“လူရွေးခေါ်တာတဲ့၊ နိုင်ငံရေးနဲ့ဆိုင်တဲ့ အလုပ်တွေကတော့ မလုပ်ရလေကောင်းလေပဲ၊ ဘယ်သူမှလည်း မလုပ်ချင်ကြဘူး” လို့လည်း ဟင်္သာတမြို့နယ်ထဲက မူလတန်းပြကျောင်းဆရာမတဦးက DNA ကို ပြောပါတယ်။
၁၅၊ ဇူလိုင်
စစ်ကောင်စီက ဧရာဝတီတိုင်းထဲမှာ ကျောင်းဆရာ၊ ဆရာမအများစု အပါအဝင် ဌာနဆိုင်ရာဝန်ထမ်းတွေကို ရွေးကောက်ပွဲအတွက်ရည်ရွယ်ပြီး အီလက်ထရောနစ် မဲပေးစက် အသုံးပြုနည်း သင်တန်းတွေ စတင်ပို့ချနေပြီလို့ သိရပါတယ်။
“သင်တန်းက တက်တဲ့သူတွေ တက်နေရပြီ၊ ကျမတို့လည်း တက်ရမယ့် စာရင်းထဲ ပါ မပါတော့ သေချာမသိရသေးဘူး၊ ဘာတွေ သင်ပေးမလဲတော့ မပြောတတ်ဘူး” လို့ အင်္ဂပူမြို့နယ်ထဲက ကျောင်းဆရာမတဦးက ပြောပါတယ်။
လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့နေတဲ့ အင်္ဂပူမြို့နယ်အတွက် ညွှန်ကြားစာတစောင်အရတော့ အဲဒီသင်တန်းကို ကျောင်းဆရာ၊ ဆရာမအများစု အပါအဝင် အင်္ဂပူမြို့နယ်ထဲက ဌာနဆိုင်ရာဝန်ထမ်း အယောက် ၈၀၀ တက်ရောက်ရမှာလို့ သိရပါတယ်။
သင်တန်းကတော့ တရက်ပဲတက်ရောက်ရမှာဖြစ်ပြီး တသုတ်ကို အယောက်တရာနှုန်းနဲ့ အင်္ဂပူမြို့နယ် ထွေအုပ်ရုံးမှာ ဇူလိုင် ၁၄ ရက်၊ မနေ့ကစပြီး သင်တန်းပို့ချနေပြီဖြစ်ပါတယ်။
“တက်ရမယ့် စာရင်းထဲပါရင်တော့ မတက်ချင်လည်း လိုက်တက်မှပဲရမှာပေါ့” လို့လည်း အထက်ပါ ကျောင်းဆရာမက ပြောပါတယ်။
အလားတူပဲ ဇလွန်နဲ့ ဟင်္သာတဘက်မှာလည်း အဲဒီသင်တန်းကို တက်ရောက်ရမယ့် ဆရာ၊ ဆရာမတွေရဲ့ အမည်စာရင်း ထွက်ရှိလာပြီလို့ သိရပါတယ်။
စစ်ကောင်စီဘက်ကတော့ အဲဒီသင်တန်းတက်ရမယ့် ဆရာ၊ ဆရာမတွေရဲ့ အမည်စာရင်းကို မြို့နယ်ပညာရေးမှူးရုံးတွေဆီကနေတဆင့် သက်ဆိုင်ရာ စာသင်ကျောင်းတွေဆီ စာရင်းအတိအကျ ပို့ထားတာဖြစ်ပြီး တက်ရောက်ဖို့ ငြင်းဆန်တဲ့သူတွေအနေနဲ့ ဖိအားပေးခံရတာ၊ အရေးယူခံရတာတွေ ရှိလာမှာကို ဆရာ၊ ဆရာမတွေ စိုးရိမ်နေကြပါတယ်။
“လူရွေးခေါ်တာတဲ့၊ နိုင်ငံရေးနဲ့ဆိုင်တဲ့ အလုပ်တွေကတော့ မလုပ်ရလေကောင်းလေပဲ၊ ဘယ်သူမှလည်း မလုပ်ချင်ကြဘူး” လို့လည်း ဟင်္သာတမြို့နယ်ထဲက မူလတန်းပြကျောင်းဆရာမတဦးက DNA ကို ပြောပါတယ်။
စစ်ကောင်စီက အီလက်ထရောနစ် မဲပေးစက် အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်းကို ပြီးခဲ့တဲ့နှစ်အတွင်းက ပို့ချခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အဲဒီနည်းပြတွေကနေတဆင့် ဆင့်ပွားသင်တန်းပေးနေတာဖြစ်ပါတယ်။
ရေကြည်မြို့နယ်ထဲက ကျောင်းဆရာတဦးကတော့ သူတို့ဘက်မှာ အဲဒီလို သင်တန်းတက်ဖို့ ညွှန်ကြားလာတာမရှိသေးပေမယ့် တခြားမြို့နယ်တွေထဲက အသိ ဆရာ၊ ဆရာမတွေကို သင်တန်းတက်ရမယ့်အကြောင်း ညွှန်ကြားထားတာတွေ ရှိနေပြီလို့ DNA ကို ပြောပါတယ်။
“သူများဘက်တွေ ၂၄ ရက်နေ့ တက်ရမယ်ကြားတယ်၊ ဝါးခယ်မဘက်က လူတွေ(ဆရာ/မတွေ) တက်ရမှာ” လို့လည်း သူက ဆိုပါတယ်။
စစ်ကောင်စီဘက်ကတော့ ရွေးကောက်ပွဲကို အခုနှစ် နှစ်ကုန်ပိုင်းမဟုတ်ရင် လာမယ့်နှစ် အစောပိုင်းမှာ ပြုလုပ်မယ်လို့ ထုတ်ပြောထားပြီး ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတွေကို မှတ်ပုံတင်ခွင့်ပြုတာတွေလည်း ဆက်လုပ်နေပါတယ်။
ဧရာဝတီတိုင်းအတွင်းမှာတော့ ရှေ့လကစပြီး ရွေးကောက်ပွဲဝင်မယ့် ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီ၊ ဒေါက်တာ သက်သက်ခိုင် ဦးဆောင်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီတို့လို ပါတီတချို့က ပါတီရုံးခန်းဖွင့်တာ၊ စည်းရုံးရေးဆင်းတာတွေကို ဆက်တိုက်ပြုလုပ်လာနေပါတယ်။
နိုင်ငံအနှံ့ နယ်မြေတချို့ကို လက်လွှတ်ဆုံးရှုံးထားရတဲ့ စစ်ကောင်စီကတော့ ရွေးကောက်ပွဲကို သူတို့ထိန်းချုပ်ထားနိုင်တဲ့ ဒေသတွေမှာ ပြုလုပ်သွားမှာဖြစ်ပြီး မြို့နယ် ၂၆ မြို့နယ်ရှိတဲ့ ဧရာဝတီတိုင်းထဲမှာတော့ ပုသိမ်မြို့နယ်၊ ရေကြည်မြို့နယ်နဲ့ လေးမျက်နှာမြို့နယ်ထဲက ဒေသတချို့ကလွဲလို့ ကျန်တဲ့နယ်မြေအများစုကို စစ်ကောင်စီက ထိန်းချုပ်ထားနိုင်ဆဲဖြစ်ပါတယ်။