ပုသိမ်မြို့မှာ အမဲသားကို သတ်မှတ်ဈေးထက် ပိုရောင်းနေ

“ရပ်ကွက် ဈေးငယ်လေး တွေမှာတင် ဈေးတင်ရောင်းနေတာ မဟုတ်ဘူး မြို့မဈေးကြီးက အမဲသားရောင်းတဲ့ ဒိုင်ကြီးမှာ တပိသာ တသောင်း သုံးထောင် ဈေးနှုန်း စာကပ်ထားပြီး ဈေးတင်ရောင်းနေတာ ဈေးခေါင်းရုံးကို တိုင်ပေမယ့် အရေးယူမပေးဘူး အလေးချိန်မပြည့်တာလည်း အရေးမယူဘူး“ လို့ အိမ်ရှင်မတဦးက ပြောပါတယ်။

ဇူလိုင်၊၁၃။

ဧရာဝတီတိုင်း ပုသိမ်မြို့က ဈေးတွေမှာ အမဲသားကို စည်ပင်သာယာ အဖွဲ့ သတ်မှတ်ဈေးထက် ပိုရောင်းနေလို့ သက်ဆိုင်ရာကို တိုင်ကြားပေမယ့် ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ပေးတာ မရှိဘူးလို့ စားသုံးသူတွေက ပြောပါတယ်။

စည်ပင်သာယာရေး အဖွဲ့ က သားသတ် လုပ်ငန်းရှင်များကို လိုင်စင်စီ လေလံချပေးစဉ်က သတ်မှတ်ဈေး ဖြစ်တဲ့  တပိသာ တသောင်းသုံးထောင်ကျပ် ဈေးနဲ့ ရောင်းချမပေးပဲ တပိသာ အနိမ့်ဆုံးဈေး ၂၀၀၀၀ ကျပ် ဈေးနဲ့  ရောင်းချနေကြတာပါ။

“ရပ်ကွက် ဈေးငယ်လေး တွေမှာတင် ဈေးတင်ရောင်းနေတာ မဟုတ်ဘူး မြို့မဈေးကြီးက အမဲသားရောင်းတဲ့ ဒိုင်ကြီးမှာ တပိသာ တသောင်း သုံးထောင် ဈေးနှုန်း စာကပ်ထားပြီး ဈေးတင်ရောင်းနေတာ ဈေးခေါင်းရုံးကို တိုင်ပေမယ့် အရေးယူမပေးဘူး အလေးချိန်မပြည့်တာလည်း အရေးမယူဘူး“ လို့ အိမ်ရှင်မတဦးက ပြောပါတယ်။

စည်ပင်သာယာရေး အဖွဲ့ရဲ့ ဈေးကြီးကြပ်ရေးရုံးဖြစ်တဲ့ ဈေးခေါင်းရုံးက တာဝန်ရှိသူဆီမှာ တိုင်ကြားပေမယ့် ဈေးနှုန်းပြန်ချ ရောင်းပေးခြင်း မရှိတဲ့ အတွက် ဈေးနဲ့အနီးဆုံးဖြစ်တဲ့ ရပ်ကွက် အုပ်ချုပ်ရေး ရုံးကို ဆက်လက် တိုင် ကြားတာမှာလည်း အရေးယူဆောင်ပေးတာ မရှိဘူးလို့ သိရပါတယ်။

စားသုံးသူတွေရဲ့ တိုင်ကြားချက်အရ လိုင်စင်စီ သတ်မှတ်ဈေးနဲ့ ရောင်းချခြင်း မပြုတဲ့ သူတွေကို တရားရုံးစွဲ အရေးယူ ထားကြောင်း ၊ အချိန်အတွယ် မပြည့်မှုများကိုလည်း တိုင်ကြားလာပါ က ဈေးခေါင်းရုံးက  ညှိနှိုင်းဆောင်ရွက် ဖြေရှင်းပေးတဲ့အပြင် အချိန်အတွယ် မမှန်မကန် ရောင်းချသူကိုလည်း အရေးယူတာတွေ ရှိတယ်လို့ စည်ပင်သာယာအဖွဲ့ ဈေးများဌာနက တာဝန်ရှိသူ တဦးပြောပါတယ်။

“တိုင်ကြားလာတဲ့သူရှိတာနဲ့ ချက်ခြင်းကွင်းဆင်းဆောင်ရွက် အရေးယူတာတွေ ရှိပါတယ် ၊အရေးယူတဲ့ မှတ်တမ်း မှတ်ရာတွေ ဌာနမှာရှိပါတယ်” လို့ သူကဆက်ပြောပါတယ်။

စည်ပင်သာယာရေး အဖွဲ့အနေနဲ့ တိုင်ကြားမှုတွေကို အရေးယူ ဆောင်ရွက်ပေးတယ် ဆိုပေမယ့် ပုသိမ်မြို့ရှိ ဈေးတွေက အမဲသားဈေးနှုန်း ကတော့ တစ်ပိသာ ကျပ်နှစ်သောင်း ဝန်းကျင်နဲ့ ရောင်းချနေဆဲ ဖြစ်ပြီး အလေး ချိန် မမှန်ကန်မှုတွေ ကလည်း ရှိနေဆဲပါ။

ပုသိမ်မြို့မှာ အမဲသား၊ ငါး၊ ဟင်းသီးဟင်းရွက် စတဲ့ စားသောက် ကုန်တွေကို ဈေးရုံတွေနဲ့ ရောင်းချနေတဲ့ တပ်နယ်၊ စည်ပင်သာယာဈေး အပါအဝင် စည်ပင်သာယာရေးအဖွဲ့က ဖွင့်လှစ်ထားတဲ့ ဈေးပေါင်း ၁၄ ဈေးရှိပြီး စည်ပင်သာယာရေး အဖွဲ့ကို ဈေးကောက်ပေးပြီး ရောင်းချနေတဲ့ လမ်းဘေးဗျတ်ထိုး ပျံကျဈေးပေါင်း  ၁၀ ဈေးကျော် ရှိပါတယ်။

၂၀၁၂ ခုနှစ်က အမဲသား ဈေးနှုန်းကို စည်ပင်သာယာရေး အဖွဲ့ရဲ့ သတ်မှတ်ဈေးနှုန်း နဲ့ မရောင်းပဲ ဈေးတင်ရောင်း တာကြောင့် ပုသိမ်မြို့ခံ စားသုံးသူတွေ စုပေါင်းပြီး ပုသိမ်မြို့ ကမ်း နားလမ်းရှိ ဧရာဝတီတိုင်း စည်ပင်သာယာရေး ရုံးရှေ့မှာ အမဲသားဈေးနှုန်း လျော့ချပေးဖို့ ဆိုင်းဘုတ်တွေ ကိုင်ပြီး ရပ်လျှက် ဆန္ဒဖေါ်ထုတ်ခဲ့ ဘူးပါတယ်။