“နောက်အနှစ် ၅၀ ရဲ့ဇာတ်လမ်းကို ဒီဒေသထဲကဒီနေရာမှာအကြီးအကျယ်ရေးမှာပါ” လို့ ဝန်ကြီးက အာဆီယံဝန်ကြီးတွေကို ပြောခဲ့ပြီး အင်ဒို – ပစိဖိတ်ဒေသဟာ အမေရိကန်နိုင်ငံခြားရေးမူဝါဒရဲ့ အချက်အချာဖြစ်တယ်လို့လည်း ညွှန်းဆိုခဲ့ပါတယ်။
၁၁ ၊ ဇူလိုင်
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုဟာ ရာထူးစယူကတည်းက ပထမဆုံးအာရှခရီးစဉ်အဖြစ် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကို ဇူလိုင်လ ၁၀ရက်နေ့က ရောက်ရှိခဲ့လာခဲ့ပါတယ်။
ဝါရှင်တန်ထိပ်တန်းသံတမန်ဖြစ်တဲ့ မာကိုရူဘီအိုဟာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး အဲ့ဒီအစည်းအဝေးကို ဩစတြေးလျ ၊ တရုတ် ၊ အီးယူ ၊ ဂျပန် ၊ ရုရှား နဲ့ တောင်ကိုရီးယားက တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံခြားရေးဝန်ကြီးရဲ့ အခုခရီးစဉ်ဟာ လက်ရှိထရမ့်အစိုးရအနေနဲ့ အဓိကအာရုံစိုက်နေတဲ့ အရှေ့အလယ်ပိုင်းနဲ့ ဥရောပ ပဋိပက္ခတွေကို ကျော်လွန်ပြီး အင်ဒို – ပစိဖိတ်ဒေသကို ပြန်လည်အာရုံစိုက်ဖို့ တစိတ်တပိုင်း ကြိုးပမ်းမှုလည်း ဖြစ်ပါတယ်။
“နောက်အနှစ် ၅၀ ရဲ့ဇာတ်လမ်းကို ဒီဒေသထဲကဒီနေရာမှာအကြီးအကျယ်ရေးမှာပါ” လို့ ဝန်ကြီးက အာဆီယံဝန်ကြီးတွေကို ပြောခဲ့ပြီး အင်ဒို – ပစိဖိတ်ဒေသဟာ အမေရိကန်နိုင်ငံခြားရေးမူဝါဒရဲ့ အချက်အချာဖြစ်တယ်လို့လည်း ညွှန်းဆိုခဲ့ပါတယ်။
ဒါပေမယ့် သမ္မတ ထရမ့်ရဲ့ ကမ္ဘာလုံးဆိုင်ရာ သွင်းကုန်အခွန်မဟာဗျူဟာမူဝါဒကြောင့် ဒီခရီးစဉ်အပေါ် သက်ရောက်မှု ရှိခဲ့ပါတယ်။
အဲ့ဒါဟာ အမေရိကန်က သြဂုတ်လ ၁ ရက်နေ့ကစပြီး မလေးရှားအပါအဝင် အာဆီယံအဖွဲ့ဝင် ၇ နိုင်ငံအပေါ် ချမှတ်လိုက်တဲ့ မြင့်မားတဲ့အခွန်နှုန်းတွေနဲ့အတူ အရှေ့မြောက်အာရှနိုင်ငံ မိတ်ဖက်တွေဖြစ်တဲ့ ဂျပန်နဲ့ တောင်ကိုရီးယားကိုပါ ထိခိုက်စေခဲ့တာ ဖြစ်ပါတယ်။
ဝန်ကြီး ရူဘီအိုကတော့ အမေရိကန်နဲ့ မဟာမိတ်တွေအကြား ဆက်ဆံရေးခိုင်မာစေဖို့ ကြိုးစားသွားမှာဖြစ်ပြီး အမေရိကန်ဟာ သူ့ရဲ့အဓိကပြိုင်ဘက် တရုတ်ထက် ပိုကောင်းတဲ့ မိတ်ဖက်ဖြစ်တယ်ဆိုတာကို ဖော်ပြသွားမှာ ဖြစ်တယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။
ပို့ကုန်အပေါ် မှီတည်နေတဲ့ အာဆီယံအင်အားစုဟာ ကမ္ဘာ့ပဉ္စမမြောက်အကြီးဆုံးစီးပွားရေးအစု ဖြစ်ပြီး မကြာသေးခင်က သမ္မတထရမ့်ရဲ့ အခွန်စည်းကြပ်မှုအရ မူလ ၄၆ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ လျော့ချနိုင်ခဲ့တာ ဗီယက်နမ်တနိုင်ငံတည်းသာ ရှိပါတယ်။
အာဆီယံ၊ တရုတ်၊ ဂျပန်နဲ့တောင်ကိုရီးယား တို့နဲ့ ဆွေးနွေးပွဲတခုမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က အာရှဒေသဟာ စမ်းသပ်ခံနေရပြီး အားပြင်းတဲ့မုန်တိုင်းနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောခဲ့ပါတယ်။
Ref – Reuters