“ အခုတော့ နန်းဝင်းအောင်(စခန်းမှူး)ကတော့ အရင်လို ပေါ်ပေါ်တင်တင်တွေတော့ မလုပ်တော့ဘူး။ တိုးတိုးတိတ်တိတ်လုပ်နေတာတွေတော့ ရှိတယ်။ စခန်းမှာ အင်အားလည်း တော်တော်နည်းနေတော့ တချို့စစ်ဆေးရေးတွေတော့ မလုပ်တော့ဘူး။ လောင်းကစားနဲ့ ပတ်သက်လို့တော့ ဖဲဝိုင်းတွေကတော့ ပေါ်ပေါ်တင်တင်ရှိနေတုန်းပဲ ” လို့ ဒေသခံ လူမှုကူညီရေး အသင်းတခုရဲ့ ခေါင်းဆောင်က ပြောပါတယ်။
၁၂၊ဇူလိုင်လ။
ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ နိဗ္ဗာန်ကျေးရွာ ရဲစခန်းက စခန်းမှူးနဲ့ နယ်ထိန်းတွေရဲ့ အကျင့်ပျက်ချစားမှုတွေ ကို ဒေသခံတွေက မကျေမနပ်ဖြစ်နေကြပြီး ဒေသတွင်းမီဒီယာတွေမှာ သတင်းပါလာပြီးတဲ့နောက် နယ်ထိန်းကို ရေဖြူဂိတ်ကို ပြောင်းရွေ့လိုက်တယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။
“ သတင်းပါလာပြီးတော့ မြို့နယ်ကလာစစ်တယ် စစ်ပြီးတော့ နယ်ထိန်း ကျော်ထက်အောင်ကို ရေဖြူဂိတ်ကို ပို့လိုက်တယ်။ အဲ့ဒီကိုက ခုချိန်မှာ ဘယ်သူမှမသွားချင်တဲ့နေရာဆိုတော့ စစ်ဆေးအပြစ်ပေးလိုက်တဲ့ သဘောပါပဲ။ စခန်းမှူးကတော့ ခုထိရှိနေသေးတယ် ” လို့ နိဗ္ဗာန်ရဲစခန်းနဲ့ နီးစပ်သူ တဦးက ပြောပါတယ်။
ရေဖြူဂိတ်ဟာ ဧရာဝတီတိုင်းထဲက တိုက်ပွဲတွေ ပြင်းထန်နေတဲ့ လေးမျက်နှာမြို့နယ်ထဲက ရေဖြူကျေးရွာမှာ ရှိနေတဲ့ ဂိတ်ဖြစ်ပြီး လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ နေရာတွေနဲ့ နီးကပ်တဲ့နေရာမှာ ရှိနေတဲ့ ဂိတ်တခုဖြစ်ပါတယ်။
နိဗ္ဗာန်ရဲစခန်းနဲ့ပတ်သက်တဲ့ အကြောင်းတွေ ဒေသတွင်းမီဒီယာတွေမှာ ပါလာပြီးတဲ့နောက် ရဲစခန်းမှာ တာဝန်ကျနေတဲ့ ရဲဝန်ထမ်းတချို့ကို လေးမျက်နှာမြို့နယ် မြို့မရဲစခန်းနဲ့ အိုင်သပြုရဲစခန်းတွေကို ပြောင်းရွေ့လိုက်တာတွေလည်း ရှိတယ်လို့ သိရပါတယ်။
“ အခုတော့ နန်းဝင်းအောင်(စခန်းမှူး)ကတော့ အရင်လို ပေါ်ပေါ်တင်တင်တွေတော့ မလုပ်တော့ဘူး။ တိုးတိုးတိတ်တိတ်လုပ်နေတာတွေတော့ ရှိတယ်။ စခန်းမှာ အင်အားလည်း တော်တော်နည်းနေတော့ တချို့စစ်ဆေးရေးတွေတော့ မလုပ်တော့ဘူး။ လောင်းကစားနဲ့ ပတ်သက်လို့တော့ ဖဲဝိုင်းတွေကတော့ ပေါ်ပေါ်တင်တင်ရှိနေတုန်းပဲ ” လို့ ဒေသခံ လူမှုကူညီရေး အသင်းတခုရဲ့ ခေါင်းဆောင်က ပြောပါတယ်။
နိဗ္ဗာန်ရဲစခန်းက စခန်းမှူးနဲ့ အဖွဲ့ဝင်တွေဟာ လောင်းကစားဝိုင်းတွေကို ပေါ်ပေါ်ထင်ထင် လုပ်ဆောင်ခွင့်ပေးနေပြီး စစ်ရှောင်တွေနဲ့ ဒေသခံတွေကို မတရားသဖြင့် ဖိနှိပ်မှုတွေကြောင့် ဒေသခံတွေက မကျေနပ်မှုတွေ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။