သင်ဖြူးဖျာနဲ့ သင်ပင်အခြေပြု ကုန်ထုတ်လုပ် လုပ်ငန်း ကြွမ်းကျင် လုပ်သား နဲ့ ကုန်ကြမ်းရှားပါးမှု အခက်ကြုံ

“နှစ်ယောက်လုပ်ရင် တနေ့ကျပ် တစ်သောင်းကျော်ရတယ်။ အချိန်ပေးရတယ် ဒါပေမယ့်အလုပ်က မလုပ်ရတဲ့ ရက်တွေရှိနေတော့  ပုံမှန်ဝင်ငွေ မရှိဘူး။  အဲတာကြောင့် သင်ဖြူးဖျာ ယက်တဲ့ အလုပ်ကို မလုပ်တော့ပဲ အထည်ချုပ်စက်ရုံတွေရှိတဲ့ ပုသိမ်မြို့တို့ ၊  ရန်ကုန်တို့မှာ ပုံမှန်ဝင်ငွေရတဲ့ အလုပ်ကိုလုပ်ကြတယ်” လို့ သင်ဖြူးဖျာယက်လုပ်ဖူးသူ အမျိုးသမီးတဦးက ပြောပါတယ်။

၁၄၊ဇူလိုင်လ။

ဧရာဝတီတိုင်း ပန်းတနော် နဲ့ မအူပင် မြို့နယ်တွေကနေ  အများဆုံးထုတ်လုပ်ပြီး တနိုင်ငံလုံးကို ဖြန့်ချိရောင်း ချနေတဲ့ သင်ဖြူးဖျာနဲ့ သင်ပင်အခြေပြု ကုန်ထုတ်လုပ်ငန်းမှာ ကျွမ်းကျင် လုပ်သားနဲ့ ကုန်ကြမ်း ရှားပါးတဲ့ အခက်အခဲ ကြုံတွေ့နေရပါတယ်။

“  ဒီလုပ်ငန်းက  မိသားစုဝင် နှစ်ယောက် အနည်းဆုံးလုပ်မှ   ဝမ်းဝရုံပဲရှိတယ် ခါး မလှဘူး၊ အခုက အရွယ်ရောက် ယောင်္ကျားလေးတွေက စစ်မှုမထမ်းချင်လို့  ဒေသကနေ အဝေးကို ထွက်ပြီး အလုပ်လုပ်တယ်။ မိန်းကလေးတွေကလည်း  ဒီအလုပ်ထက် ဝင်ငွေကောင်းတဲ့ အလုပ်တွေ ပြောင်းလုပ်ကုန်ကြတာ ဆို‌တော့ လုပ်သမားရှားလာတယ် ” လို့ သင်ဖြူးဖျာနဲ့ သင်ပင်အခြေပြု ပစ္စည်းအမျိုးမျိုး ထုတ်လုပ် ရောင်းချတဲ့ ပန်းတနော်မြို့ခံ လုပ်ငန်းရှင် တဦးက ပြောပါတယ်။

သင်ပင်စိုက်ခင်းတွေကို ဖျက်သိမ်းပြီး ကုမ္မဏီအချို့က ဈေးကွက်ဝင် သီးနှံတွေ စိုက်ပျိုးလာတာ၊ ငါးကန်တွေတူးပြီး ငါးမွေးမြူရေး လုပ်ငန်းတွေ လုပ်လာတာကြောင့် သင်ပင်စိုက်ခင်းတွေနည်းလာပြီး သင်ပင်ကုန်ကြမ်း ရရှိမှုက နည်းလာတဲ့အပြင် ရရှိတဲ့ လုပ်အားခက မိသားစုစားဝတ် နေရေးအတွက် မလုံလောက်တာကြောင့်  လုပ်ငန်းလုပ်ကိုင်သူနည်း လာတာပါ။

သင်ဖြူးဖျာ ယက်လုပ်ရာမှာ ကုန်ကြမ်းဖြစ်တဲ့ သင်ပင်နဲ့ လုပ်ငန်းလုပ်လိသူ ကျွမ်းကျင်လုပ်သားတွေ တနှစ်ထက် တနှစ်လျော့ ကျလာပြီး ကုန်ချောပစ္စည်းတွေ ထုတ်လုပ်မှု အရေအတွက်တွေ လျော့ကျလာသလို ကုန်ချောပစ္စည်းရဲ့ ရောင်းဈေးနှုန်းတွေကလည်းမြင့်တက် လာပါတယ်။

