ဇလွန်မြို့ နန်းတော်ကျွန်းရွာ နန္ဒာရုံဘုန်းကြီးကျောင်းမှာ ကျောင်းထိုင်နေရာလုရင်း အမှုအခင်းဖြစ်


“အမှုရှုံးသူက ကျောင်းပေါ်က ဆင်းမပေးရင် တိုင်းသာသနာရေးမှူးက ပုဒ်မ ၇/၁၁ ဖြင့် အရပ်ဖက်တရားရုံးမှာ တရားစွဲဆိုပါလိမ့်မည်”လို့ ဦးခေမာဓိပတိက သူ့ရဲ့ ဖေ့ဘုတ်အကောင့်မှာ ရေးသားထားပါတယ်။

၆၊ဇူလိုင်လ။

ဧရာဝတီတိုင်း၊ ဇလွန်မြို့နယ်၊ နန်းတော်ကျွန်းရွာ နန္ဒာရုံဘုန်းကြီးကျောင်းရဲ့ ကျောင်းထိုင်ဆရာတော် နေရာအတွက် နိုင်ငံတော် သံဃဝိနိစ္ဆယအဖွဲ့ ဆုံးဖြတ်ချက်နဲ့ နန်းတော်ကျွန်းကျေးရွာ ဒကာ၊ဒကာမတွေ အကြား သဘောထား ကွဲလွဲပြီး အငြင်းပွားမှု ဖြစ်နေပါတယ်။

“ဦးပညိန္ဒက ဘုန်းဘုန်းကြီး (ယခင်ကျောင်းထိုင်) ရှိကတည်းက အကျင့်ကောင်းတာ မဟုတ်ဘူး။ ပိုက်ဆံတွေခိုးတာတွေလည်း မိဖူးတယ်။ ဘုန်းဘုန်းကြီး နေမကောင်းတုန်းကလည်း အတူနေနေတာကို ဆေးသေချာမကုပေးဘူး။ အဲ့ဒါကြောင့် သူ့ကို ကျောင်းမထိုင်စေချင်တာ ” လို့ နန်းတော်ကျွန်းရွာ ဒေသခံ တဦးက ရှင်းပြပါတယ်။

နန္ဒာရုံဘုန်းကြီးကျောင်းရဲ့ မူလဆရာတော် ဦးပညာနန္ဒက သူပျံတော်မမူခင် တပည့်လည်း ဖြစ်တဲ့ ဦးခေမာဓိပတိ ဆိုတဲ့ နန္ဒာရုံကျောင်းထွက် ဇလွန်၊သဖန်းကုန်းရွာက ခေမာသီဝံကျောင်းဆရာတော် ဦးခေမာဓိပတိကို နန္ဒာရုံ ဘုန်းကြီးကျောင်းကို လွှဲအပ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလို လွှဲအပ်ခံထားရတဲ့ ဆရာတော်ဦးခေမာဓိပတိက မူလဆရာတော်ကြီး ပျံတော်မူသွားတဲ့အခါ နန္ဒာရုံဘုန်းကြီးကျောင်း ကျောင်းထိုင်ဆရာတော်အဖြစ် ဦးပညာနန္ဒ ရှိစဉ်ကတည်းက ကျောင်းမှာ အတူသတင်းသုံးခဲ့တဲ့ ဦးပညိန္ဒကို ကျောင်းထိုင်အဖြစ် အပ်နှင်းခဲ့တာကို နန်းတော်ကျွန်းရွာသားတွေက သဘောမတူပဲ စတင်အငြင်းပွားခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီနောက် နန်းတော်ကျွန်းရွာ ရပ်မိရပ်ဖတွေက ဇလွန်မြို့နယ် သံဃနာယကအဖွဲ့နဲ့ တိုင်ပင်ပြီး နန္ဒာရုံကျောင်းထိုင် ဆရာတော် အဖြစ် ဦးဝဏ္ဏသီရိဆိုတဲ့ ရဟန်းတပါးကို အပ်နှင်းခဲ့ပါတယ်။

ရွာက ဒကာ၊ဒကာမတွေ ရွေးချယ်တဲ့ ကျောင်းထိုင်ဆရာတော်နဲ့ မူလဆရာတော်ကြီး လွှဲအပ်ခဲ့တဲ့ တပည့် ဆရာတော်ဦးခေမာဓိပတိ ရွေးချယ်တဲ့ ကျောင်းထိုင်ဆရာတော် ကွဲလွဲပြီးနောက် ဦးခေမာဓိပတိက ဒီအမှု့ကို သံဃာ့ဝိနိစ္ဆယ အဆင့်ဆင့်ကို တိုင်ကြားခဲ့ပြီး နောက်ဆုံးမှာ ဆရာတော် ဦးခေမာဓိပတိ ရွေးချယ်ထားတဲ့ ဦးပညိန္ဒကို အနိုင်ပေးခဲ့ပါတယ်။

