“ငါးရံ့မျိုးစိတ် က အကြမ်းခံတယ်၊ အလေးချိန်စီးတယ်။ငါးရှဉ့် နဲ့ အာဖရိက ငါးခူလို မျိုးတူချင်း ပြန်စား တတ်တာကြောင့် အစာအလုံအလောက် ဝလင်အောင်ကျွေးဖို့နဲ့ အစာကျွေးတဲ့ အချိန်မှန်ဖို့ကို သေသေချာချာ ဂရုစိုက်ရမယ်” လို့ ကျွမ်းကျင်သူက ပြောပါတယ်။
၁၇၊ဇူလိုင်။
ဧရာဝတီတိုင်း ဒေသတွင်း ဈေးကွက်ဖြစ်တဲ့ မအူပင်၊ ကျောင်းကုန်း၊ ပန်းတနော် စတဲ့ မြို့နယ်တွေ အတွင်းမှာ သဘာဝငါးရံ့သားပေါက်တွေ ဈေးကောင်းရနေပါတယ်။
သဘာဝအလျောက် သားပေါက်နေကြတဲ့ ငါးရံ့သားပေါက် တလက်မနဲ့ နှစ်လက်မ အကြား ငါးသန် အရွယ် ကောင်ရေ တစ်သောင်းကို ကျပ် ၂သိန်း ကနေ ကျပ်၃သိန်းအထိ ပေါက်ဈေးပေးဝယ် နေကြတာပါ။
“ဒီအချိန်က ငါးတွေ သားပေါက်တဲ့ ရာသီချိန်ပါ။ ငါးရံ့သားပေါက်တွေက သန်မြန်တဲ့ အရွယ်အထိ အုပ်စုဖွဲ့ ရေမျက်နှာပြင်ပေါ် တက်လာပြီး အသက်ရှူကြတာ။ အဲ့တာကို ဇာဖျင်နဲ့ ဖမ်းပြီး ကန်တွေမှာ စနစ် တကျမွေးမြူကြတာ။ အသားတိုးကြက် နဲ့ အသားတိုးဝက် မွေးကြသလိုမျိုးပေါ့” လို့ မလက်တိုရွာသားတဦးက DNA ကိုပြောပါတယ်။
ငါးရံ့သားပေါက်တွေဟာ ဆေးထိုးသားဖေါက် စနစ်နဲ့ပေါက်ဖွားတဲ့ ငါးအမျိုးအစား မဟုတ်တာကြောင့် ချောင်း၊မြောင်း၊ အင်း၊ အိုင်၊ လယ်ကွင်းတွေမှာ သဘာဝအလျှောက် ပေါက်နေတဲ့ ငါးသန်အရွယ်တွေကို ဇာဖျင်တွေနဲ့ ကျော့ဖမ်းပြီး ပြန်လည်ရောင်းချကြတာလို့ သူကရှင်းပြပါတယ်။
ရာသီဉတု မမှန်ဖြစ်ပြီး စိုက်ပျိုးရေး သွင်းအားစုတွေ ဈေးမြင့်တက်နေတာကြောင့် စိုက်ပျိုးရေးလုပ်ငန်းအပြင် ဈေးကွက်ကောင်းတဲ့ ငါးရံ့ကို မွေးမြူထုတ်လုပ်ဖို့ ငါးရိုင်းမွေးမြူနည်း၊ ငါးသားပေါက် ပြုစုပျိုးထောင်နည်း၊ ငါးအစာကျွေးနည်း စနစ်တွေကို နီးစပ်ရာ ငါးသားဖေါက်စခန်းတွေမှာ လေ့လာပြီး မွေးမြူလာကြတာပါ။
သဘာဝအရ အကြမ်းအတမ်းဒဏ်ခံနိုင်ပြီး အသက်ပြင်းတဲ့ ငါးမျိုးစိတ်တွေထဲမှာ သဘာဝအလျှောက် ပေါက်ဖွားတဲ့ ငါးရံ့မျိုးစိတ်လည်း အပါအဝင်ဖြစ်ပါတယ်။ အစားစုံစားတဲ့အတွက်လည်း ငါးစာအတွက် ကုန်ကျစရိတ် သက်သာနိုင်ပေမယ့် မျိုးတူချင်းလည်း ပြန်စားတဲ့ အသားစားငါးမျိုး ဖြစ်တာကြောင့် အထူးဂရုစိုက် ဖို့လိုတယ်လို့ ငါးလုပ်ငန်း ဦးစီးဌာန ငါးသားဖေါက်လုပ်ငန်း ကျွမ်းကျင်ပညာရှင်က ပြောပါတယ်။
“ငါးရံ့မျိုးစိတ် က အကြမ်းခံတယ်၊ အလေးချိန်စီးတယ်။ငါးရှဉ့်နဲ့ အာဖရိက ငါးခူလို မျိုးတူချင်း ပြန်စား တတ်တာကြောင့် အစာအလုံအလောက် ဝလင်အောင်ကျွေးဖို့နဲ့ အစာကျွေးတဲ့ အချိန်မှန်ဖို့ကို သေသေချာချာ ဂရုစိုက် ရမယ်” လို့ ကျွမ်းကျင်သူက ပြောပါတယ်။
အရင်က ငါးရံ့သားပေါက်တွေကို ဈေးတွေထဲမှာ တဆယ်သား တထောင်ကျပ်ဈေး ဝန်းကျင်နဲ့ ရောင်းချကြတာ မကြာခဏ တွေ့ရပေမယ့် ဒီနှစ်ထဲမှာတော့ ငါးရံ့သားပေါက်တွေကို လာရောက် ရောင်းတာ အတွေ့နည်းလာတယ်လို့ ပုသိမ်မြို့ခံ အိမ်ရှင်မတဦးက ပြောပါတယ်။
ငါးရံ့သားပေါက်တွေ စားသုံးသူဈေးကွက်ထဲ မရောက်လာတာဟာ ဘက်ထရီရှော့ရိုက် ငါးဖမ်းတဲ့သူကြောင့် ငါးမှုံငါးသေးတွေ သေကျေပျက်စီးကုန်ကြတာနဲ့ ငါးရံ့သားပေါက်အရှင် ဖမ်းစီးသူတွေက မွေးမြူဈေးကွက်ကိုပဲ ပြန်ရောင်းနေတာကြောင့်လို့ ဆိုပါတယ်။
ရေချိုမှာပေါက်ဖွားတဲ့ သဘာဝ ငါးတွေထဲမှာ ငါးရံ့ဟာ ဈေးကောင်းရတဲ့ ငါးအမျိုးအစားဖြစ်ပြီး အရွယ် ပေါ်မူတည်ကာ တပိသာကို ကျပ်တစ်သောင်းနှစ်ထောင်ကနေ ကျပ်တစ်သောင်းခွဲအထိ ဈေးရပါတယ်။ ငါးရံ့ခြောက်ကတော့ ကျပ်လေးသောင်းခွဲက ကျပ်ခြောက်သောင်းဝန်းကျင်အထိ ပုသိမ် ဈေးကွက်မှာ ရောင်းချကြပါတယ်။