မြန်မာ အိမ်အကူတွေကို ကာကွယ်နိုင်မယ့် ယန္တရားတခု အရေးတကြီး လိုအပ်နေပြီ

အိုမန်ဟာလည်း ILO ရဲ့အဖွဲ့ဝင်နိုင်ငံဖြစ်တယ်ဆိုတော့ အိုမန်နိုင်ငံက ILO ရဲ့ အိမ်အကူလုပ်သားများအတွက် ပြဌာန်းချက်အမှတ် ၁၈၉ အရ ဒါကိုဆောင်ရွက်မယ်ဟေ့ဆိုရင် အိမ်အကူအမျိုးသမီးအတွက်ကို ရှေ့နေအပါအဝင် ကာကွယ်မှုတချို့ သူရလိမ့်မယ်။ ဒါကလည်း အိုမန်နိုင်ငံက ဒီအချက်ကို ဘယ်လောက်ထိ လိုက်နာမလဲဆိုတဲ့ အပေါ်မူတည်တယ်။

၁၇၊ဇူလိုင်လ။

ဇူလိုင်လဆန်းက အိုမန်နိုင်ငံမှာ မြန်မာ အိမ်အကူတဦးက အေဂျင်စီရုံးက မြန်မာတဦးကို ဓားနဲ့ထိုးသတ်လိုက်တဲ့ ဖြစ်စဉ်တခုဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ ပါဝင်ပတ်သက်သူ နှစ်ဦးလုံးမှာ ဧရာဝတီတိုင်းက ဖြစ်ကြပြီး ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာလည်း အိုမန်နိုင်ငံမှာပဲ အိမ်အကူလုပ်ကိုင်ခဲ့တဲ့ ဧရာဝတီတိုင်း ပုသိမ်သူတဦး သေဆုံးမှုတခုလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း ပြည်တွင်းမှာ အလုပ်အကိုင် ရှားပါးလာတာ ၊ စစ်မှုထမ်း ဥပဒေကြောင့် လူငယ်တွေ နေရပ်စွန့်ခွာပြီး နိုင်ငံရပ်ခြားကိုထွက် ရရာအလုပ် လုပ်ကိုင်ကြတာကြောင့် ဒေသတွင်း နိုင်ငံတွေ ဖြစ်တဲ့ ထိုင်း ၊ မလေးရှား ၊ စင်္ကာပူနိုင်ငံတွေ အပြင် အရှေ့အလယ်ပိုင်း နိုင်ငံတွေဘက်အထိ မြန်မာအိမ်အကူလုပ်သား ဈေးကွက် ကျယ်ပြန့်လာနေပါတယ်။

အခုနောက်ပိုင်းမှာ အိုမန် အပါအဝင် အရှေ့အလယ်ပိုင်း နိုင်ငံတွေဆီကို အိမ်အကူအဖြစ် သွားရောက် အလုပ်လုပ်ကိုင်ကြတဲ့ မြန်မာအမျိုးသမီးတွေဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေတာ၊ ရောဂါနဲ့သေဆုံးသွားတာ၊ လုပ်ခလစာမရတာ၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရတာ စတဲ့ဖြစ်စဉ်တွေဟာလည်း နေရာအနှံ့ကနေ မကြာခဏ ကြားနေ၊မြင်နေရတဲ့ အခြေအနေဖြစ်လာနေပါတယ်။

နိုင်ငံရပ်ခြားမှာ မြန်မာအမျိုးသမီးတွေ အခုလိုမျိုး ထိခိုက်ခံစားနေရတာတွေနဲ့ပတ်သက်လို့ ဘာတွေလုပ်လို့ရနိုင်မလဲ၊ နိုင်ငံရပ်ခြားမှာ မြန်မာ – မြန်မာ ခြင်း ပြန်သတ်မိရလောက်တဲ့အထိ ဘာတွေက တွန်းအားဖြစ်လာစေတာလဲ စတာတွေကို အလုပ်သမားရေး ကျွမ်းကျင်တဲ့ တရားလွှတ်တော်ရှေ့နေ မဇာလီအေးကို DNA က ဆက်သွယ်မေးမြန်းဖြစ်ခဲ့ပါတယ်။

