ပုသိမ်မြို့ဟာ ငဝန်မြစ်ကမ်းနံဘေးမှာ တည်ရှိပြီး ဧရာဝတီတိုင်းရဲ့ မြို့တော်လည်း ဖြစ်ပါတယ်။
ပုသိမ်မြို့ကနေ သမ္မတ၊ကာချုပ်စတဲ့ထင်ရှားတဲ့ပုဂ္ဂိုလ်များ ထွက်ရှိသလို ထင်ရှားတဲ့အနုပညာရှင်များလည်း ပေါ်ပေါက်ခဲ့ပါတယ်။
၁၆၊ဇူလိုင်လ။
ခေတ်ပေါ်ကဗျာမှာလည်း ပုသိမ်သားကဗျာဆရာတွေ ပါဝင်ရေးသားကြတာ တွေ့ရပါတယ်။ကဗျာဆရာမင်းထက်မောင်၊စိုးရိမ်၊လူအိမ်၊မြင့်မိုးအောင်တို့ဟာ ခေတ်ပေါ်ကဗျာမှာ ထင်ရှားတဲ့ကဗျာဆရာများ ဖြစ်ပါတယ်။
လွန်ခဲ့သောနှစ်များက ကဗျာဆရာကိုစိုးရိမ်နဲ့စကားလက်ဆုံကျရင်း ပုသိမ်သားအဆိုတော် တယောက်အကြောင်း ရောက်သွားပါတယ်။ကိုစိုးရိမ် က “ငါတို့သူငယ်ချင်းတွေ ရန်ကုန်က ဖဆပလအိမ်ရာမှာ နေတုန်းကပေါ့ကွာ။ တရက် ညပိုင်းအရက်ဝိုင်းဖွဲ့လိုက်တာ နံနက်၃နာရီလောက်မှ အိပ်ဖြစ်တယ်။ ငှက်ကြီးက ၄နာရီလောက်ရောက်လာ ပြီး အကုန်လိုက်နိူးတော့ ဘာအရေးကြီးလို့လဲပေါ့၊ သူကသီချင်းအသစ်တပုဒ်ရလာလို့ ဆိုပြမလို့တဲ့ ဟာမင်းကလည်း မိုလင်းမှ ဆိုပြလည်းရတာဘဲဆိုတော့ ၊ မရဘူးတဲ့ ခုဆိုမှရမှတဲ့ ။ ဒါနဲ့ဆိုကွာဆိုတော့လည်း ဂစ်တာလေးကိုင်ပြီး စောင့်ဦးတဲ့။
အတော်ကြာတော့ ဘူတာကြီးက မော်လမြိုင်ရထား ထွက်လာသံ ကြားရတယ်။ ရထားက ဖဆပလအိမ်ရာနောက်က ဖြတ်သွားတာ ရထားခုတ်သံကျယ်လောင်လာပြီး ရထားဥဩဆွဲသံကြားတော့မှ သီချင်းစဆိုတယ်။ အဲဒီသီချင်းက နာမည်ကြီးတဲ့ အမေ့အိမ်သီချင်းပေါ့ကွာ”တဲ့။
၁၉၈၆ ခုနှစ်ဝန်းကျင် မြန်မာ့ဂီတလောကမှာ ပေါ့ဂီတကို ပေါ့ရော့ခ်၊ ပေါ့ဂျက်ဇ် စသည်ဖြင့် မတူညီသည့် အသွင်များနဲ့ ယူဆောင်ပေးခဲ့တဲ့ ကျော်ကြားသော အဆိုတော် တေးရေးဆရာတယောက်ဖြစ်တဲ့ ထူးအိမ်သင်ကို အဘဦးထွန်းမြင့် ၊ အမိဒေါ်မြရင် တို့က ၁၉၆၃ခုနှစ် ဇူလိုင်လ(၁)ရက်နေ့တွင် ပုသိမ် မြို့မှာမွေးဖွားခဲ့ပါတယ်။အဖေ ဗမာ၊ အမေ မွန်လူမျိုးဖြစ်ပြီး အမည်ရင်းမှာ ကျော်မြင့်လွင်ဖြစ်ပါတယ်။
အ.မ.က (၂၀) ပုသိမ်တွင် မူလတန်းပညာကို သင် ကြားခဲ့ပြီး အ.ထ.က (၃) ပုသိမ်မှာ အထက်တန်း အောင်မြင်ခဲ့ပါတယ်။ ၁၉၇၉ခု မှာ ပုသိမ်ဒေသကောလိပ် သို့တက်ရောက်ခဲ့ပါတယ်။ ၁၉၈၁ ခုနှစ် တွင် မိသားစုနှင့်အတူ မော်လမြိုင်မြို့သို့ပြောင်းရွှေ့ ခဲ့ပြီးနောက် မော်လမြိုင်တက္ကသိုလ်က သိပ္ပံဘွဲ့ရရှိခဲ့ပါတယ်။
