မေလဆန်း အတွင်း က ကွမ်းအကြမ်းဈေး တပိဿ ၅၀၀၀ ကျပ် ၊ ယာဆိုက်ပြည့်ကွမ်း ဖြစ်တဲ့ အချောဈေး မှာ တပိဿ ၆၅၀၀ ကျပ် ဝန်းကျင် ရှိနေရာကနေ ရုတ်တရက် မြင့်တက်လာတာပါ။
၁၈၊ဇူလိုင်လ။
ဧရာဝတီတိုင်း အတွင်းက ကွမ်းရွက် ရောင်းဝယ် ဈေးနှုန်း မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ဒုတိယပတ်ကစပြီး ရုတ်တရက် ၃ ဆ ကျော် မြင့်တက်သွား ခဲ့ပါတယ်။
ယာဆိုက်ပြည့်ကွမ်း(ကွမ်းချော) ယာကွမ်း ၊ကွမ်းကြမ်းဖြစ်တဲ့ ဆိုက်လတ်ကွမ်း နဲ့ ပယ်ကြီးကွမ်း စတဲ့ ကွမ်းရွက် အမျိုးအစား အလိုက် ရောင်းဝယ်ဈေးနှုန်း မြင့် တက် လာတာ ဖြစ်ပြီး ကွမ်းကြမ်းတစ်ပိသာ ၁၆၀၀၀ ကျပ် နဲ့ ကွမ်း ချော တစ်ပိသာ ၂၁၀၀၀ ကျပ်အထိ မြင့်တက်ခဲ့ပါတယ်။
“ဇူလိုင်လဆန်း ကစပြီး နေ့ည အဆက်မပြတ် မိုးရွာတော့ ကွမ်းခြံတွေ ရေဝပ်ပြီး အမြစ်တွေ ပုပ်တာကနေ ပိုးကျ ပြီး သေကုန်တော့ ကွမ်းရွက် ထွက်နှုန်း က ကျသွားတယ် ရုတ်တရက်ကြီး ဖြစ်သွားတာ၊ အထက်ဖက်ကို ပို့ရတဲ့ ကုန်ချိန် နဲ့ ဧရာဝတီတိုင်းပြင်ပ ကို ပို့ရတဲ့ ကုန်ချိန် ဝယ်လိုအားက များပေမယ့် ထွက်တာက နည်းနေတော့အပြိုင် ဈေးပေးဝယ် ကြတာမှာ ကွမ်းရွက်ဈေးက စံချိန်တင် မြင့် တက်သွားတာ”လို့ ကွမ်းရွက် ကုန်သည် တဦးက ပြော ပါတယ်။
မေလဆန်း အတွင်း က ကွမ်းအကြမ်းဈေး တပိဿ ၅၀၀၀ ကျပ် ၊ ယာဆိုက်ပြည့် ကွမ်း ဖြစ်တဲ့ အချောဈေး မှာ တပိဿ ၆၅၀၀ ကျပ် ဝန်းကျင် ရှိနေရာကနေ ရုတ်တရက် မြင့်တက်လာတာပါ။
ပြီးခဲ့တဲ့ ဇူလိုင်လဆန်း ကစတင်ပြီး ဧရာဝတီတိုင်းအတွင်းက ကွမ်းအများအပြား စိုက်ပျိုးရောင်းချတဲ့ ပန်းတနော် ညောင်တုန်း၊ ကျောင်းကုန်း ၊ ပုသိမ် ၊ သာပေါင်း၊ ကန်ကြီးထောင့် စတဲ့ မြို့နယ်တွေမှာ မိုးအဆက်မမြတ် ရွာသွန်း မှုကြောင့် မြေနိမ့်ပိုင်းမှာ စိုက်ပျိုး ထားတဲ့ ကွမ်းခြံတွေ ပိုးကျပြီး ပျက်စီးခဲ့ပါတယ်။
