ရွှေဘို-မြစ်ကြီးနားလမ်းပေါ်က ဆီသယ်ကားတွေရပ်နားထမင်းစားတဲ့ ထမင်းဆိုင်ကို ဗုံးကြဲပြီး KIA/PDF ထောက်ပို့စခန်းဖြစ်တယ်လို့ စစ်ကောင်စီဝါဒဖြန့်
၂၀၂၅ခုနှစ်၊ ဇူလိုင်လ၊ ၁၆ရက်။
(FactCheck)
စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကောလင်းမြို့နယ်၊ ဒိုးပင်ကျေးရွာ ရွှေဘို-မြစ်ကြီးနားလမ်းပေါ်ကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဇူလိုင်လ၊ ၁၄ရက် ညနေ၅နာရီဝန်းကျင်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီလေကြောင်းတိုက်ခိုက်ခဲ့တဲ့နေရာက KIA/ PDFထောက်ပို့စခန်းဖြစ်တယ်ဆိုတဲ့ အကြောင်းအရာတခု လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။
အဲ့ဒီလေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီ လက်အောက်ခံလော်ဘီချန်နယ်တွေနဲ့ စစ်ကောင်စီအားပေးထောက်ခံသူတွေက “KIA/ PDF အကြမ်းဖက်ထောက်ပို့စခန်းကို ရှင်းလင်း” (မူရင်းအတိုင်း)ရေးသားပြီး ဖြန့်ဝေနေကြတာကြောင့် ပျံ့နှံ့မှု အားကောင်းနေတာပါ။
သတင်းမှားလင့်
https://archive.ph/ySToe
https://archive.ph/wip/dZTHg
https://archive.ph/sxCUM
https://archive.ph/1WAma
https://archive.ph/qhH4O
https://archive.ph/wip/GcAQt
ဒီပျံ့နှံ့နေတဲ့အကြောင်းအရာနဲ့ ပတ်သက်ပြီး DNA Fact Check အဖွဲ့ကနေ စစ်ဆေးကြည့်တဲ့အခါမှာ စစ်ကောင်စီလေကြောင်းတိုက်ခဲ့တဲ့နေရာက စစ်ရှောင်အမျိုးသမီးတဦးဖွင့်ထားတဲ့ ထမင်းဆိုင်နားကိုကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး KIA/PDFထောက်ပို့စခန်းဖြစ်တယ်ဆိုတဲ့ အကြောင်းအရာက မှားယွင်းနေပြီးသတင်းမှားဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။
သတင်းစိစစ်ချက်
စစ်ကောင်စီက ရွှေဘို-မြစ်ကြီးနားလမ်းပေါ်ကို ပြီးခဲ့တဲ့ဇူလိုင်လ ၁၄ရက် ညနေ ၄ နာရီ ၃၈ မိနစ်မှာ တိုက်လေယာဥ်တစီးနဲ့ ဗုံး ၃လုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး လမ်းဘေးမှာရှိတဲ့ ထမင်းဆိုင်နဲ့ ဆိုင်းအနီးနားမှာရှိတဲ့ စက်သုံးဆီတင် ကား၃စီးပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ မြေလတ်အခြေစိုက်သတင်းဌာနတခုဖြစ်တဲ့ မြေလတ်အသံ သတင်းဌာနကနေ မနေ့က ဇူလိုင် ၁၅ရက်မှာ သတင်းရေးသားဖော်ပြထားပါတယ်။
သတင်းလင့် – https://shorturl.at/xUT4W
စစ်ကောင်စီက လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား အမျိုးသား၂ဦး၊ အမျိုးသမီး တဦးနဲ့ ကလေး တဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့လည်း The Irrawaddy သတင်းဌာနကလည်း ဇူလိုင် ၁၄ ရက်နေ့မှာ သတင်းတင်ဆက်ထားပါသေးတယ်။
သတင်းလင့် – https://shorturl.at/SR8Io
အဲ့ဒီလို တိုက်ခိုက်မှုကြောင့် ပြည်သူပိုင် ဆီဘောင်ဆာကား၂စီးနဲ့ တခြားအဆောက်အဦးတွေလည်း မီးလောင်ပျက်ဆီးခဲ့တယ်လို့ DVB TV Newsမှာ ဖော်ပြထားပါတယ်။
သတင်းလင့် – https://shorturl.at/YCF36
သတင်းသက်သေပြချက်
စစ်ကောင်စီဘက်က ဒိုးပင်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ လေကြောင်းကနေ အရပ်သားပြည်သူတွေရှိတဲ့နေရာကို ဗုံးကြဲချတိုက်ခိုက်ခဲ့တာကို တွေ့ရပါတယ်။
အဲ့ဒီလို ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် အနီးနားမှာရှိတဲ့ စစ်ဘေးရှောင်အမျိုးတဦးဖွင့်ထားတဲ့ ထမင်းဆိုင်နဲ့ ထမင်းဆိုင်မှာရပ်နားနေတဲ့ ကားနှစ်စီးကိုပါထိမှန်ခဲ့တာပါ။
ဒါကြောင့် စစ်ကောင်စီလော်ဘီရေးသားဖြန့်ဝေနေသလို စစ်ကောင်စီဘက်က KIA/PDFတွေရှိတဲ့နေရာကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်ဆိုက မှားယွင်းနေပြီး လုပ်ကြံဖန်တီးပြောဆိုနေတဲ့ သတင်းမှားဖြစ်တာကိုတွေ့ရပါတယ်။
ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
DNA Fact Check အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck@gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။
#DNA #DNAFactCheck #impostercontent #အချက်လက်စစ်ဆေးခြင်း