မော်လမြိုင်မြို့တွင် ဂီတဆရာ ဦးအောင်စိုး (KC Francis) ထံမှ ဂီတ သင်္ကေတနှင့် ဂီတပညာ သင်ယူခဲ့ပါတယ်။၁၉၈၆ ခုနှစ်မှာ နာရီပေါ်မှမျက်ရည်စက် များ စီးရီးဖြင့် ဂီတလောကသို့ စတင်ဝင်ရောက်ခဲ့ပါတယ်။
ထူးအိမ်သင်ဟာ ကိုယ်ပိုင်သံစဉ်သီချင်းအများစုကို ရေးသားသီကုံးခဲ့တဲ့ ဂီတပညာရှင်တဦးလည်းဖြစ်ပါတယ်။ ထူးအိမ်သင်ရဲ့တစ်ကိုယ်တော် တေးစီးရီးများမှာ နာရီပေါ်မှမျက်ရည်စက်များ၊မှော်ဆရာအိပ်မက်၊ သက်ငြိမ်၊ အတ္တပုံဆောင်ခဲများ၊ အရင်အတိုင်း၊ စကားလုံးမရှိတဲ့ကောင်းကင်၊ မြို့ပြလရောင်တမ်းချင်း၊ ဝင်ရိုးစွန်းမီး၊ အမေ (သို့မဟုတ်) မေတ္တာတော်ဘွဲ့၊ အစိမ်းရောင်ရက်စွဲများ၊ တစ်နေ့စာအလွဲများ၊ ချစ်ခြင်းအားဖြင့် စသည်တို့ဖြစ်ပါတယ်။
ထူးအိမ်သင်ဟာ ကဗျာများကိုလည်း ရေးသားခဲ့ပါတယ်။ထူးအိမ်သင်ရဲ့သီချင်းများအနက် အမေ့အိမ်၊ရာဇဝင်များရဲ့သတို့သမီးတို့ဟာ အလွန်ကျော်ကြားခဲ့ပါတယ်။
ထူးအိမ်သင်ရဲ့သီချင်းများဟာ ပုရိတ်သတ်ကြား ရေပမ်းစားပြီးဖြစ်တဲ့အတွက် တခုတ်တရပြောစရာ မလိုပေမဲ့ ၂၀၀၁ခုနှစ်နွေဦးတော်လှန်ရေးမှာ လူထုအသဲကြား နေရာဝင်ယူလာတဲ့သူ့ရဲ့ သွေးသစ္စာ (အရေးကြီးပြီ)သီချင်းလေးအကြောင်း ပြောချင်ပါတယ်။ဒီသီချင်းကို ထူးအိမ်သင်ဟာ ၁၉၈၈ခုနှစ်ဒီမိုကရေစီအရေးတော်ပုံပြီးနောက် အေဘီအက်စ်ဒီအက်ဖ်အဖွဲ့ထဲရောက်ရှိခဲ့ပြီး ရေးစပ်ခဲ့တာပါ။
အဆိုတော်မွန်းအောင်က သီဆိုခဲ့ပါတယ်။မွန်းအောင် မသီဆိုမီ ဒီသီချင်းဟာ ကျောင်းသားတပ်မတော်သားတွေရဲ့ ပါးစပ်ဖျား ရေပမ်းစားခဲ့ပါတယ်။ခေတ်ဘယ်လို ပြောင်းခဲ့ပေမဲ့ ပြည်သူ့အသဲအက္ခရာတင်တဲ့သီချင်းကို ထူးအိမ်သင်က ရေးစပ်ခဲ့တာပါ။
အားလုံးချစ်ကြတဲ့ ထူးအိမ်သင်ရဲ့ဇနီးမှာ မသွယ် သွယ်ထွေးဖြစ်ပြီး သူ့ရဲ့တဦးတည်းသော သမီးအမည်မှာ မိကွန်ထော ဖြစ်ပါတယ်။
နောက်ဆုံး သီချင်းခွေအတွက် Oasis တေးသံသွင်းမှာ အသံသွင်းမှုများ ပြုလုပ်ခဲ့ကာ ၁၄-၈-၂၀၀၄ နံနက် ၁၁:၄၀ အသက် ၄၂ နှစ်အရွယ်တွင်ကွယ်လွန် ခဲ့ပါတယ်။ချစ်ခြင်းအားဖြင့် ထူးအိမ်သင်အတွက် စာဖတ်ပေးတဲ့မိတ်ဆွေများ ချစ်ခြင်းမေတ္တာများနှင့် ထုံသင်း မွှေးပျံ့ကြပါစေ။
#ပုသိမ်မြို့ #သွေးသစ္စာရှင် #ထူးအိမ်သင် #DeltaNewsAgency #DNA
Delta News Agency Telegram – https://shorturl.at/lxKMR
Delta News Agency YouTube – https://shorturl.at/ahBL2
Delta News Agency Website – https://shorturl.at/ozAIM
Delta News Agency Podcast – https://shorturl.at/epwzH