ဒါ့အပြင် အထက်မြန်မာပြည်ရှိ ကွမ်းအထွက်များတဲ့ စစ်ကိုင်း ၊မုံရွာ၊ တံတားဦး ဒေသဘက်မှာလည်း စစ်ကောင် စီ တပ်တွေ စစ်ကြောင်းထိုးနေတာကြောင့် ကွမ်းစိုက်တောင်သူတွေ စိုက်ပျိုးမှု လျော့ကျသွားပြီး ဧရာဝတီတိုင်းက ထွက်တဲ့ ကွမ်းရွက်တွေ ဝယ်လိုအား များလာပါတယ်။
ဧရာဝတီတိုင်းက ကွမ်းတွေကို စစ်ကိုင်း၊ မုံရွာ၊ တံတားဦး ထွက်တဲ့ ကွမ်းရွက်တွေနဲ့ အပြိုင် ရန်ကုန်၊ မော်လမြိုင် ၊ မကွေး၊ ပဲခူး ဈေးကွက်တွေကို အများဆုံး ဖြန့်ဖြူးရောင်းချကြပြီး စစ်ကိုင်း၊ မုံရွာ၊ တံတားဦး ဈေးကွက် ကိုတော့ ထိုးဖေါက်ရောင်းချသူနည်းပါးတယ်လို့ ရွာလုံးကျွတ်မျှ ကွမ်းစိုက်ပျိုး ရောင်းချတဲ့ ကျောင်းကုန်းမြို့နယ်ရှိ အရှေ့ မိုးပြာ ရွာသားအချို့ဆီက သိရပါတယ်။
“ကွမ်းစိုက်တဲ့သူ အများစုက ကွမ်းခူးတဲ့ အချိန်နဲ့ ကွမ်းဈေးတက်ချိန် တည့်တည့်တိုးမှ အဆင်ပြေကြတာ ခုက ကွမ်းပင် ထွက်နှုန်းကျချိန်မှာ ဈေးတက်တာ ဆိုတော့ အများစု အဆင်မပြေဘူး။ ရွက်ဖြန်းဆေး နဲ့ ပိုးသတ်ဆေးကို သုံးဆတက်ဈေးနဲ့ ဝယ်သုံးရတယ်။ ကွမ်းမျိုးအတွက် ကွမ်းညွှန့်ကို ဈေးကြီးပေးဝယ် စိုက်ထားရတာ ဆိုတော့ ကွမ်းပင်က ရွှေသီးတယ် လို့ ပြောလို့မရဘူး” လို့ သာပေါင်းမြို့နယ်က ကွမ်းစိုက် တောင်သူ တဦးက ရှင်းပြပါ တယ်။
ကွမ်းယာရောင်းချသူတွေ အနေနဲ့ ကွမ်းရွက်ဈေးနှုန်းနဲ့ ကွမ်းယာမှာသုံးတဲ့ ကွမ်းစားဆေး အမျိုးမျိုးကလည်း ဈေးတက်လာတဲ့ အတွက် ကွမ်းယာ ၆ ယာကို ကျပ် ၂၀၀ နဲ့ ရောင်းချခဲ့ရာက ကွမ်းယာ ၈ ယာကို ကျပ် ၁၀၀၀ နဲ့ တိုးမြင့်ရောင်းချရ တဲ့အတွက် စားသုံးမှု လျော့ကျလာပြီး ရောင်းချရတာ အဆင်မပြေ ဖြစ်လာတယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းက ပုသိမ် ၊ကျောင်းကုန်း ၊ သာပေါင်း၊ ညောင်တုန်း၊ ပန်းတနော်၊ ဟင်္သာတ၊ မြောင်းမြ၊ ရေကြည်၊ အသုတ်၊ ကန်ကြီးထောင့် စတဲ့ မြို့နယ်တွေ မှာ ကွမ်းကို စီးပွားဖြစ်စိုက်ပျိုးကြပြီး မျိုးကွမ်းညွှန်တွေကို ပျိုးထောင်စိုက်ပြီးချိန်ကနေ ၃ လအကြာမှာ ၁၅ ရက်တကြိမ် ကွမ်းရွက်တွေကို ခူးဆွတ်ပြီး ရောင်းချကြပါတယ်။