနောက် ထုတ်လုပ်မှု အားမှာ ၁ ဆ ၄ ဆ ကွာ သွားတာ၊ နည်းပညာ လိုအပ် ချက် ရှိလာတာ၊ စက်ကိုအားပြု လုပ်ရတာကြောင့် လက်မှုပညာသည် လုပ်သား လျော့ကျသွားတာ ချည်ထည် ကုန်ကြမ်းဈေးမြင့်တက် လာတာတွေကြောင့် လက်ယက္ကန်းစင် လုပ်ငန်း တဖြည်းဖြည်း တိမ်ကောလာတယ်လို့ လက်ယက္ကန်းစင် လုပ်ငန်းရှင်တွေက ဆိုပါတယ်။

“စက်ပစ္စည်းတွေ ကိုင်တွယ်ဖို့ဆိုတာက အခက်အခဲရှိတယ်။ ပြီးတော့ အရင်းအနှီး အခက်အခဲကြောင့်လည်း လုပ်ငန်းရှင်တွေက ဒီလုပ်ငန်းကို မလုပ်ကြတော့ဘူး ပညာရှင်လုပ်သားတွေကလည်း အခြားအလုပ် ပြောင်းလုပ် ကြရာက မျိုးဆက် ပြတ်ပြီး တိမ်ကောလာတာ”လို့ အသက် ၅၀ ကျော်ရှိ လက်ယက္ကန်းစင်ခတ်သူ အမျိုးသမီး တဦးက ပြောပါတယ်။

လက်ရှိ ယက္ကန်း အလုပ်ရုံကလည်း ကရင် နဲ့ ကယား တိုင်း ရင်းသား အထည်တွေပဲ လိုအပ်ချက် ပေါ်မူတည်ပြီး လုပ်ကိုင်ကြရတဲ့ အတွက် ဝင်ငွေက ပုံမှန်မဟုတ်တဲ့ အတွက် ယက္ကန်းခတ်တဲ့ အလုပ်သမ တွေကလည်း အခြားအလုပ်အကိုင်တွေ ပြောင်းလုပ်ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် အဓိက ကုန်ကြမ်းဖြစ်တဲ့ ၂/၈၀ တရုတ်ချည်ထုပ် တထုတ်ကို မန္တလေးဈေးကွက်ကနေ ပုသိမ်ဈေးကွက် အရောက် ကျပ်နှစ်သိန်းကျော်အထိ ဈေးမြင့်တက်သွားတာကြောင့် မန္တလေး နဲ့ ဝမ်းတွင်းဖက်ကထွက်တဲ့ အထည်တွေကို ဈေးကွက်မှာ မယှဉ်ပြိုင်နိုင်တော့တဲ့အတွက် ပုသိမ်မြို့ကထုတ်လုပ်တဲ့ လက်ယက္ကန်း အထည်ဈေးကွက် ပျက်ခဲ့ရတာပါ။

အရင်က ပုသိမ်မြို့က ထုတ်လုပ်တဲ့ လက်ယက္ကန်းထည်တွေဖြစ်တဲ့ ပုဆိုး ၊လုံခြည်၊ အထည် နဲ့ သင်္ကန်းတွေကို ဧရာဝတီတိုင်းအတွင်းသာမက ရခိုင်ပြည်နယ် ၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ် နဲ့ ရန်ကုန်တိုင်း အတွင်းအထိ ဈေးကွက် ကျယ်ကျယ် ပြန့်ပြန့် ရှိခဲ့ပေမယ့် ယခုအခါမှာတော့ ကရင် နဲ့ ကယား တိုင်းရင်းသား ပုဆိုး၊ လုံခြည် အ ထည်ဖျင်စတွေကို  အမှာစာ အရသာ ထုတ်လုပ်နိုင်ပါတော့တယ်။