အရင်ကဆိုရင် သင်ဖြူးဖျာ လုပ်ငန်းဟာ မိရိုးဖလာ လုပ်ငန်းဖြစ်တဲ့အတွက် ဒေသတွင်းနေထိုင်တဲ့ အမျိုးသား ၊ အမျိုးသမီး အရွယ်ရောက်သူ အများစုက သင်ပင်နဲ့ ပတ်သက်တဲ့ လုပ်ငန်း ပညာကို တတ်ကျွမ်းကြတဲ့  အတွက် ကျွမ်းကျင်လုပ်သား မရှားဘူးလို့ သိရပါတယ်။

သင်ဖြူးဖျာ ယက်လုပ်တဲ့အခါ သင်ပင်ကိုခုတ်ပြီး သင်မခွဲ၊ သင်စိပ်ဖျာ၊သင်ငင်၊သင်ယက် စတဲ့ လုပ်ငန်းအဆင့်ဆင့်တွေ လုပ်ရတဲ့ လုပ်သား တဦးဟာ တနေ့ လုပ်အားခ ငါးထောင်ကျပ်ဝန်းကျင်ရရှိပြီး  သင်လွှာတွေကို  ဖျာဖြစ်အောင် ယက်ပြီး အနားကွပ်ချုပ်တဲ့ သူတွေကတော့ တနေ့ ကျပ်ခွန်နှစ်ထောင် ဝန်းကျင်ရ ပါတယ်။

“နှစ်ယောက်လုပ်ရင် တနေ့ကျပ် တစ်သောင်းကျော်ရတယ်။ အချိန်ပေးရတယ် ဒါပေမယ့်အလုပ်က မလုပ်ရတဲ့ ရက်တွေရှိနေတော့  ပုံမှန်ဝင်ငွေ မရှိဘူး။  အဲတာကြောင့် သင်ဖြူးဖျာ ယက်တဲ့ အလုပ်ကို မလုပ်တော့ပဲ အထည်ချုပ်စက်ရုံတွေရှိတဲ့ ပုသိမ်မြို့တို့ ၊  ရန်ကုန်တို့မှာ ပုံမှန်ဝင်ငွေရတဲ့ အလုပ်ကိုလုပ်ကြတယ်” လို့ သင်ဖြူးဖျာယက်လုပ်ဖူးသူ အမျိုးသမီးတဦးက ပြောပါတယ်။

သင်ပင်အခြေပြုပြီး ထုတ်လုပ်တဲ့ သင်ဖြူးဖျာအပြင် ဖိနပ်၊ ဦးထုပ်၊ လက်ကိုင်အိတ်၊ ဟမ်းဖုန်းထည့်တဲ့အိတ်  စတဲ့ အသုံးအဆောင် လက်ဆောင် ပစ္စည်းအမျိုးမျိုးကို ပန်းတနော်မြို့ အပြင် ဟင်္သာတ ၊ညောင်တုန်း၊ မအူပင်မြို့ တွေကလည်း ထုတ်လုပ်ဖြန့်ဖြူး ရောင်းချကြပေမယ့် ပန်းတနော်မြို့နယ် အတွင်းမှာရှိတဲ့  သင်ပင်စိုက်ခင်းတွေက ထွက်တဲ့ကုန်ကြမ်းကို အားထား ထုတ်လုပ်ရတာလို့ သိရပါတယ်။

ကုန်ကြမ်း နဲ့ ကျွမ်းကျင် လုပ်သားရှားပါးလာတဲ့ စိန်ခေါ်မှုတွေ ရှိနေပေမယ့် ကုန်ချောတွေဖြစ်တဲ့ သင်ဖြူးဖျာ နဲ့ သင်ပင်အခြေပြု အသုံးအဆောင် လက်ဆောင် ပစ္စည်းအမျိုးမျိုး ရောင်းချတဲ့ ဆိုင်တွေက ပုသိမ်- ရန်ကုန် ကားလမ်းမကြီးနဘေး ပန်းတနော်မြို့မှာ အများဆုံးရှိနေပြီး ရန်ကုန် နဲ့ အထက်အညာဒေသက ဒိုင်ကြီးတွေက ဝယ်ယူရောင်းချကြတာကြောင့် တနိုင်ငံလုံးက ဝယ်ယူသုံးစွဲနေဆဲ ဖြစ်ပါတယ်။