ပုသိမ်မြို့က ရဲဝန်ထမ်းသက်သာ လူနေဆိုင်ခန်းတွေ စာချုပ်ပြည့်လို့ ဖျက်သိမ်းပြီ

“ဘာနစ်နာကြေးမှ မရဘူး။ အမြန်ဆုံးရွေ့ပြောင်းပေး ဆိုပြီး စာလာကပ်တယ်။  ၃ ရက် အတွင်း သယ်လို့ရတဲ့ ပရိဘောတွေ သယ်ပြီးပြောင်းပေးရတယ်။ လူနေဆိုင်ခန်းတွေကိုတော့ ထားခဲ့လိုက်ရတယ်။ လက်ရှိ အခြေအနေ ကတော့ အလုပ်အကိုင်တွေ ပျက်ကုန်ကြတာပေါ့” လို့ ဆိုင်ခန်းပိုင်ရှင်တဦးက ပြောပါတယ်။

ဇူလိုင်၊၁၂။

ဧရာဝတီတိုင်း ရဲတပ်ဖွဲက မြေယာအငှားချထားတဲ့ ပုသိမ်မြို့မ ရဲစခန်း၊ ဧရာဝတီတိုင်း ရဲတပ်ဖွဲရုံး အနီးရှိ ရဲဝန်ထမ်းသက်သာ လူနေဆိုင်ခန်းတွေ နေရာကို  မြန်မာနိုင်ငံရဲ တပ်ဖွဲ့က မြေကိုပြန်လည် သိမ်းဆည်းပြီး လူနေ ဆိုင်ခန်းတွေကို ပြီးခဲ့တဲ့ ဇူလိုင်လ ၈ နေ့ ကဖျက်သိမ်းလိုက်ပါတယ်။

ဒါပေမယ့် ဖျက်သိမ်းခံရတဲ့ လူနေဆိုင်ခန်း ၁၁ ခန်းရဲ့ ကာလတန်ဘိုးနစ်နာမှုအတွက် ရဲတပ်ဖွဲ့က ပေးလျော်တာမျိုး မရှိဘူးလို့ ရဲသက်သာ လူနေဆိုင်ခန်း တွေကိုဝယ်ယူ ပိုင်ဆိုင်ထားသူတွေက ပြောပါတယ်။

“ဘာနစ်နာကြေးမှ မရဘူး။ အမြန်ဆုံးရွေ့ပြောင်းပေး ဆိုပြီး စာလာကပ်တယ်။  ၃ ရက် အတွင်း သယ်လို့ရတဲ့ ပရိဘောတွေ သယ်ပြီးပြောင်းပေးရတယ်။ လူနေဆိုင်ခန်းတွေကိုတော့ ထားခဲ့လိုက်ရတယ်။ လက်ရှိ အခြေအနေ ကတော့ အလုပ်အကိုင်တွေ ပျက်ကုန်ကြတာပေါ့” လို့ ဆိုင်ခန်းပိုင်ရှင်တဦးက ပြောပါတယ်။

အဲဒီ ရဲဝန်ထမ်းသက်သာ လူနေဆိုင်ခန်းတွေဟာ ကာလတန်ဘိုး ကျပ်သိန်း ၃၀၀ ဝန်းကျင်ရှိနေပြီး ပိုင်ဆိုင် နေထိုင်သူတွေက စတိုးဆိုင်၊ အပ်ချုပ်ဆိုင် ၊ ဆံပင်ညှပ်ဆိုင်၊ကွန်ပျူတာ စာစီစာရိုက်ဆိုင်၊ အလှပြင်ဆိုင် ၊စားသောက်ဆိုင်၊ အားကစားပစ္စည်း အရောင်းဆိုင် စသဖြင့် ဖွင့်လှစ်ခဲ့ကြတာပါ။

ဧရာဝတီတိုင်း ရဲတပ်ဖွဲ့ အနေနဲ့ အဲဒီ မြေနေရာကို  နှစ် ၃၀ အငှားသက်တန်း ပြည့်နေပြီဖြစ်လို့  ရဲစခန်း လုံခြုံရေး အတွက် လိုအပ်ချက်အရ မြေပြန်သိမ်းရတာလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

“မြေအငှား စာချုပ်အရ သက်တန်းပြည့်တယ် ဆက်မငှားဘူးဆိုပေမယ့် မြေပေါ်က အဆောက်အအုံတွေက ပျက်ဆီး ယိုယွင်းတာမျိုးတွေ မရှိတာကြောင့် နစ်နာကြေးမပေးပဲ အဆောက်အဦးတွေကို အဓမ္မ ဖျက် သိမ်းဖယ် ရှားတာက သဘာဝ မကျဘူး။ လူသားချင်း စာနာစိတ် ကင်းမဲ့လွန်း တယ်” လို့ တရားလွှတ် တော် ရှေ့နေတဦးက ကောက်ချက်ချပါတယ်။

ဧရာဝတီတိုင်း ရဲတပ်ဖွဲ့ က ဆောက်လုပ်ရေးကန်ထရိုက်တာ ၁ ဦးကနေတဆင့် နှစ် ၃၀ အငှား ကတိကဝတ် စာချုပ်နဲ့ မြေငှားချပေးပြီး ကန်ထရိုက်တာက အလျား ပေ ၃၀ ပေ အကျယ် ပေ၂၀ ရှိ အာစီ ၂ထပ်တိုက် လူနေ ဆိုင်ခန်း ၁၁ ခန်း ကို ၁၉၉၄ ခုနှစ် ဝန်းကျင်က ဆောက်လုပ်ရောင်းချခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းနောက်ပိုင်း ၅ နှစ်တာကာလ အတွင်း ပုသိမ်မြို့ရှိ ရေကြောင်း ၊ ရဲတပ်ဖွဲ့ နဲ့ ကျောခြင်းကပ် ရဲဝန်ထမ်း သက်သာ လူနေဆိုင်ခန်း တွေ ၊ခရိုင်ဉပဒေ ရုံးဝန်ထမ်းသက်သာ လူနေဆိုင်ခန်းတွေ နဲ့ စာတိုက်နဲ့ ကြေးနန်း ဆက်သွယ်ရေး ဝန်ထမ်းသက်သာ လူနေဆိုင်ခန်း တွေကို ဖျက်သိမ်းဖယ်ရှားခဲ့ပြီး ဖြစ်ပါတယ်။