နိဗ္ဗာန်ရဲစခန်းအပိုင် မရိုးသောင်အုပ်စုမှာ အုပ်ချုပ်ရေးမှူးတွေ ဖဲဝိုင်းထောင်

“နိဗ္ဗာန်မှာ ရဲသတင်းပေး ကျော်ဇောထွန်းလို့လည်းခေါ်တယ် ဂဒူးလို့လည်း ခေါ်တဲ့တယောက်ရှိတယ်။သူကရွာကို ပုံမှန်လိုင်းကြေးလာယူလေ့ရှိတယ်”လို့ ဒေသခံက ပြောပါတယ်။

၁၇၊ဇူလိုင်လ။

ဧရာဝတီတိုင်း ၊ ဟင်္သာတမြို့နယ်ထဲက မရိုးသောင်အုပ်စု ထန်းလေးပင်ရွာမှာ အုပ်ချုပ်ရေးမှူးတွေကိုယ်တိုင် လောင်းကစားဝိုင်းတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မရိုးသောင်အုပ်စုဟာ နိဗ္ဗာန်တိုက်နယ်ထဲမှာ ရှိတဲ့ကျေးရွာအုပ်စုတခု ဖြစ်ပါတယ်။

“ထန်းလေးပင်ဖဲဝိုင်းက ခုနှစ်ရက်တပတ်ကို နိဗ္ဗာန်စခန်းကို နှစ်သိန်းခွဲပေးပြီး ရွာကလူကြီးတွေနဲ့ ရဲစခန်းနဲ့ ပေါင်းပြီးလုပ်နေကြတာ”လို့ ဒေသခံတဦးက DNA ကိုပြောပါတယ်။ထန်းလေးပင်ရွာက ရာအိမ်မှူး ၊ ဆယ်အိမ်မှူးတွေဖြစ်ကြတဲ့ ကိုအုန်းမြင့်၊ကိုအောင်ခိုင်၊ကိုကျော်တင့် တို့ဟာ နိဗ္ဗာန်ရဲစခန်းက ခွင့်ပြုချက်ယူပြီး လောင်းကစားဝိုင်းတွေကို ဦးဆောင်နေတာလို့ ဆိုပါတယ်။

“နိဗ္ဗာန်မှာ ရဲသတင်းပေး ကျော်ဇောထွန်းလို့လည်းခေါ်တယ် ဂဒူးလို့လည်း ခေါ်တဲ့တယောက်ရှိတယ်။သူကရွာကို ပုံမှန်လိုင်းကြေးလာယူလေ့ရှိတယ်”လို့ ဒေသခံက ပြောပါတယ်။

မရိုးသောင်ကျေးရွာအုပ်စုမှာ ထန်းလေးပင်အပါအဝင် မရိုးသောင်၊လယ်တီ၊ဘုရားဖြူ၊ဘုရားကုန်း၊သရဲအုပ်ကလေး စတဲ့ကျေးရွာ ၆ ရွာပါဝင်ပြီး အများစုမှာ လယ်ယာလုပ်ငန်း လုပ်ကိုင်ကြသူတွေ ဖြစ်ပါတယ်။ ကျေးရွာအုပ်စုထဲမှာ လောင်းကစားဝိုင်းတွေ ပေါ်ပေါ်တင်တင် လုပ်လာကြသလို စစ်မှုထမ်းအကြောင်းပြပြီး ငွေကြေးကောက်ခံတာတွေကိုလည်း အတင်းအဓမ္မလုပ်နေတယ်လို့ သိရပါတယ်။

“တအိမ်ကို ငါးသောင်းနှူန်း ၊ စစ်မှုထမ်းရမယ့်အရွယ် နှစ်ယောက်ရှိပြီဆိုရင်တော့ တသိန်းပေးရတယ်။ သုံးယောက်ရှိ တသိန်းခွဲ အဲလိုခွဲတမ်းချတယ်”လို့ မရိုးသောင်ကျေးရွာအုပ်စုအတွင်း နေထိုင်သူက ပြောပါတယ်။

“မရိုးသောင်အုပ်စုမှာ ရွာကခြောက်ရွာဗျာ ၊ ထန်းလေးပင်ဆိုရင်ရွာကြီး အဲမှာ အိမ်ခြေ ၃၀၀ကျော်ရှိတော့ တအုပ်စုလုံး တအိမ် ၅ သောင်းနဲ့ဆို တွက်သာကြည့်တော့”လို့ ဆိုပါတယ်။ လယ်ယာလုပ်ငန်းတွေ အဆင်မပြေကြချိန် ဒေသခံတော်တော်များများက အလုပ်မရှိကြဘူးလို့လဲ သူက ပြောပါတယ်။

“တောမှာအခုချိန် တသိန်းဆိုတာ ရှာလို့မှ မရတာ၊အဆင်မပြေတဲ့ မိသားစုတွေ ငတ်ကုန်ကြပြီ”လို့ ထန်းလေးပင်ရွာသားက ရှင်းပြပါတယ်။

မရိုးသောင်အုပ်စုဟာ နိဗ္ဗာန်တိုက်နယ်နဲ့ သုံးမိုင်ဝန်းကျင်ခန့် အကွာအဝေးရှိပြီး နိဗ္ဗာန်ကျေးရွာကအနေ ဟင်္သာတမြို့ကို မဖြတ်ပဲ တလုထ္ထော်မြို့ကို ဖြတ်သွားလို့ရတဲ့ ကျေးလက်ကျောက်ခင်းလမ်းပေါ်မှာ ရှိပါတယ်။