ဘိုကလေးက မိကျောင်းအကိုက်ခံရသူနှစ်ဦးရဲ့ ရုပ်အလောင်းတွေ ပြန်တွေ့ပြီ

“ဦးသန့်ဇော်ကို မနေ့က ပြန်တွေ့ တာ ၊ ဇော်ဇော်အောင်ကိုတော့ ဒီနေ့ (ဇူလိုင် ၅) နေ့လည် တနာရီလောက်က ပြန်တွေ့တယ်” လို့ ဒေသခံတဦးက DNA ကို ပြောပါတယ်။

၅၊ဇူလိုင်လ။

ဧရာဝတီတိုင်း ၊ ဘိုကလေးမြို့နယ် ၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု ၊ လှေလုံးကွဲကျေးရွာက မိကျောင်းဆွဲခံ ရသူ ၂ ယောက်ကို အခင်းဖြစ်ပွားတဲ့ တည်နေရာရဲ့ ၁၀ လံအကွာလောက်မှာ သေဆုံးလျက်ပြန်လည် တွေ့ရှိခဲ့ပါတယ်။

လှေလုံးကွဲရွာသား ဦးသန့်ဇော်ဦးဟာ ဇူလိုင်လ ၂ ရက်က မိကျောင်းဆွဲခံရတာဖြစ်ပြီး လှေလုံးကွဲရွာသား မောင်ဇော်ဇော်အောင် ကတော့ ဇူလိုင်လ ၃ ရက်က မိကျောင်းဆွဲခံရတာပါ။ “ဦးသန့်ဇော်ကို မနေ့က ပြန်တွေ့ တာ ၊ ဇော်ဇော်အောင်ကိုတော့ ဒီနေ့ (ဇူလိုင် ၅) နေ့လည် တနာရီလောက်က ပြန်တွေ့တယ်” လို့ ဒေသခံတဦးက DNA ကို ပြောပါတယ်။

မိကျောင်းဆွဲခံရလို့ သေဆုံးသွားတဲ့ ရုပ်အလောင်းတွေကိုတော့ ဘိုကလေးမြို့နယ် ၊ ကြိမ်ချောင်းကြီး တိုက်နယ်ဆေးရုံကိုပို့ပြီး လုပ်ထုံးလုပ်နည်းအတိုင်းဆောင်ရွက်နေတယ်လို့ သူကဆက်ပြောပါတယ်။ လှေလုံးကွဲ ရွာသူ ၊ ရွာသားတွေက နှစ်စဉ်မိကျောင်းဆွဲခံရလေ့ရှိပါတယ်။

ဇူလိုင် ၃ ရက်က မိကျောင်းဆွဲခံရလို့ သေဆုံးခဲ့ရတဲ့ မောင်ဇော်ဇော်အောင်ရဲ့ ဖခင်ဟာ ၂၀၂၃ ခုနှစ်က မိ ကျောင်းဆွဲခံရပါတယ်။ ၂၀၂၄ ခုနှစ်မှာတော့ မောင်ဇော်ဇော်အောင်ရဲ့ အကိုဖြစ်သူ ထပ်မံပြီး မိကျောင်းဆွဲခံ ရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“သူတို့က ဂဏန်းထောင်စားတဲ့ မိသားစုတွေ။ ဒီဒေသမှာက ဂဏန်းထောင်တဲ့လူရယ် ၊ ဘဝင်းပိတ်ပြီး ငါးပုဇွန်ရှာသူရယ်က မိကျောင်းအဆွဲခံရတာများတယ်။ မိကျောင်းအစာလာရှာချိန်နဲ့တိုးကြတာမျိုးပါ” လို့ သူက ပြောပါတယ်။

မိန်းမလှကျွန်း တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောနဲ့ ထိစပ်နေတဲ့ ဘိုကလေးမြို့နယ်ထဲမှာ မိကျောင်း အန္ဒရာယ် ရှိတာကြောင့် မြစ်ချောင်းတွေထဲမှာ ရေဆင်းမကူးဖို့ သက်ဆိုင်ရာဌာနတွေက သတိပေးဆိုင်းဘုတ်တွေ စိုက်ထူးထားပါတယ်။

ရေချို ၊ ရေငန်စပ်မှာနေထိုင်တဲ့ မိကျောင်းတွေဟာ ဇွန်လကနေ ဩဂုတ်လအထိ အသိုက်ဖွဲ့တာကိုလုပ် ဆောင်ပါတယ်။ ဒီလို အသိုက်ဖွဲ့တဲ့ကာလဟာ မိချောင်းအန္ဒရာယ်ကို အကြောက်ရဆုံးဖြစ်တယ်လို့ ဒေသ ခံက ပြောပါတယ်။ “ဂဏန်းထောင်တဲ့ လှေသေးသေးလေးတွေကို ဆွဲမှောက်ပစ်လိုက်တာမျိုးတွေတောင် ရှိဖူးတယ်” လို့ သူကဆက်ပြောပါတယ်။

မိန်းမလှကျွန်းကို အခြေပြုနေထိုင်တဲ့ မိကျောင်းကောင်ရေ ၂၆၀၀ ဝန်းကျင်ရှိမယ်လို့ ခန့်မှန်းထားကြပါ တယ်။ ဒါက ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ နေထိုင်ကျက်စားတဲ့ မိကျောင်းကောင်ရေ အားလုံးရဲ့ သုံးပုံ နှစ်ပုံပါ။ မိန်းမလှကျွန်းပတ်ဝန်းကျင်မှာ မိကျောင်းဖမ်းခြင်း ၊ မွေးမြူခြင်းနဲ့ သက်ဖြတ်ခြင်းကို ဥပဒေအ ရတားမြစ်ထားပါတယ်။