“ သူတို့က နေမကောင်းလို့ တက်ပြီးသေသွားတာလို့ပြောတယ်။ တကယ်က ဖျားနေတဲ့သူကိုပဲ သူတို့ဖမ်းသွားတာလေ။ ဒဏ်ရာတွေကိုကြည့်တော့လည်း ဖျားနေတဲ့သူကို ဘယ်လောက်တောင် ရိုက်နှက်ထားလဲ မသိဘူး ဖူးယောင်လို့။”လို့ဖြစ်စဥ်ကိုအတည်ပြုပေးသူတဦးကပြောပါတယ်။
၁၈၊ဇူလိုင်။
ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ၊ ညီနောင်ဖျားကျေးရွာအုပ်စုမှာ စစ်မှုထမ်းအဖြစ် အတင်းအကြပ်ဖမ်းဆီးခံထားရသူကို ပြန်ရွေးဖို့ ငွေ ၁၀၈ သိန်း ရယူထားပေမယ့် ဖမ်းဆီးခံရသူ သေဆုံးသွားခဲ့တာကြောင့် အုပ်ချုပ်ရေးမှူးကို ဖြေရှင်းပေးဖို့ ကျေးရွာနေပြည်သူတွေက တောင်းဆိုနေကြတယ် လို့ သိရပါတယ်။
လက်ရှိအချိန်အထိ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူက ဒီကိစ္စကို မဖြေရှင်းနိုင်သေးတဲ့အပြင်တဖက်မှာလည်း ပြဿနာရှာသူတွေနဲ့ သတင်းဖြန့်သူတွေကို အရေးယူမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေရှိနေတယ် လို့ DNA က စုံစမ်းသိရှိရပါတယ်။
“ ဒီဖြစ်စဉ်က အမှန်ပဲ။ ဒိတ်တွေကတော့(ရက်စွဲ) နည်းနည်းလွဲရင်လွဲမယ် ဖြစ်စဉ် အမှန်ပဲ။ ကောင် လေး body(ရုပ်အလောင်း) ပြန်ရလာတော့ ဒဏ်ရာတွေနဲ့ ပြီးတော့ လွန်ခဲ့တဲ့ တလလောက်တုန်းကလည်း ညီနောင်ကနေ စစ်မှုထမ်းပါသွားတဲ့ တယောက် ရှေ့တန်းမှာ ဗုံးမှန်ပြီး သေသွားတယ်။ အဲ့ဒါကိုလည်း စစ်မှုထမ်းထောက်ပံ့ငွေတွေသာကောက်နေတာ ဘာမှ မလုပ်ပေးဘူး”လို့ ဖြစ်စဉ်ကိုသိရှိသူတဦးက ရှင်းပြပါတယ်။
လွန်ခဲ့တဲ့ ဇူလိုင် ၉ ရက်နေ့က ညီနောင်ဖျားကျေးရွာ နေ ကိုအောင်အောင် အမည်ရ အသက် ၃၀ အရွယ် လူငယ်တဦးဟာ နေမကောင်းလို့ ဆေးခန်းသွားပြရာ လမ်းခုလတ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူး မျိုးမင်းအောင် ပါဝင်တဲ့ အဖွဲ့က ကိုအောင်အောင်ကို စစ်မှုထမ်းရမယ်ဆိုပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။
ဒီလိုဖမ်းဆီးခေါ်ဆောင်သွားပြီးတဲ့နောက် ကာယကံ ရှင်ရဲ့ မိသားစုကို စစ်မှုမထမ်းစေချင်ရင် ငွေကျပ် ၁၀၈ သိန်းပေးဖို့ အုပ်ချုပ်ရေးမှူးကပြောတာကြောင့် ဇူလိုင် ၁၂ရက်နေ့မှာ တောင်းတဲ့ငွေကြေးကို ပေးခဲ့ပေမယ့် ဇူလိုင်၁၃ ရက်နေ့မှာတော့မော်လမြိုင်ကျွန်း
မြို့ ရင်ခွဲရုံမှာ ကိုအောင်အောင်ရဲ့ ရုပ်အလောင်းကို လာရောက်ထုတ်ယူဖို့ အကြောင်းကြားမှုကို ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ရုပ်အလောင်းကို သွားရောက်ထုတ်ယူရာမှာ နေမကောင်းဖြစ်နေတာကြောင့် သေဆုံးရတာဖြစ်တယ်
လို့ ဆိုပေမယ့် ကိုအောင်အောင်ရဲ့ ဦးခေါင်းနဲ့ ခန္ဓာကိုယ်မှာ ဖူးယောင်ဒဏ်ရာတွေ ရှိနေခဲ့တယ်လို့ အတည်ပြုပေးသူလည်းရှိပါတယ်။
“သူတို့ကနေမကောင်းလို့ တက်ပြီးသေသွားတာလို့ပြောတယ်။ တကယ်က ဖျားနေတဲ့သူကိုပဲ သူတို့ဖမ်းသွားတာလေ။ ဒဏ်ရာတွေကိုကြည့်တော့လည်း ဖျားနေတဲ့သူကို ဘယ်လောက်တောင် ရိုက်နှက်ထားလဲ မသိဘူး ဖူးယောင်လို့။ သူနဲ့ အုပ်ကြီးနဲ့က မတည့်ဘူးလို့တော့ ပြောကြပေမယ့် အဲ့ဒါကိုတော့ သေချာမသိဘူးပေါ့နော်” လို့ အတည်ပြုပေးသူက ရှင်းပြပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သတင်းအပြင်မထွက်ဖို့နဲ့ တကယ်လို့သတင်း ထွက်လာခဲ့ရင် ရွာမှာရှိသူတွေကို စစ်မှုထမ်းဖို့ ဆွဲခိုင်းမယ်ဆိုပြီး ညီနောင်ဖျားကျေးရွာအုပ်ချုပ်ရေးမှူး မျိုးမင်းအောင်က ခြိမ်း ခြောက်ထားတယ်လို့လည်းသိရပါတယ်။