ဧရာဝတီတိုင်းထဲက မြို့ကြီးတချို့မှာ မြစ်ရေ စိုးရိမ်ရေအမှတ်ရောက်ရှိ

“ ၇၂ နာရီ မိုးရေချိန်ပြမြေပုံမှာတွေ့ရတဲ့အတိုင်း ၂၄ နာရီပျမ်းမျှမိုးရေချိန်ဆိုရင် ၀.၅ လက်မ ခန့်သာရှိနိုင်ပါမယ်။ ကျွန်တော်အရင်ကလဲ ပြောခဲ့ပြီးပါပြီ။ ဆိုးရွားတဲ့ ရေကြီး/ရေလျှံတာ မဖြစ်နိုင်ပါ ”မိုးဇလပညာရှင် ဦးဝင်နိုင်က ပြောပါတယ်။

၁၉၊ဇူလိုင်လ။

ဧရာဝတီတိုင်းထဲက ဧရာဝတီမြစ်လက်တက်တွေမှာ စိုးရိမ်ရေမှတ် အထက်ထိ ရေတက်နေပြီး ငဝန်မြစ်၊ တိုးမြစ်တို့မှာလည်း စိုးရိမ်ရေမှတ်နားထိ ရေတက်လာနေတဲ့အပြင် နောက် ၂ ရက်အတွင်းမှာ စိုးရိမ်ရေမှတ်အထက်ကို ရောက်ရှိမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ ဇလွန်မှာကတော့ ရေက တာအပြင်ပိုင်းကိုတော့ ဝင်နေပါပြီ။ အခုအခြေအနေကတော့ တာအပြင်ပိုင်းတွေ ရေမြုပ်နေပြီဆိုပေမယ့် ရေကြီးတဲ့ အခြေအနေမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီအတိုင်းဆက်သွားရင်တော့ ရေကလည်း မကျဘူးဆိုရင် ရေကြီးလာနိုင်မလားဆိုတဲ့ စိုးရိမ်မှုကတော့ ရှိပါတယ် ” လို့ ဇလွန်ဒေသခံ တဦးက ဆိုပါတယ်။

ဧရာဝတီတိုင်းထဲမှာ အခုရက်ပိုင်းအတွင်း မိုးကလည်း ဆက်တိုက်ရွာသွန်းနေပြီး ဧရာဝတီမြစ်ရေ၊ငဝန်မြစ်ရေ နဲ့ တိုးမြစ်ရေတွေ အပြင် ဧရာဝတီမြစ်လက်တက်တွေနဲ့ နီးတဲ့ အနိမ့်ပိုင်းကျေးရွာတွေမှာ ရေဝင်ရောက်မှုတွေ ရှိလာနေတာပါ။

“ခုကမိုးကလည်း ဆက်တိုက်များနေတယ်။ ရေကလည်း ဆက်တိုက်တိုးနေတယ်ဆိုတော့ စိုးရိမ်တာပေါ့။ ၂၀၁၅ တုန်းဆို လယ်တွေအများကြီး ပျက်ဆီးသွားခဲ့တာ။ လူတွေလည်း ဒုက္ခရောက်လိုက်တာဆိုတာ။ အခုက စစ်ကလည်း ပူရသေးဆိုတော့ အဲ့လိုများသာ ထပ်ဖြစ်ရင် သေလိုက်ဖို့ပဲ ရှိတော့တယ် ” လို့ ရေကြည်မြို့နယ် ဒေသခံတဦးက ဆိုပါတယ်။

မိုးဇလ ပညာရှင် ဦးဝင်းနိုင် အပါအဝင် DNA ရဲ့ မိုးဇလ ဆိုင်ရာ သတင်းရင်းမြစ်တွေကတော့ ဆိုးဝါးတဲ့ ရေကြီးမှုမျိုးတွေ ဧရာဝတီတိုင်းအတွင်းမှာ ဖြစ်လာနိုင်ချေ မရှိဘူးလို့ သုံးသပ်ထားကြပါတယ်။

“ ၇၂ နာရီ မိုးရေချိန်ပြမြေပုံမှာတွေ့ရတဲ့အတိုင်း ၂၄ နာရီပျမ်းမျှမိုးရေချိန်ဆိုရင် ၀.၅ လက်မ ခန့်သာရှိနိုင်ပါမယ်။ ကျွန်တော်အရင်ကလဲ ပြောခဲ့ပြီးပါပြီ။ ဆိုးရွားတဲ့ ရေကြီး/ရေလျှံတာ မဖြစ်နိုင်ပါ ”မိုးဇလပညာရှင် ဦးဝင်နိုင်က ပြောပါတယ်။

လက်ရှိအချိန်မှာ ညောင်တုန်း၊ ဓနုဖြူ၊ ဟင်္သာတ၊ ဇလွန်၊ မြန်အောင်၊ ကြံခင်း၊ ငသိုင်းချောင်းနဲ့ ဘိုကလေး မြို့နယ်တွေက တာအပြင်ဘက်နဲ့ အနိမ့်ပိုင်းတွေမှာရှိနေတဲ့ ကျေးရွာ၊ ရပ်ကွက်တွေထဲကို ရေဝင်ရောက်နေတာဟာ ၄ ရက်ဝန်းကျင်ရှိနေပြီဖြစ်ပါတယ်။

ဒီရက်သတ္တပတ်အတွင်း မိုးလေဝသခန့်မှန်းချက်တွေအရ လာမယ့် ဇူလိုင် ၂၂ ရက်နောက်ပိုင်းမှာ ဧရာဝတီတိုင်းထဲက ဧရာဝတီမြစ်တလျှောက်မှာရှိတဲ့ မြို့နယ်တွေမှာ မိုးသည်းထန်စွာရွာသွန်းနိုင်ချေရှိနေပြီး၊ မိုးသက်လေပြင်းတွေလည်း တိုက်နိုင်ချေ ရှိနေပါတယ်။ ဒါအပြင် အဲ့ဒီရက်တွေဟာ လကွယ်ရက်(ဒီရေတက်ရက်)တွေ ဖြစ်ပါတယ်။