အလုပ်သမားရေး ကျွမ်းကျင်သူ တရားလွှတ်တော်ရှေ့နေ မဇာလီအေးနှင့် ဆက်သွယ်မေးမြန်းခြင်း။

မေး – အိုမန်မှာ ဖြစ်သွားတဲ့ မြန်မာ – မြန်မာခြင်း အသတ်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပြောချင်တာများ ရှိမလား။

ဖြေ – မကြာသေးခင်တုန်းကဖြစ်သွားတဲ့ မြန်မာအချင်းချင်း လက်ရောက်မှုကြောင့် သေသွားတယ်ဆိုတဲ့ ကိစ္စက ပိုပြီးတော့ “ဟစ်”ဖြစ်တယ်ပေါ့။ ဒီနေရာမှာ Hidden  (ဖုံးကွယ်နေတဲ့အရာ) ကဘာလဲဆိုတော့ အဲ့ဒီအမျိုးသမီးက မုဒိမ်းကျင့်ခံရတယ်ဆိုတဲ့ဟာက Hidden ဖြစ်သွားတယ်။ မြုပ်သွားတယ်ပေါ့နော်။

ဒီဖြစ်စဉ်ကို မပြောသေးပဲ အစကနေပြန်ကောက်ရမယ်ဆိုရင် အိမ်အကူအမျိုးသမီးတယောက်ဟာ မြန်မာနိုင်ငံကနေ အိုမန်ကို သူဘယ်လိုရောက်လာလဲပေါ့နော်။ အိမ်အကူလုပ်သားတွေကို အေဂျင်စီအနေနဲ့လွှတ်တာတွေရှိတယ်။ အရင်ကတော့ ယိုးဒယား၊ စင်ကာပူနဲ့ မကာအိုကို ပို့တာတွေရှိတယ် ခုနောက်ပိုင်းမှာ အိုမန်ကိုပို့တာတွေ များလာတယ်။ ဒီတော့ အလုပ်ရှာပေးတဲ့ အေဂျင်စီအဖွဲ့နဲ့ အလုပ်သမားနဲ့ကြားမှာ ဘာစာရွက်စာတမ်းတွေရှိလား၊ ကတိကဝတ်တွေရှိလား၊ ဥပဒေနဲ့ညီလားပေါ့နော်။ ဆိုတော့ အဲ့ဒါကို ကျွန်မတို့ကပြန်ကြည့်ရမယ်။ ဒါမှကျွန်မတို့က အလုပ်ခေါ်ပေးတဲ့သူရဲ့ တာဝန်နဲ့ ဝတ္တရားကို ကျွန်မတို့ သိနိုင်မယ်။

အဲ့ဒီနောက်မှာ သူတို့ကိုပြောထားတဲ့ လစာနဲ့ မညီညွတ်တာလား၊ နောက် အလုပ်ချိန် အလုပ်လုပ်ရတဲ့ ပုံစံတွေ မတူလို့လား၊ နောက်တော်တော်များများက အကြွေးနဲ့သွားကြတာများတယ်။ ပြီးတော့မှ လုပ်အားလစာထဲက ဘယ်လောက်ဘယ်လောက်ဆိုပြီး သူတို့က သတ်မှတ်ပြီး နုတ်တာတွေရှိတယ် ဒါတွေကရော အိုမန်ကိုပို့နေတဲ့သူတွေက ဘယ်လိုစနစ်တွေနဲ့သွားနေလဲ အဲ့ဒါက သိပ်အရေးကြီးတယ်။ ဘာလို့လည်းဆိုတော့ Burnout(ခြေကုန်လက်ပန်းကျခြင်း) ဖြစ်သွားတဲ့ အခြေအနေမျိုးတွေဖြစ်လာတဲ့အခါ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာတော့တာပဲ။ အလုပ်ကပင်ပန်းမယ် စိတ်ဓာတ်ကျမယ် အေဂျင်စီတွေက တာဝန်မယူတာတွေများလာမယ် ဆိုရင် Burnout ဖြစ်လာနိုင်တယ်။ သူလုပ်နေရတာနဲ့ သူရတာက ဘယ်လောက်ကွာနေလဲက အစပေါ့။

