ပြည်ခိုင်ဖြိုးရဲ့ရွေးကောက်ပွဲအကြိုလုပ်ငန်းတွေမှာရပ်ကျေးအုပ်ချုပ်ရေးမှူးတွေပါနေလို့မဲမထည့်မနေရအခြေအနေဖြစ်လာမှာကျိုက်လတ်ဒေသခံတွေစိုးရိမ်

“သူတို့က(ရပ်/ကျေးအုပ်ချုပ်ရေးမှူး) ဘယ်အိမ်မှာ ဘယ်သူရှိတယ် ဘယ်နှယောက်ရှိတယ်ဆိုတာတွေကို သိနေတဲ့သူတွေလေ။ ကျွန်တော်တို့ဆို ရွေးကောက်ပွဲလုပ်ဖြစ်လည်း မဲမထည့်ဘူးတွေးထားပေမယ့် သူတို့ပါနေတော့ မသွားရင် အငြိုးခံရမှာဖြစ်လာနိုင်တယ်လေ”လို့ ကျိုက်လတ်မြို့ပေါ်မှာ ကုန်စုံဆိုင်ဖွင့်ထားတဲ့ ဒေသခံ တဦးက DNA ကိုပြောပါတယ်။

ဇူလိုင်၊၅

ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်မှာ ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်တွေအတွက် ရပ်ကွက်နဲ့ကျေးရွာတွေက ပါတီဝင်တွေကို လိုက်တွေ့ဆုံရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေပါ ပါဝင်နေလို့ မဲမထည့်မနေရ အခြေအနေဖြစ်လာမှာကို  စိုးရိမ်နေကြတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဒီလိုဖြစ်ရတာဟာ ကျိုက်လတ်က ရပ်/ကျေး အုပ်ချုပ်ရေးမှူးအများစုဟာ နဂိုကတည်းက စစ်ကောင်စီနဲ့ နီးစပ်သူတွေဖြစ်ကြတာကြောင့် လို့ဆိုနိုင်ပေမယ့် ဒီအခြေအနေအတိုင်းသာ ရွေးကောက်ပွဲဖြစ်လာခဲ့ရင် မဲမထည့်မနေရဆိုတဲ့ အခြေအနေတွေ ဖြစ်လာမှာကို နယ်ခံတွေက စိုးရိမ်နေကြတာပါ။

!!!သူတို့က(ရပ်/ကျေးအုပ်ချုပ်ရေးမှူး) ဘယ်အိမ်မှာ ဘယ်သူရှိတယ် ဘယ်နှယောက်ရှိတယ်ဆိုတာတွေကို သိနေတဲ့သူတွေလေ။ ကျွန်တော်တို့ဆို ရွေးကောက်ပွဲလုပ်ဖြစ်လည်း မဲမထည့်ဘူးတွေးထားပေမယ့် သူတို့ပါနေတော့ မသွားရင် အငြိုးခံရမှာဖြစ်လာနိုင်တယ်လေ!!!!  လို့ ကျိုက်လတ်မြို့ပေါ်မှာ ကုန်စုံဆိုင်ဖွင့်ထားတဲ့ ဒေသခံ တဦးက DNA ကိုပြောပါတယ်။

လက်ရှိအချိန်မှာတော့ ပြည်ခိုင်ဖြိုးပါတီဝင်တွေဟာ  သစ်ပင်စိုက်တာ၊ လမ်းပြင်တာ၊ ခြုံရှင်းတာတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ပေါင်းလုပ်နေကြတာတွေ ရှိနေပေမယ့် ပြည်သူကိုတော့ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်လို့ ပြောဆိုတာမျိုးတွေ မရှိသေးဘူးလို့ သိရပါတယ်။

“အခုက ဘာမှမသေချာသေးတော့ ပါတီတွင်းလှုပ်ရှားမှုတွေပဲရှိနေတဲ့ သဘောပါ။ ရွေးကောက်ပွဲအတွက်က ကိုယ်စားလှယ်တွေကစလို့ ဘာမှမလုပ်ရသေးဘူး။ ပါတီတွင်းလှုပ်ရှားမှုတွေကတော့ ဒီနှစ်မှာ များလာတာတော့ အမှန်ပဲ”လို့ ဒေးဒရဲမြို့နယ်က ပြည်ခိုင်ဖြိုး ပါတီဝင်ဖြစ်သူက ရှင်းပြပါတယ်။

စစ်ကောင်စီဟာ လာမယ့် ဒီဇင်ဘာမှာ ရွေးကောက်ပွဲပြုလုပ်ဖို့ ကြိုးစားနေပြီး စစ်မူထမ်းဟောင်းအများစုနဲ့ဖွဲ့စည်းထားတဲ့ ပြည်ခိုင်ဖြိုးပါတီဟာလည်း သူတို့ခြေကုတ်ယူထားနိုင်ဆဲဖြစ်တဲ့ ဒေသတွေမှာ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တာတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

လက်ရှိမှာတော့ ဧရာဝတီတိုင်းထဲမှာ စစ်ရေးပြင်းထန်နေတဲ့ ဒေသတချို့ရှိလာနေပြီဖြစ်ပေမယ့် ပြည်ခိုင်ဖြိုးပါတီကတော့ စစ်ရေးလွတ်ကင်းနေသေးတဲ့နေရာတွေမှာ ပါတီစည်းရုံးရေး လုပ်ငန်းတွေ လုပ်ကိုင်နေတာပါ။