“အမှုရှုံးသူက ကျောင်းပေါ်က ဆင်းမပေးရင် တိုင်းသာသနာရေးမှူးက ပုဒ်မ ၇/၁၁ ဖြင့် အရပ်ဖက်တရားရုံးမှာ တရားစွဲဆိုပါလိမ့်မည်”လို့ ဦးခေမာဓိပတိက သူ့ရဲ့ဖေ့ဘုတ်အကောင့်မှာ ရေးသားထားပါတယ်။

တဖက်မှာလည်း ဒကာ၊ဒကာမတွေ ရွေးချယ်ထားတဲ့ ကျောင်းထိုင်ဆရာတော် ဦးဝဏ္ဏသီရိက နန္ဒာရုံဘုန်းတော်ကြီးကျောင်းကနေ ဖယ်မပေးပဲ ဆက်လက်သတင်းသုံးနေသလို ဆရာတော်ကြီး သက်တော်ထင်ရှား ရှိစဉ်ကတည်းက ကျောင်းမှာ သတင်းသုံးခဲ့တဲ့ ဦးပညိန္ဒ ခရီးသွားနေချိန်မှာ ရပ်ကျေးသံဃာတွေနဲ့ လူပုဂ္ဂိုလ်အချို့က ကျောင်းတိုက်ဝန်းအတွင်းမှာ ရှိတဲ့ ဆွေသားကျောင်းဆောင်ကို သော့ရိုက်ဖွင့်ပြီး ပစ္စည်းတွေ ဖျက်ဆီးတာ ၊ ပစ္စည်းတွေကို သယ်ထုတ်ပြီး လမ်းမပေါ်ချထားတာတွေလုပ်ခဲ့တယ်လို့ ဦးခေမာဓိပတိက သူ့ရဲ့ဖေ့ဘုတ်အကောင့်မှာ ရေးသားခဲ့ပါတယ်။

“ ကျွန်မတို့ကတော့ တကယ် ဘုန်းဘုန်းကြီးက ကျောင်းအပ်ခဲ့တယ်ဆိုရင်တောင် ဒီဘုန်းကြီးကို ရွာသားတွေက မကြိုက်ဘူးဆိုရင် အတင်းအကြပ် မလုပ်စေချင်ဘူးပေါ့။ ကျွန်မတို့ ကိုးကွယ်ရမယ့်ကျောင်းမို့ ကျွန်မတို့က ဆုံးဖြတ်တာကို လက်ခံသင့်တာပေါ့ ” လို့ ဒကာမတဦးက ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ ဦးခေမာဓိပတိ က “ မတရား အကြမ်းဖက်ပြီး အဓမ္မနည်းနဲ့ ကျောင်းလုထားတဲ့ကောင်ကို အများကြိုက် ဒီမိုကရေစီနည်းအရ တင်မြောက်ထားတာ ဆိုပါလား။ အများကြိုက်တိုင်းသာ တင်ထားရင် မဟနဆရာတော်ကြီးတွေ အိပ်ချိန် စားချိန်တောင်ရှိမှာ မဟုတ်ဘူး ကျောင်းလုပြဿနာတွေ ရှင်းနေရလို့ ” လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

DNA အနေနဲ့ အငြင်းပွားမှုပါ ပါဝင်နေတဲ့ ဦးခေမာဓိပတိကို ဖေ့ဘုတ် Messenger ကတဆင့် ဆက်သွယ်ထားပေမယ့် အကြောင်းတစုံတရာ ပြန်ကြားခြင်း မရှိသေးပါဘူး။

#ဘုန်းကြီးကျောင်း #ကျောင်းထိုင် #ဇလွန် #နန်းတော်ကျွန်းရွာ #ဧရာဝတီတိုင်း
#DeltaNewsAgency #DNA
Delta News Agency Telegram – https://shorturl.at/lxKMR
Delta News Agency YouTube – https://shorturl.at/ahBL2
Delta News Agency Website – https://shorturl.at/ozAIM
Delta News Agency Podcast – https://shorturl.at/epwzH