မေး – နိုင်ငံခြားမှာ အလုပ်လာလုပ်တာ တော်ရုံကို ငြီးငြူမနေနဲ့ဆိုတဲ့ အသံတွေကို မကြာခဏ ကြားရပါတယ်။ Burnout ဖြစ်လာတာကို ငြီးငြူတယ်လို့ ထင်တတ်ကြတာမျိုးလား။

ဖြေ – အိမ်အကူအများစုသည် အမျိုးသမီးတွေဖြစ်တယ်။ ဒီနေရာကိုရောက်လာတယ်ဆိုတာကလည်း ပျော်ရွှင်ပြီးရောက်လာကြတာ မဟုတ်ဘူး။ ဆိုတော့ အများစုက တော်ရုံကိစ္စကို ငြီးငြူတာမျိုး မလုပ်ကြဘူး။ အလုပ်ပြုတ်မှာ အိမ်ရှင်ငြိုငြင်မှာလည်း စိုးတဲ့အခါမှာ တတ်နိုင်သမျှ သည်းခံကြတယ်။ သည်းခံနေရင်းနဲ့ ဖြစ်လာတဲ့ ကိစ္စတွေ ပြဿနာတွေကို အဲ့ဒီနိုင်ငံမှာ သူတို့နဲ့ အနီးစပ်ဆုံးလိုဖြစ်နေတဲ့ ဆွေမျိုးသားခြင်းလို့ အားကိုးရာတခုလိုဖြစ်နေတဲ့ အေဂျင်စီတွေကို ပြောပြကြတယ် တိုင်ကြတယ်။ အဲ့လိုပြောပြီဆိုရင်ကို ပြောရတဲ့အထိဖြစ်လာပြီ ဆိုရင်ကို အများစုက Burnout ဖြစ်နေကြပြီ။

မေး – ခုဖြစ်တဲ့ကိစ္စဟာ Burnout ဖြစ်ရာကနေ စတဲ့ကိစ္စလို့ ယူဆနိုင်တာမျိုးလား။

ဖြေ – အဲ့လိုဖြစ်နိုင်တာပေါ့။ ပြဿနာတွေကို အေဂျင်စီဘက်က တုန့်ပြန်တာတွေဟာ အဆင်မပြေဘူးဆိုရင် ပိုဆိုးကုန်ကြတာပေါ့။ အခုဖြစ်ကြတဲ့ ကိစ္စမှာဆိုရင်လည်း ဒီလိုပဲ အိမ်အကူနဲ့ သူ့ကို မုဒိမ်းကျင့်တယ်ဆိုတဲ့လူ နှစ်ယောက်ကြားမှာ ရုံးထိုင်ကောင်မလေးက ညှပ်သွားတာပေါ့နော်။ ဒါပေမယ့် ရုံးထိုင်ကောင်မလေးနဲ့ သူတို့တွေရဲ့ အခြေအနေကိုလည်း မသိရဘူးပေါ့နော်။ အဲ့တော့ လွယ်လွယ်ကူကူတော့ သုံးသပ်လို့ရတာမျိုးတော့ မဟုတ်ဘူးပေါ့။

မေး – ခုနက ဆရာမအနေနဲ့ Hidden ဆိုတဲ့ စကားလုံးကို သုံးသွားတယ်ပေါ့နော်။ Hidden ဖြစ်မှုက ဘာတွေကြောင့် ဖြစ်လာနိုင်သေးလဲ။

