“တဖက်မှာလည်း စစ်မှုထမ်းဆင့်ခေါ်ခံရလို့ဆိုကာ နေအိမ်ထဲအထိ ဝင်ရောက်ဖမ်းဆီးပြီး စစ်တပ်ထဲ အတင်းပို့ခံရတာတွေလည်း ဆက်ရှိနေပါတယ်။”
၅၊ ဇူလိုင်။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့ပေါ်က ရပ်ကွက်တွေမှာ စစ်မှုထမ်းကြေးလို့ဆိုကာ စစ်မူထမ်းအပတ်စဥ်တိုင်း ငွေကြေးကောက်ခံတာတွေအပြင် စစ်မှုထမ်းဖို့စာရင်းပါတယ်ဆိုကာ ဖမ်းဆီးခံရပြီး စစ်တပ်ထဲ အတင်းပို့ခံရတာတွေပါ ဆက်ရှိနေတယ်လို့ သိရပါတယ်။
“အစ်မတို့ အမှတ် ၁ ရပ်ကွက်ဆို အကျယ်ကြီးမို့ သုံးသောင်းခြောက်သောင်းကနေ သိန်းချီကောက်တဲ့လူလဲရှိတယ်၊ တသောင်း ပဲ ကောက်တဲ့လူလဲရှိတယ်” လို့ ပုသိမ်မြို့ခံတဦးက DNA ကို ပြောပါတယ်။
အမှတ် ၁ ရပ်ကွက်မှာတော့ စစ်မှုထမ်းအတွက် ထည့်ဝင်ကြရမယ့် ငွေကြေးကို ရာအိမ်မှူးတွေက သူတို့အပိုင်းအလိုက် သတ်မှတ်ကြတာဖြစ်ပြီး ငွေကြေးထည့်ဝင်ထားတဲ့မိသားစုဝင်တွေအနေနဲ့ စစ်မှုထမ်းယာယီကင်းလွတ်ခွင့်ရမယ်လို့ ပြောထားတယ်လို့လည်း သိရပါတယ်။
ဒါ့ပေမယ့် တဖက်မှာလည်း စစ်မှုထမ်းဆင့်ခေါ်ခံရလို့ဆိုကာ နေအိမ်ထဲအထိ ဝင်ရောက်ဖမ်းဆီးပြီး စစ်တပ်ထဲ အတင်းပို့ခံရတာတွေလည်း ဆက်ရှိနေပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့ကပဲ မြို့နယ်အဆင့်ကနေ စစ်မှုထမ်း ဆင့်ခေါ်စာကျတယ်လို့ဆိုကာ တာကိုင်းရပ်ကွက်နေ ကိုလူနီကောင်(အရပ်ခေါ်) ကိုစစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက နေအိမ်ကနေ လာခေါ်သွားပြီး စစ်တပ်ထဲပို့လိုက်တယ်လို့ စစ်ကောင်စီတပ်ရဲ့ လှုပ်ရှားမှုတွေကို လေ့လာစောင့်ကြည့်နေတဲ့ သတင်းအထူးတပ်ဖွဲ့(ပုသိမ်)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အလားတူပဲ ဇွန်လ ၂ ရက်နေ့မှာလည်းအမှတ် ၆ ရပ်ကွက်နေ ကိုဟိန်းဝေဦးကို နေအိမ်တွင်ရှိနေစဉ် ရာအိမ်မှူးက ရပ်ကွက်အုပ်ချုပ်ရေးရုံးကို လိုက်ခဲ့ဖို့ ခေါ်ဆောင်ခဲ့ပြီးနောက် အဲကနေတဆင့် စစ်မှုထမ်းရမယ်လို့ဆိုကာ အနောက်တောင်တိုင်းစစ်ဌာနချုပ်(နတခ)ထဲကို ပို့လိုက်တယ်လို့လည်း ဆိုပါတယ်။
အခုလို အတင်းအဓမ္မခေါ်ဆောင်ပြီး စစ်မှုထမ်းအဖြစ်စုဆောင်းခံရသူနှစ်ဦးရဲ့ အသက်အပိုင်းအခြား၊ ဖြစ်စဥ်အသေးစိတ်နဲ့ နောက်ဆက်တွဲအခြေအနေတွေကိုတော့ DNA အနေနဲ့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
“စစ်မှုထမ်းအတွက်ဆိုပြီး အိမ်ထဲထိဝင်ခေါ်တာတွေတော့ အမြဲကြားနေရတာပဲ၊ ကိုယ့်ပတ်ဝန်းကျင်မှာတော့ ကြုံရတာမျိုးမရှိသေးဘူး” လို့လည်း ပုသိမ်ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီက ပြဌာန်းထားတဲ့ စစ်မှုထမ်းဥပဒေအရဆိုရင်တော့ စစ်မှုထမ်းဖို့အကျုံးဝင်တဲ့သူတွေကို ရပ်/ကျေးအဆင့်မှာ စာရင်းသွင်းတာ၊ မြို့နယ်အဆင့်ကနေ စစ်မှုထမ်းဖို့အကျုံးဝင်ကြောင်း မှတ်ပုံတင်ဖို့ဆင့်ခေါ်တာ၊ ဆေးစစ်တာ၊ နောက်ဆုံးအနေနဲ့ ဆေးအောင်တဲ့သူတွေထဲကမှ စစ်မှုထမ်းဖို့ထပ်မံဆင့်ခေါ်တာတွေကို အဆင့်ဆင့်လုပ်ရမှာပါ။
ဒါပေမယ့် လက်ရှိမှာတော့ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တွေကိုယ်တိုင်က ဥပဒေအတိုင်းအဆင့်ဆင့်မလုပ်ဘဲ ကြုံသလို အတင်းအဓမ္မဖမ်းဆီးပြီး စစ်မှုထမ်းဖို့ စုဆောင်းတာတွေကို နိုင်ငံအနှံ့ပြုလုပ်နေပါတယ်။
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ရဲ့ဥက္ကဋ္ဌလည်းဖြစ် စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးလည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီး မောင်မောင်အေးကတော့ စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေတွေအတိုင်း မလုပ်တဲ့သူတွေကိုအရေးယူမယ်လို့ ဇူလိုင်လ ၃ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့အစည်းအဝေးမှာ ပြောသွားပါတယ်။
အလားတူပဲ အရင်ကလည်း စစ်ကောင်စီထိပ်တန်းခေါင်းဆောင်တွေက အခုလိုအရေးယူမယ့်အကြောင်း ထုတ်ပြောဖူးပေမယ့် အောက်ခြေမှာတော့ သူတို့ထုတ်ထားတဲ့ ဥပဒေကို သူတို့ကိုယ်တိုင် ဖောက်ဖျက်နေဆဲဖြစ်ပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ်က စစ်မှုထမ်း အပတ်စဥ် ၁၄ အထိ သင်တန်းပေးနေပြီဖြစ်ပြီး အပတ်စဥ် ၁၅ အတွက်လည်း ငွေကြေးကောက်ခံတာ၊ လူသစ်စုဆောင်းတာတွေကို ဧရာဝတီတိုင်းအပါအဝင် နိုင်ငံတဝန်းပြုလုပ်နေပြီဖြစ်ပါတယ်။