“ မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒ(မိုး/ဇလ) ညွှန် ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ဒီကနေ့ နေ့လယ်တိုင်းတာချက်အရ ဟင်္သာတဘက်မှာ ဧရာ ဝတီမြစ်ရေဟာ စိုးရိမ်ရေမှတ်ရောက်ဖို့ နှစ်လက်မကျော်လောက်သာ လိုတော့တာဖြစ်ပြီး နောက်တရက်အတွင်း စိုးရိမ်ရေမှတ်ရောက်နိုင်တယ်လို့လည်း ဆိုထားပါတယ်။”
၁၆၊ ဇူလိုင်
ဧရာဝတီမြစ်ရေ တက်လာတာကြောင့် ဟင်္သာတမြို့နယ်ထဲက အနိမ့်ပိုင်း ကျေးရွာတချို့မှာ ရေကြီးရေလျှံတာတွေ ဖြစ်နေတယ်လို့ ဒေသခံတချို့ထံကနေ သိရပါတယ်။
“အိမ်တွေမြုပ်သွားတဲ့အထိတော့ မဆိုးသေးဘူး၊ လမ်းတွေမြုပ်တာ၊ နိမ့်တဲ့အိမ်တွေထဲ ရေဝင်တာတွေတော့ရှိတယ်၊ မိုးတအားကြီးလာရင်တော့ ပိုဆိုးလိမ့်မယ်၊ အခုက မိုးသိပ်မကြီးဘူး” လို့ ဟင်္သာတဒေသခံ အမျိုးသမီးတဦးက DNA ကို ပြောပါတယ်။
ဧရာဝတီမြစ်နဲ့ နီးတဲ့ ကြွက်ကျွန်း၊ ဒါးက၊ လိပ်ချောင်း စတဲ့ ကျေးရွာတွေတဝိုက်မှာ အခုလိုရေကြီး ရေလျှံမှုတွေ ရှိနေတာပါ။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်နေ့လောက်ကစလို့ ရေ ကြီးရေလျှံမှုတွေ ရှိနေတာဖြစ်ပြီး ရေကြီးမှုကြောင့် တခြားဒေသကို ပြောင်းရွှေ့နေထိုင်ကြရတာမျိုးတော့ မရှိသေးဘူးလို့ သိရပါတယ်။
“မြစ်ရေက ဆက်တိုက်တက်နေတယ်၊ အခုက ရေ ကျရက်ဖြစ်တာတောင် ဒီလောက်ရေတက်နေရင် လာမယ့် ရေတက်ရက်အထိ ဒီအတိုင်းပဲဆို တော် တော်မလွယ်လောက်တော့ဘူး” လို့လည်း ဇလွန်ဒေသခံတဦးက ပြောပါတယ်။
မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒ(မိုး/ဇလ) ညွှန် ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ဒီကနေ့ နေ့လယ်တိုင်းတာချက်အရ ဟင်္သာတဘက်မှာ ဧရာဝတီမြစ်ရေဟာ စိုးရိမ်ရေမှတ်ရောက်ဖို့ နှစ်လက်မကျော်လောက်သာ လိုတော့တာဖြစ်ပြီး နောက်တရက်အတွင်း စိုးရိမ်ရေမှတ်ရောက်နိုင်တယ်လို့လည်း ဆိုထားပါတယ်။
ပြီးခဲ့တဲ့ရက်နဲ့ စာရင်တော့ ဟင်္သာတဘက်မှာ ဧရာဝတီမြစ်ရေဟာ လေးလက်မလောက်အထိ မြင့်တက်လာခဲ့တာပါ။
“မြစ်ရေတက်တဲ့ကိစ္စက ဆက်တိုက် အထက်မှာ မိုးဘယ်လောက်ရွာပြီး မိုးရေချိန် အတက်အကျ ဘယ် လောက်ဖြစ်လဲဆိုတာကို ကြည့်ရမှာပါ၊ အပေါ်ရေတွေ(မိုးရေ) အောက်ကိုဆင်းရင် အောက်မှာလည်းရေခံနေရင်(ဒီရေ) မိုးကလည်း သည်းနေမယ်ဆို သေချာပေါက် ရေကြီးနိုင်တယ်ဆိုတဲ့ သီအိုရီရှိတယ်” လို့ မိုး/ဇလ ဝန်ထမ်းတဦးက DNA ကို ပြောပါတယ်။
ဧရာဝတီတိုင်းထဲမှာ မိုးစပါးစိုက်ပျိုးပြီးခါစ အခုလိုကာလမှာ ရေကြီးရေလျှံတာတွေ ဖြစ်လေ့ရှိပြီး ရေလွှမ်းခံရတာကြောင့် စပါးခင်းတွေ ပျက်စီးဆုံး ရှုံးရတာတွေလည်း ကြုံရလေ့ရှိပါတယ်။
“အခုမိုးလေဝသနဲ့ တွက်ချက်ရင်တော့ ရေကြီးဖို့ကို အရမ်းကြီးစိုးရိမ်စရာတော့ မရှိပါဘူး၊ ခဏတဖြုတ် လောက်တော့ ဖြစ်ရင်ဖြစ်မှာပေါ့” လို့လည်းအထက် ပါ မိုး/ဇလ ဝန်ထမ်းက မှတ်ချက်ပြုပါတယ်။