ဖြေ – ခုအမှုနဲ့ပဲ ဥပမာပြောရရင် ပထမဖြစ်တာက မုဒိမ်းမှုနော်။ အိုမန်နိုင်ငံမှာက မုဒိမ်းမှုကို လက်မခံထားတဲ့အတွက် တရားစွဲလို့ရတယ်။ ရဲစခန်းမှာ အမှုသွားဖွင့်လို့ရတယ်။ ဒီလိုလုပ်ဖို့ဆိုရင် အိမ်အကူဘက်က တရားဝင်မှုရှိဖို့လိုတယ်။ သူက အလုပ်သွားလုပ်တာဖြစ်တဲ့အတွက် အလုပ်ဗီဇာတွေပါလား ဘယ်လိုပုံစံနဲ့လုပ်နေတာလဲ။ ဒါတွေက အေဂျင်စီနဲ့ဆိုင်သွားပြီ။ အေဂျင်စီက ဘယ်လိုပုံစံနဲ့ သူ့ကို အလုပ်လုပ်ခိုင်းနေတာလဲဆိုတာပေါ့။ ဆိုတော့ တရားဝင်မှုမှာ ပြဿနာရှိနေတယ်ဆိုရင် အမှုသွားဖွင့်တဲ့အခါ အမှုက ကိုယ့်ကိုပြန်ပတ်လာနိုင်တယ်။

ဒါဆိုဘာလုပ်လို့ရသလဲပေါ့နော်။ အိမ်အကူအနေနဲ့ မုဒိမ်းကျင့်တဲ့သူကို အိုမန်မှာ တရားစွဲလို့ရတယ်။ ဒီလိုတရားစွဲတဲ့အခါမှာ အရင်ဆုံးဘာလိုမလဲဆိုတော့ စကားပြန်တွေလိုမယ်။ နောက်ပြီးတော့ သူက အလုပ်မလုပ်ရတော့ဖြစ်တဲ့အတွက် အဲ့မှာနေထိုင်စားသောက်ရမယ့်စရိတ်တွေလိုမယ်။ ဒါကအကြမ်းဖျင်း ပဲရှိသေးတယ်။ လိုအပ်တာတွေက အများကြီး။ ပိုက်ဆံမရှိလို့ အလုပ်သွားလုပ်ပါတယ်ဆိုမှ ဒါတွေကို ရင်ဆိုင်ရဖို့ဖြစ်လာတယ်။ ဆိုတော့ အဲ့ဒီကိစ္စတွေက ပျောက်ပျောက်သွားတယ်။

အခုက မြန်မာ၊မြန်မာချင်း ဖြစ်တာမို့ မြန်မာနိုင်ငံကို လွှဲပြောင်းပေးဖို့ဆိုပြီး ပြောနေကြတာတွေ ရှိတယ်။ တကယ်လို့ မြန်မာကိုလွှဲပြောင်းပေးရင် လူသတ်မှုနဲ့ပဲဖြစ်မှာ အဲ့ဒါဆိုရင် မုဒိမ်းမှုဟာ လုံးဝ Hidden ဖြစ်သွားလိမ့်မယ် ၊ ဒီလူသတ်မှုဟာ သူ့ရဲ့ တဒင်္ဂစိတ်ခံစားချက်ကြောင့် စိတ်မထိန်းနိုင်လို့ ဖြစ်သွားတာမျိုး ဖြစ်နိုင်တယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းဟာ မုဒိမ်းကျင့်ခံရတာကြောင့် ဖြစ်တယ်။ ဒါက အရေးကြီးဆုံး အချက်ဖြစ်တယ်။

မေး – ခု ဆရာမ ရှင်းပြသွားသလိုဆိုရင် အိမ်အကူဟာ တရားဝင်မှု ရှိမနေဘူးဆိုရင် ဘာမှလုပ်လို့မရဘူးဆိုတဲ့ အနေအထားမျိုးလား။

