“မြေပြင်သတင်းအရတော့ ရခိုင်ကုန်းမှာ သဂြိုလ်တယ်လို့ သိရတယ်။ ရခိုင်ကုန်းက အင်္ဂပူ အပိုင်ထဲမှာ ၊ ကျတာတော့ အင်္ဂပူ အပိုင်ထဲမှာ မဟုတ်ဘူး ၊ လေးမျက်နှာမှာ ကျတဲ့သူတွေကို အင်္ဂပူအပိုင်ထဲမှာ လာသဂြိုလ်တာ”လို့ ပြောပါတယ်။
၈၊ဇူလိုင်လ။
ဧရာဝတီတိုင်း ၊ ဟင်္သာတခရိုင်၊လေးမျက်နှာမြို့နယ်အတွင်းက ပန်းတောကြီးကျေးရွာ အနီးဝန်းကျင် တဝိုက်မှာ ဒီတပတ်အတွင်း တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်တပ်ဘက်က အင်အားအများအပြား ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
“ညက ၁၂ ခွဲလောက်က စပြီး အသံတွေ ဆက်တိုက်ကြားနေရတယ်။ အကြီးသံတွေရော ၊ အသေးသံတွေပါ ကြားရတယ်၊ လယ်တံငယ်ဘက်လို့တော့ ထင်တယ်”လို့ လေးမျက်နှာ နဲ့ အင်္ဂပူမြို့နယ် အစပ်မှာ နေထိုင်သူ တဦးက DNA ကို ဒီနေ့ မနက်ပိုင်းမှာ ပြောပါတယ်။
ဇူလိုင်လဆန်းက စပြီး ပန်းတောကြီး ၊ ကျောက်စရစ်ကုန်း ၊မကျည်းပင်ကွင်း ၊ မကျည်းပင်ကွင်း အောင်ဘော်လမ်းဆုံ ၊ လယ်တံငယ် စတဲ့ အနီးဝန်းကျင်မှာ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေခဲ့တာပါ။
“၆ ရက်နေ့ညက တကက ၅ ကဗိုလ်ကြီး ကျော်မျိုးနိုင် စနိုက်ဘာထိပြီး ကျသွားတယ်။မကျည်းပင်ကွင်း မှာ ကျတာလို့တော့ ကြားတယ်။ ကျွန်တော်လည်း ခုမနက်မှ သိရတာ”လို့ ပန်းတောပေါက်ကျေးရွာကနေ ကွင်းကောက်မြို့မှာ ပြောင်းရွှေ့ စစ်ရှောင်နေသူတဦးက ပြောပါတယ်။အဲဒီသတင်းနဲ့ ပတ်သက်ပြီး အင်္ဂပူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူတဦးကလည်း DNA ကို အတည်ပြုပေးပါတယ်။
“မြေပြင်သတင်းအရတော့ ရခိုင်ကုန်းမှာ သဂြိုလ်တယ်လို့ သိရတယ်။ ရခိုင်ကုန်းက အင်္ဂပူ အပိုင်ထဲမှာ ၊ ကျတာတော့ အင်္ဂပူ အပိုင်ထဲမှာ မဟုတ်ဘူး ၊ လေးမျက်နှာမှာ ကျတဲ့သူတွေကို အင်္ဂပူအပိုင်ထဲမှာ လာသဂြိုလ်တာ”လို့ ပြောပါတယ်။
လေးမျက်နှာမြို့နယ်မှာ ပန်းတောကြီးဝန်းကျင်ကို အခြေပြုပြီး ဇူလိုင်လဆန်းအတွင်း တိုက်ပွဲတွေမှာ စစ်တပ်ဘက်က အင်အား တရာနီးပါး ကျဆုံးခဲ့တယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။
“တနေ့က လယ်တံငယ်ပွဲမှာ အလောင်း ခုနှစ်ဆယ်နဲ့ တရာကြားလောက်ရတယ်၊ကိုယ့်ဘက်က အကျအဆုံးမရှိ”လို့ တော်လှန်ရေးအင်အားစုမှာ ပါဝင်တဲ့ အမည်မဖေါ်လိုသူတဦးက DNA ကိုပြောပါတယ်။ လယ်တံငယ်ရွာက ပန်းတောကြီးကျေးရွာနဲ့ နှစ်မိုင်ကျော်သာ ကွာဝေးပြီး ပုသိမ်-မုံရွာ ကားလမ်းနဘေးမှာ ရှိပါတယ်။
“လယ်တံငယ်ချောင်းက ကျွန်တော်တို့ မိဘတွေနေတဲ့ ပန်းတောပေါက်နဲ့ ဆက်နေတော့ လူသေကောင် အပိုင်းအစတွေ မျောလာတာတွေ့လို့ အဲဒီချောင်းမှာ ငါးရှာတဲ့သူတွေက ပြောသံကြားတယ်”လို့ ကွင်းကောက်အနီးမှာ နေထိုင်သူတဦးကလည်း DNA ကို ပြောပါတယ်။
ဧရာဝတီတိုင်းအတွင်းမှာ ရေကြည်မြို့နယ်၊ လေးမျက်နှာမြို့နယ်၊ အင်္ဂပူမြို့နယ်တွေမှာ အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ရခိုင်ရိုးမအခြေပြု ကျေးရွာတွေနဲ့ ပုသိမ်-မုံရွာ ကားလမ်းတလျှောက် ကျေးရွာတွေကို စိုးမိုးထားနိုင်တာကို တွေ့ရပါတယ်။ဇူလိုင်လဆန်းပိုင်းမှာတော့ ရေကြည်မြို့နယ်ထဲက အမြောက်တပ် ၃၄၄ ကိုထိုးစစ်ဆင်နေတဲ့ တိုက်ပွဲတွေ အတန်ငယ် ငြိမ်သက်နေပြီး လေးမျက်နှာမြို့နယ် နဲ့ အင်္ဂပူမြို့နယ်အစပ်က ကျေးရွာတွေမှာ ထိတွေတိုက်ပွဲတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်ရက်ဆက် ဖြစ်ပေါ်နေပါတယ်။