“မြို့ပေါ်ကတော့ တနေရာပဲပြောစရာရှိတယ်။ဗောဓိကုန်းတာအခြေအနေက မနှစ်ကလည်း လှုပ်လှုပ်၊ ဒီနှစ်လည်း ရေများလာရင် စိတ်မချရဘူး” လို့လည်း သူက ပြောပါတယ်။
၈၊ ဇူလိုင်
ငဝန်မြစ်(ပုသိမ်မြစ်) ရေတိုးနေပြီး ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ် ငသိုင်းချောင်းမြို့ အနီးက တာပြင် ကျေးရွာတချို့မှာ မြစ်ရေကြီးနေပါတယ်။
“ငဝန်မြစ်ရေ တက်လာလို့ စစ်ရှောင်တွေနဲ့ တချို့စစ်ဘေးသင့်ရွာ အနီးအနားရွာတွေရဲ့ ရေကြီး၊ ရေမြုပ် ပြဿနာတွေရှိတယ်” လို့ ငါးသိုင်းချောင်းမြို့ခံတဦးက DNA ကို ပြောပါတယ်။
လက်ရှိမှာတော့ ငါးသိုင်းချောင်းမြို့ရဲ့ တဖက်ကမ်း ငဝန်မြစ်နံဘေးမှာရှိတဲ့ ဝါသလ၊ ချောင်းဝ၊ သောင်ကြီး၊ ရေလဲ၊ မကျီးလဟာစတဲ့ ကျေးရွာတွေမှာ ရေကြီးမှုဖြစ်ပေါ်နေတာဖြစ်ပြီး နေအိမ်တွေထဲအထိ ရေဝင်ရောက်နေတာတွေရှိတယ်လို့ ဆိုပါတယ်။
အဲဒီကျေးရွာတွေမှာတော့ အာရက္ခတပ်တော်(AA)နဲ့ စစ်ကောင်စီတပ်ကြား နှစ်ဖက်တိုက်ပွဲတွေကြောင့် လာရောက်တိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင်ပြည်သူတချို့ခိုလှုံနေပြီး အခုလို ရေကြီးမှုကြောင့် ကြုံတွေ့ရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်လို့ကတော့ ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။
ဒါ့အပြင် လာမယ့်ရက်တွေအတွင်း မိုးထပ်ရွာမယ်ဆိုရင်တော့ ငဝန်မြစ်ကမ်းနံဘေးက တခြားကျေးရွာတွေမှာပါ ရေကြီးရေလျှံမှုတွေ ဖြစ်လာနိုင်တယ်လို့ ငါးသိုင်းချောင်းမြို့ခံက ပြောပါတယ်။
“မြို့ပေါ်ကတော့ တနေရာပဲပြောစရာရှိတယ်။ဗောဓိကုန်းတာအခြေအနေက မနှစ်ကလည်း လှုပ်လှုပ်၊ ဒီနှစ်လည်း ရေများလာရင် စိတ်မချရဘူး” လို့လည်း သူက ပြောပါတယ်။
ဒီကနေ့ ဇူလိုင်လ ၇ ရက် ညနေပိုင်းအထိတော့ ငါးသိုင်းချောင်းဘက်မှာ ငဝန်မြစ်ရေရဲ့ ရေအမှတ်က ၁၁၄၁ စင်တီမီတာရှိနေပြီး နောက်သုံးရက်အတွင်းမှာတော့ စိုးရိမ်ရေအမှတ် ၁၁၆၀ စင်တီမီတာအထိ ရောက်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
ဒါပေမယ့် ဧရာဝတီတိုင်းအတွင်းမှာ လက်ရှိ ရေတက်နေတဲ့ ငဝန်မြစ်ကြောင်းတလျှောက်ဒေသတွေမှာ မိုးများများ ရွာသွန်းနိုင်ချေ မရှိတာကြောင့် ဒီရေကျရက်ဆိုရင် ရေပြန်ကျသွားနိုင်တယ်လို့ မိုးဇလပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။
မြန်မာနိုင်ငံ မိုးဇလဌာနက ဝန်ထမ်းတဦးကတော့ “အခုက ငဝန်မြစ်က ရေလျှံနေတယ်ဆိုတာက မိုးကြီးလွန်းလို့ဆိုတာမျိုး မဟုတ်ပဲ အပေါ်ရေဆင်းလာတာနဲ့ အောက်ရေတောင့်(ဒီရေတက်)တာကြောင့် ဖြစ် တာမို့ ရေကျရက်ဆို ပြန်ကျသွားမှာ ဖြစ်တယ်။ ပြီးတော့ လတ်တလောမှာလည်း မိုးများနိုင်ချေ မရှိတော့ ခုတက်နေတဲ့ရေဟာ ပြန်ကျလာဖို့ ရှိပါတယ် ” လို့ ရှင်းပြပါတယ်။