ဖြေ – ဘာမှလုပ်လို့မရတာတော့ မဟုတ်ဘူး။ အိုမန်ဟာလည်း ILO ရဲ့အဖွဲ့ဝင်နိုင်ငံဖြစ်တယ်ဆိုတော့ အိုမန်နိုင်ငံက ILO ရဲ့ အိမ်အကူလုပ်သားများအတွက် ပြဌာန်းချက်အမှတ် ၁၈၉ အရ ဒါကိုဆောင်ရွက်မယ်ဟေ့ဆိုရင် အိမ်အကူအမျိုးသမီးအတွက်ကို ရှေ့နေအပါအဝင် ကာကွယ်မှုတချို့ သူရလိမ့်မယ်။ ဒါကလည်း အိုမန်နိုင်ငံက ဒီအချက်ကို ဘယ်လောက်ထိ လိုက်နာမလဲဆိုတဲ့ အပေါ်မူတည်တယ်။

အဲ့တော့ အစကနေပြန်ကောက်ရင် အေဂျင်စီမှာပဲ တာဝန်ရှိတယ်။ သူတို့ဘယ်လိုခေါ်လာလဲ ဘယ်လိုပုံစံနဲ့ အလုပ်လုပ်နေလဲဆိုတဲ့အပေါ်မှာ အေဂျင်စီကနေပဲ လိုက်ဖြေရှင်းပေးရပါလိမ့်မယ်။

ဟုတ်ပြီ။ သူက တရားဝင်ရောက်လာတာ မဟုတ်ဘူးဆိုရင် ဘာမှလုပ်လို့မရတော့ဘူး ဆိုတာမျိုးတော့ မဟုတ်ဘူး။ သူ့အနေနဲ့ တရားရုံးမှာ တရားစွဲလိုက်ပေါ့နော်။ ဘာလို့လည်းဆိုတော့ အိမ်ရှင်ဘက်ကလည်း သူ့ကိုတရားမဝင် လက်ခံထားတာပဲလေ။ အဲ့ဒီအခါမှာ အိမ်ရှင်က ဒီအိမ်အကူကိုခေါ်လာခဲ့တဲ့ အေဂျင်စီဆီကို တခါပြန်ပုတ်ထုတ်လိုက်လိမ့်မယ်။ အဲ့ဒီအခါမှာ ဒီအေဂျင်စီက တာဝန်မယူချင်လည်း ယူရတော့မှာပဲ။

မေး – မလွင်မာမြင့်လို ကိစ္စမျိုးတွေ ထပ်မဖြစ်လာဖို့ဆိုရင် ဘာတွေသိထားဖို့ လိုမလဲ။

ဖြေ – တကယ်ဆို မလွင်မာမြင့်ကလည်း နစ်နာသူပဲဖြစ်တယ်။ အခုက မလွင်မာမြင့် ကဲ့သို့သောလူတွေ အကုန်လုံးအတွက် ပြောပြပေးနေတာဖြစ်တယ်။ မလွင်မာမြင့်က လူသတ်လိုက်မိလို့ ဟိုးလေးတကျော် ဖြစ်သွားပေမယ့် အသံမထွက်နိုင်ပဲ ခံနေရတဲ့သူတွေ ဘယ်လောက်ရှိမလဲ မသိနိုင်ဘူးလေနော်။ ဆိုတော့ တခုခုဆိုရင် အေဂျင်စီကိုပြောလို့ တာဝန်မယူဘူးဆိုရင် ရဲစခန်းကို သွားတိုင်လိုက်ရင် သူတို့ဆီကို ပြန်ရောက်ပြီး တာဝန်မယူလို့မရဘူးဆိုတဲ့ အခြေအနေဆိုတာမျိုးတော့ ဖြစ်နိုင်ပါတယ်။

အေဂျင်စီတွေဘက်ကတော့ သူတို့က တရားစွဲအဖွဲ့အစည်းလည်း မဟုတ်နေတော့ အကုန်လုံးကို လိုက်ဖြေရှင်း ပေးနိုင်တာမျိုးတွေတော့ မဟုတ်ဘူးဆိုပေမယ့် သူတို့တာဝန်ယူပြီး ခေါ်သွားတာမို့ တစိတ်တပိုင်းတော့ တာဝန်ရှိတယ်။ တရားစွဲ အဖွဲ့အစည်းမဟုတ်ပေမယ့် သူလုပ်လို့ရတာတွေ အကုန်လုပ်ပေးဖို့လိုတယ်။ အဲ့လို မလုပ်ပေးလို့ လုပ်ပေးရမယ့်ဟာတွေက နှောင့်နှေးကြန့်ကြာနေလို့ မဖြစ်သင့်တာတွေ ဖြစ်ဖြစ်သွားကြရတယ်။ ခု မလွင်မာမြင့်ကိစ္စဆိုလည်း ဒီလိုပဲ။

မေး – ခုကိစ္စမှာ မလွင်မာမြင့်မှန်တယ်ဆိုတာမျိုး ရပ်တည်ကြသူတွေ ရှိတယ်။ ဒါနဲ့ပတ်သက်လို့ရော ဘာပြောချင်လဲ။

ဖြေ – မှန်လား ၊  မှားလားဆိုတာက တကယ်တော့ ရှေ့အလားအလာအတွက် အရမ်းအရေးမကြီးဘူး။ အရေးကြီးတာက အလားတူဖြစ်ရပ်မျိုးတွေနဲ့ အိမ်အကူတွေ သတ်သေကြတာမျိုး၊ အသတ်ခံရတာမျိုးတွေ တွေ့နေရတယ်။ တချို့ဆို ရောဂါနဲ့သေသွားတယ် ဘာလို့ဆို သူတို့ကောင်းကောင်း စားသောက်နေထိုင်နိုင်မှု မရှိတာတွေ ဒါဟာ လူသေစေမှုဖြစ်တယ် ဒါတွေအများကြီးတွေ့ရတယ်။ ဒါတွေကိုလျော့ကျသွားစေဖို့လိုတာ အဲ့ဒါက အရေးကြီးတာ။

အေဂျင်စီဆိုတာက သူတို့အတွက်(အိမ်အကူ) အားကိုးရာ တခုအဖြစ်ရှိနေရမှာ။ ဒီတော့ ဒီအေဂျင်စီတွေရဲ့ တာဝန်နဲ့ ဝတ္တရားကို နိုင်ငံတော်က သော်လည်းကောင်း၊ ILO လိုအဖွဲ့အစည်းတွေက သော်လည်းကောင်း၊ အလုပ်သမားရေး လုပ်နေကြတဲ့ အဖွဲ့အစည်းတွေကလည်း ဒါတွေကို သိနေဖို့လိုတယ်။ အေဂျင်စီတွေ အနေနဲ့ကလည်း ဒါကို သူမှားတယ်၊ သူမှန်တယ်တွေ အဖြေရှာပြီး ငါတို့နဲ့မဆိုင်ဘူးလို့ နေလို့မရဘူး။ ဒါတွေဟာ ကိုယ့်အေဂျင်စီ ကိုယ့်ဆီကို အချိန်မရွေး ရောက်လာနိုင်တယ် ဆိုတာကို သိထားဖို့လိုတယ်။ ဒါဟာ အမှား အမှန် ပြဿနာမဟုတ်ဘူး ဆိုတာကို ဒီနှစ်တွေအတွင်း အိမ်အကူအလုပ်တွေရှာပြီး လူပို့ပေးနေတဲ့ အေဂျင်စီတွေ အကုန်လုံးနားလည်ထားဖို့လိုတယ်။

မေး – ဖြည့်စွက်ပြောချင်တာများရှိဦးမလား။

ဖြေ – ဒီဖြစ်ရပ်ဟာ အိုမန်နိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ အိမ်အကူတွေကို ကာကွယ်နိုင်မယ့် ယန္တရားတခု အရေးတကြီးလိုအပ်နေပြီဆိုတာကို မီးမောင်းထိုးပြနေတာပဲဖြစ်တယ်ဆိုတာကို ဖြည့်စွက်ပြောချင်ပါတယ်။ အိုမန်မှာ မဟုတ်ဘူး အိမ်အကူတွေအားလုံးအတွက်ကို အရမ်းအရေးကြီးနေပါပြီ။